ဆီးအိမ်ကင်ဆာရောဂါအကြောင်း သိကောင်းစရာများ
ဆီးအိမ်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးကင်ဆာ ၁၀ မျိုးစာရင်းတွင် ပါဝင်သည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံရှိ The Urology Founda-tion (ခေါ်) ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းကြီးက ၂၀၁၅ ခုနှစ်ကစတင်၍ နှစ်တစ်နှစ်၏ နိုဝင်ဘာလကို (November Bladder Health Month)) အဖြစ် သတ်မှတ်ထားကာ ကမ္ဘာ့လူသားများ အားလုံး ဆီးအိမ်ကင်ဆာဖြင့် အသက်မဆုံးရှုံးစေရေး သတိပေး နှိုးဆော်လျက်ရှိသည်။
ဆီးအိမ်ကင်ဆာဆိုသည်မှာ ဆီးအိမ်အတွင်းဘက် နံရံကိုအုပ်ကာထားသည့် အမြှေးပါးဆဲလ်များ မူမမှန်ဘဲ များပြားစွာ ပွားထွက်ခြင်းကြောင့် အသားပိုဖြစ်လာခြင်း နှင့် အဆုံးတွင် ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ဆက်လက်၍ ကင်ဆာဆဲလ်များသည် ဆီးအိမ်၏ နက်ရှိုင်းသော တခြားအတွင်းပိုင်းအလွှာများ ဆီသို့လည်းကောင်း၊ တခြားကိုယ်အင်္ဂါအစိတ်အပိုင်း များဖြစ်ကြသော ပြန်ရည်ကျိတ်၊ အရိုး၊ အဆုတ်၊ အသည်းတို့ရှိ တစ်သျှူးကလာပ်ဆဲလ်များ ဆီသို့လည်း ကောင်း ပျံ့နှံ့ရောက်ရှိ သွားနိုင်သည်။
ဆီးအိမ်ကင်ဆာ၏ ၉၅ ရာခိုင်နှုန်းမှာ ဆီးအိမ် အတွင်းနံရံ တစ်သျှူးများထဲရှိ ဆဲလ်များမှ ကင်ဆာဖြစ် လေ့ရှိပြီး ကျန် ၅ ရာခိုင်နှုန်းသည် ဆီးအိမ်၏ အတွင်းအပြင် နာကျင်ရောင်ကိုင်းခြင်းမှ အစပျိုးခြင်းဖြစ် သည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ နှစ်စဉ်ခန့်မှန်းခြေ လူဦးရေ ၅၅၀၀၀၀ ခန့် ဆီးအိမ်ကင်ဆာ ဖြစ်နေကြသည်။ ဆီးအိမ်ကင်ဆာသည် မည်သည့် အသက်အရွယ်မဆိုဖြစ်ပွားနိုင်ပြီး အသက်အရွယ်ကြီး ရင့်သူများတွင် ပိုအဖြစ်များသည်။ မျိုးရိုးဗီဇအရ အမျိုးသားများသည် အမျိုးသမီးများထက် ဆီးအိမ်ကင်ဆာ ဖြစ်ပွားနှုန်း သုံးဆမျှပိုနေပြီး ကမ္ဘာပေါ်တွင် လူဖြူများ သည် လူမည်းများထက် ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာသိရှိရသည်။
ဆီးအိမ်ကင်ဆာလက္ခဏာများ
ဆီးအိမ်ကင်ဆာ၏ အဖြစ်အများဆုံး လက္ခဏာ တစ်ခုမှာ ရုတ်တရက် ဆီးထဲသွေးပါခြင်းဖြစ်သည်။ ယင်းကို ဆေးသိပ္ပံနည်းအရ Haematuria ဟုခေါ် သည်။ ဆီးထဲသွေးပါရာ၌ နာကျင်မှုထွေထွေထူးထူး မခံစားရသဖြင့် ဝေဒနာရှင်အများစုက ခပ်ပေါ့ပေါ့ တွေးတတ်ကြသည်။ အမှန်စင်စစ် ဆီးအိမ်ကင်ဆာ၏ သဘောသဘာဝသည် စဦးပိုင်းတွင် ထင်သာမြင်သာ မပြတတ်ဘဲ ကင်ဆာအဆင့်တက်လာမှ သိလာရသည်။ စဦးပိုင်းတွင် ကြပ်ကြပ်မတ်မတ် ကုသနိုင်ပါက ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် ဆီးထဲသွေးပါလျှင် ဆရာဝန်နှင့်ပြသရ မည်။
