မန္တလေးမြို့ကို ဗဟိုပြု၍ ပင်းယ-အင်းဝ-အမရပူရ မြို့များဆီသို့

 

မန္တလေးမြို့ကို ဗဟိုပြု၍ ပင်းယ-အင်းဝ-အမရပူရ မြို့များဆီသို့

မန္တလေးမြို့ကို  အောင်ကျော်ချမ်းအေး    မန္တလေး ဟူသော တဘောင်စကားဖြင့် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် (၁၈၅၉ ခုနှစ်) တွင်  မင်းတုန်းမင်းတရားကြီးက တည်ခဲ့သည်။ မြို့ကြီးအတွင်း နန်းမြို့ကိုလည်း ၁ မိုင် ၂ ဖာလုံ ပတ်လည်စတုရန်းပုံဖြင့် ကျုံးပတ်လည်ကာရံကာ တံခါးကြီး  ၁၂  ပေါက်ထားရှိခဲ့သည်။ မင်းတုန်းမင်းက မြို့တည်နန်းတည်ပြုလုပ်ခဲ့သောကြောင့်-

- မြို့တော်ကြီးကို ရတနာပုံ

- နန်းမြို့တော်ကို လေးကျွန်းအောင်မြေ

- နန်းတော်ကြီးကို မြနန်းစံကျော်

ဟူသော အမည်များပေးကာ မြို့တည်နန်းတည် မင်းကြီးအဖြစ် အရှိန်အဝါကြီးခဲ့သလို သာသနာပြုရာ ၌လည်း  လက်မနှေးသောမင်းကြီးအဖြစ်  နာမည် သတင်းကြီးခဲ့သည်။

မန္တလေးနေပြည်တော်တစ်ခွင် သာသနာအလင်း ထွန်းလင်းခဲ့သည်သာမက ဘုရား၊ စေတီ၊ ကျောင်း ဇရပ်များစွာဖြင့်  ယနေ့တိုင်  ဗုဒ္ဓသာသနာအမွေခံ ကောင်းများနှင့်   ပြည်တွင်းပြည်ပခရီးသွားများဖြင့် စည်ကားလျက်ရှိသည်။

စာရေးသူ သွားရောက်ခဲ့သောနေရာများမှာ လူသိ နည်းသော်လည်း  သမိုင်းဂုဏ်ဆောင်  ရှေးဟောင်း အမွေအနှစ်နေရာများကို ဖော်ပြလိုက်ပါသည်။

မန္တလေးမြို့အတွင်းမှ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း

မန္တလေးမြို့သည် ရတနာပုံနန်းမြို့ဘဝမှ ယနေ့အထိ ယဉ်ကျေးမှုအမွေအနှစ်များစွာနှင့် ရှေးဟောင်း ဘုရား၊ စေတီ၊ ကျောင်းဇရပ်များစွာကို ပိုင်ဆိုင်ထားသော မြို့တော်ကြီးဖြစ်သည်။ ထိုများလှစွာသော အမွေ အနှစ်များတွင်  သက်တမ်းကြာရှည်ပြီဖြစ်သော ဘုန်း တော်ကြီးကျောင်းများသည်    ထည်ဝါစွာရှိနေပြီး သစ်သားကျောင်း၊ အုတ်ကျောင်းများအဖြစ် မြင်တွေ့ရမည်ဖြစ်သည့်အပြင် ယခုအခါ တချို့သော ကျောင်း များသည်  အိုရာမှာပြိုခဲ့ရပြီဖြစ်သည်။  ထို့ကြောင့် ရောက်ခဲ့သော  ကျောင်းတော်ကြီးများကို  အကျဉ်းမျှ ဖော်ပြလိုက်ပါသည်။

မန္တလေးမြို့ ၈၇ လမ်း၊ လမ်း ၂၀ နှင့် ၂၁ လမ်းကြား ခေမာသီဝံကျောင်းတိုက်ထဲမှ သာသနဇောတိကအုတ် တိုက်တော်ကြီးသည် အလှူရှင် ဒေါ်မမဇင်က ၁၉၁၉ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။

ကျောင်းကြီးသည်  အုတ်တိုက်ဖြစ်ပြီး  အလွန်ခမ်းခမ်းနားနားဆောက်လုပ်ခဲ့၏။ မီးလောင်ခံခဲ့ရသည့် အတွက် ဟောင်းလောင်းပေါက်ကြီးပမာ အိုဟောင်းနေပြီဖြစ်သည်။

၆၂ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ ဝိသုဒ္ဓါ ရာမကျောင်းဝင်းထဲမှ ကြေးမြင်မိဖုရားကောင်းမှုဖြင့် ၁၂၃၄ ခုနှစ်က ဆောက်လုပ်ခဲ့သော ကြေးမြင်ကျောင်း (ရန္တပိုရွာစားကျောင်းဟုလည်းခေါ်သည်)။ ကျောင်းကြီး သည် သစ်သားကျောင်းကြီးဖြစ်သည်။ တစ်ကျောင်းလုံး၌   အနုသုခုမဗိသုကာလက်ရာစုံစွာဖြင့်   ရုပ်လုံး ရုပ်ကြွမျိုးစုံနှင့် တန်ဆာဆင်ထားသည်။

လမ်း ၇၀ နှင့် ၇၁ လမ်းကြား ၃၁ လမ်းရှိ ဇေယျ မင်္ဂလာနန်းဦးကျောင်းတိုက်ထဲမှ     စားတော်ဝန်မင်း ကောင်းမှု စားတော်ဝန်မင်းကျောင်းကို ၁၂၄၆ ခုနှစ် ဝါခေါင်လပြည့်ကျော် ၃ ရက် စနေနေ့က ဆောက် လုပ်လှူဒါန်းခဲ့သည်။

ကျောင်းကြီးသည်   သစ်သားကျောင်းကြီးဖြစ်ပြီး အတော်ပင် ပျက်စီးနေပြီဖြစ်သည်။ ကျောင်းအပြင် ပတ်လမ်းများ တစ်စစီပြုတ် နေသောကြောင့် အမြင်နှင့်သာ ကျေနပ်ခဲ့ရသည်။

ထိုကျောင်းကြီး သုံးကျောင်းသည် ခရီးသွားဧည့် သည်များ   တစ်ခါတစ်ရံမှသာ   လာရောက်တတ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုများစွာ    လိုအပ်နေသော ကျောင်းများဟု ဆိုရမည်ဖြစ်သည်။ သို့ပါ၍ သွားသင့် ရောက်သင့်သော ရှေးဟောင်းကျောင်းတော်ကြီးများအဖြစ်   တည်ရှိနေဆဲဖြစ်၍  ခရီးသွားမိတ်ဆွေများ တစ်ခါတစ်ခေါက်ရောက်စေချင်ပါသည်။

ပင်းယမြို့ဟောင်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ဒေသဘက်၌ ရှေးတစ်ချိန်တစ်ခါက ပင်းယဆိုသော မြို့ကြီးတစ် မြို့ရှိခဲ့သည်။   ထိုမြို့ကြီးသည်  မြို့ဟောင်းကြီးဖြစ်၍ ပင်းယမြို့ဟောင်းဆိုသောအမည်နှင့် ခပ်ဟောင်းဟောင်း မြို့အဖြစ် တည်ရှိနေသည်။

မန္တလေးမြို့နှင့် အလှမ်းမဝေးသော်လည်း စည်ကား မှုမရှိလှသော မြို့ဟောင်းဖြစ်သည်။ မြို့အဝင်လမ်းဘေး ဝဲယာတွင်  ပြိုပျက်နေသော  အုတ်ကုန်းကြီးများနှင့် အုတ်အပိုင်းအစများ၊ တချို့လည်း ဖြိုဖျက်ထားသည့် ပုံများအဖြစ်  တွေ့ရသည်။  တချို့အုတ်ပုံများက စေတီ ပြို၊ စေတီပျက်များ၊ တချို့စေတီကြီးငယ်များကလည်း   ပြန်လည်မွမ်းမံထားသည်ကို တွေ့ရသည်။ စာရေးသူ ဤပင်းယမြို့ဟောင်းသို့    တစ်ခါမှမရောက်ဖူးသေး သဖြင့် ဒေသခံအကူအညီဖြင့် သွားရန်စီစဉ်ထားသည့် နေရာများမှာ-