ထို့ပြင် ဆီးသွားစဉ် နာကျင်ကိုက်ခဲခြင်း၊ မကြာခဏ ဆီးသွားခြင်း သို့မဟုတ် ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားရန်ခက်ခဲခြင်း၊ ဆီးသွားချိန် ဆီးစပ်အောင့်ခြင်း၊ ဗိုက် အောင့်ခြင်း၊ ခါးနာခြင်း၊ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းစသည်တို့ကလည်း ဆီးအိမ်ကင်ဆာလက္ခဏာများဖြစ်သည်။ ကင်ဆာဆဲလ်များ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းသို့ ပျံ့နှံ့သွားသောအခါ တွေ့ရနိုင်သည့် လက္ခဏာများမှာ ဥပမာ-ကျောအောက်ဖက်ပိုင်း ကိုက်ခဲခြင်း၊ အရိုးကိုက်ခဲနာကျင်ခြင်း၊ ပြန်ရည်ကျိတ် ရောင်ရမ်းပြီး အကျိတ်ကို စမ်းမိခြင်း၊ ကြီးယောင်နေ သည့် ပြန်ရည်ကျိတ် အလုံးကိုစမ်းမိနိုင်ခြင်း၊ ခြေထောက် ဖောရောင်ခြင်း၊ အားနည်းဖျော့တော့ခြင်း၊ အစာစား လိုစိတ်ကင်းမဲ့ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းသွား ခြင်းတို့ဖြစ်သည်။
ဆီးအိမ်ကင်ဆာကုသနည်း
ဆီးအိမ်ကင်ဆာကို အဆင့်(၄)ဆင့် သတ်မှတ်ထားပြီး အစောပိုင်းအဆင့်ကို TA ၊ ဆီးအိမ်ကြွက်သား အတွင်းနံရံတစ်ခုလုံး ပျံ့နှံ့ခြင်းကို အဆင့်(၂)၊ အပြင် ကြွက်သား တစ်သျှူးများအထိပျံ့နှံ့ခြင်းကို အဆင့်(၃)၊ ခန္ဓာကိုယ်တွင်း တခြားအစိတ်အပိုင်းများနှင့် အရိုးထိ ပျံ့နှံ့ခြင်းကို အဆင့်(၄) ဟုခေါ်သည်။ ရောဂါအတိမ် အနက်ပေါ် မူတည်၍ Chemotherapy ခေါ် ကင်ဆာ ဆဲလ်များသေစေရန် ဆေးသွင်းကုသနည်း၊ tele-scope ဖြင့် ကုသနည်း၊ ဆီးအိမ်တစ်စိတ်တစ်ဒေသ ကိုဖယ်ရှား၍ သို့မဟုတ် ဆီးအိမ်တစ်ခုလုံးကို ဖယ်ရှား၍ခွဲစိတ်ကုသနည်း၊ Radiation Therapy ခေါ် ဓာတ်ရောင်ခြည်ဖြင့် ကုသနည်း စသည်တို့ဖြင့် ကုသ မှုခံယူရမည်။
အထူးသတိပြုရမည့်အချက်မှာ ကုသပြီးနောက် ရောဂါပြန်လည် ဖြစ်ပွားနိုင်သည့် အလားအလာများသော ကင်ဆာအမျိုးအစားဖြစ်သဖြင့် လူနာသည် ရောဂါဖြစ်စေနိုင်သည့် အကြောင်းရင်းများကို ကြိုးစား ရှောင်ရှား၍ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်နေထိုင် သွားရန် လိုအပ်သည်။ ဆရာဝန်ညွှန်ကြားချက် အချိန် ကာလအရ သို့မဟုတ် သုံးလတစ်ကြိမ် ဖန်ပြွန်မှန်ပြောင်းသွင်း၍ ဆီးအိမ်ကြည့်ရှု စစ်ဆေးခြင်းကို ခံယူသင့်သည်။
ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေများသူများ
ဆီးအိမ်ကင်ဆာကို အများအားဖြင့် အသက် ၄၀ နှင့်အထက်ရှိသူများ၌ တွေ့ရတတ်သော်လည်း ယနေ့ ခေတ်ကာလ၌ ပိုမိုငယ်ရွယ်သူများ၌လည်း တွေ့ လာရသည်။ အမျိုးသမီးများထက် အမျိုးသားများ၌ ပို၍ အတွေ့ရများသည်။ ကိုယ်တိုင်ဆေးလိပ် သောက်ခြင်းနှင့် ဆေးလိပ်သောက်သူနှင့် အနေနီးစပ် သူ သို့မဟုတ် တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့ ရှူရှိုက် မိသူများ၊ အသားအကြွပ်ကြော်များနှင့် တိရိစ္ဆာန် ဆီများ စားသုံးလေ့ရှိသူများ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အထူးသဖြင့် တိုးတက် ပြီးနိုင်ငံများ၌ တွေ့ရသော Schistosoma hae-matobium ခေါ် ကပ်ပါးပိုးပြဿနာ၊ ဆီးကျောက် တည်သူများ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် ဆီး ရောဂါသည်များ၊ Catheters ခေါ် ဆီးပိုက်သွင်းထား ရသော ဝေဒနာရှင်များ၊ မွေးရာပါဆီးအိမ်ရောဂါရှိသူများ၊ ဓာတုဓာတ်ပေါင်းဖြစ်သော စိန်ဓာတ်ပါသည့် အဆိပ်ရနံ့များဖြစ်ကြသည့် ရော်ဘာ၊ ချည်ရက်ထည်၊ ဆိုးဆေး၊ ပလတ်စတစ်၊ သုတ်ဆေးအမျိုးမျိုး၊ လယ်သာပေါလစ် စသည်တို့နှင့် နေ့စဉ်ကိုင်တွယ်လုပ်ကိုင်ရ သူများနှင့် ယင်းရနံ့များကို ရှူရှိုက်လေ့ရှိသူများ၊ မကြာခဏ ဆီးအိမ်ရောင်ရမ်းလေ့ရှိသူများ၊ သားအိမ်လည်တိုင် ရောဂါများအတွက် မကြာခဏဓာတ်ရောင်ခြည်ပစ် ကုသခံနေရသူ အမျိုးသမီးများ၊ သုက်ရည်ဂလင်း(ဆီး ကျိတ်) ကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုသခံ အမျိုးသားများနှင့် Chemotherapy Drugs ခေါ် ကင်ဆာရောဂါ ဓာတုဆေးဝါးဖြင့် ကုသခံလူနာများ၊ ဆီးအိမ်အတွင်း ကျောက်တည်နေမှုနှင့် ဆီးပိုက်တပ်ဆင် ထားရသူများ၊ မျိုးရိုးဗီဇဆိုင်ရာ မူမမှန်မှုများ သို့မဟုတ် မိသားစုဝင်အတွင်း ဆီးအိမ်ကင်ဆာဖြစ်ပွားမှု ရာဇဝင်ရှိထားသူများ စသည်တို့၌ ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေရှိ၍ သတိထားသင့်ပါသည်။
တခြားကင်ဆာရောဂါများနှင့် နှိုင်းယှဉ်ပါက ဆီးအိမ်ကင်ဆာသည် အစောပိုင်းအဆင့်တွင် ကုသရန် လွယ်ကူပြီး ပျောက်ကင်းသွားသော အတွေ့အကြုံများ လည်းရှိသကဲ့သို့ ရောဂါဆက်လက် မပြန့်ပွားတော့သည့် လူနာများ၏ ၉၀ ရာခိုင်နှုန်းသည် နောက်ထပ် အနည်းဆုံး ငါးနှစ်ကျော်မျှ ဆက်လက် အသက်ရှင် နေထိုင်နိုင်ပါသည်။ သို့သော် အမြစ်မပြတ်ဘဲ ရောဂါပြန်ပေါ်တတ်ကြရာ မပေါ့မလျော့ဘဲ ပုံမှန်ဆေးစစ်ခံရန် လိုအပ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဆီးအိမ်ကင်ဆာဖြစ်ပွားသူ ဦးရေ၏ ထက်ဝက်ခန့်သည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်၍ အင်္ဂလန်နိုင်ငံရှိ The National Health Service (NHS) မှ ဆီးအိမ်ကင်ဆာအစ ဆေးလိပ် သောက်ခြင်းကဟု သတိပေးဖော်ပြထားသည့် အတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဖြစ်စေတတ်သော ဆေးလိပ်သောက်သုံးခြင်းမှ အထူးရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။