ပင်းယရွှေစည်းခုံစေတီတော်

ပင်းယဂူကြီးသုံးလုံး တို့ဖြစ်ပါသည်။

ပင်းယရွှေစည်းခုံစေတီတော်

စေတီတော်ကြီးသည်  ပင်းယမြို့တည်  တစ်စီးရှင် သီဟသူက ၆၇၄ ခုနှစ်က တည်ခဲ့သော်လည်း  မပြီး ပြတ်၍ သားတော်ဥဇနာမင်းက အပြီးသတ်တည်ခဲ့ သည်။  ပင်းယရွှေစည်းခုံနှင့်ပတ်သက်၍  မုံရွေးဆရာ တော်က စေတီယထာကထာတွင် ရေးသားထားသည်မှာ-

တစ်စီးရှင်တည်သော စေတီသည် ပြီးလည်းပြီး၏ ရွှေထီးလည်းတင်ရ၏။  ဥဇနာက  ထပ်မံ၍ပြုပြင်ကာ ရွှေထီးလည်းတင်၏။

ထိုစာကိုကြည့်လျှင် ဖခင်တစ်စီးရှင် တည်ခဲ့သော စေတီကို သားတော်ဥဇနာက ထပ်မံမွမ်းမံသည့်သဘော ဖြစ်သည်။

စေတီကြီးသည် ကြီးမားသော ထုထည်နှင့်တည်ခဲ့ သည်ဟု ဆိုရမည်ဖြစ်သည်။ ယခုဖူးတွေ့ရချိန်၌ ရှေး စေတီကြီး အုတ်ခုံအထက်၌ နှောင်းခေတ်ရွှေစေတီကို တည်ထားခြင်းဟု ဆိုရမည်ဖြစ်သည်။

ပင်းယဂူသုံးလုံး

ထိုဂူကြီးများတွင် တောင်ဘက်အစွန်မှ ဂူသည် ရှေး ဟောင်းဂူကြီးအဖြစ်တွေ့ရပြီး  အလယ်ဂူ၏ဂူအပေါ် ပိုင်း၌  ချုံနွယ်များ၊ နွယ်ပင်အခြောက်များနှင့် အိုမင်း နေ၏။ မြောက်ဘက်အစွန်းရှိ ဂူသည်  ချုံနွယ်များ ဖုံးလွှွမ်းနေပြီး အုတ်ပုံကြီးပမာဖြစ်နေသည်။ ဂူသုံးလုံး တွင် ဝင်ပေါက်များရှိ၍ လိုဏ်ဂူကြီးများဟု ဆိုနိုင်၏။

ဂူကြီးများ၏ အလှူရှင်ကို စုံစမ်း၍မရခဲ့သော်လည်း ဒေသခံတစ်ဦး၏စကားအရ သက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယမြို့တည် သီဟသူမင်းက ဂူတစ်လုံးတည်ခဲ့ပြီး   ကျောက်စာတစ်ခုတွင် ရေးထိုးထားသည်က သက္ကရာဇ် ၇၀၂ ခုနှစ်တွင် ဥဇနာမင်းက  ဂူတစ်လုံးတည်သည်ဟု ရေးထိုးထားသည်ဟုဆိုသည်။

ပင်းယမြို့နှင့် ဂူကြီးသုံးလုံးသည် သက်တမ်းတူဖြစ် နိုင်ပြီး   သမိုင်းကြောင်းခိုင်မာစွာရှိနိုင်သော်လည်း စာရေးသူ အချိန်ပေးလေ့လာမေးမြန်းခြင်းမရှိနိုင်ခဲ့ပေ။

အင်းဝမြို့

မန္တလေးမြို့သို့ ရောက်ခဲ့သော ခရီးသွားမှန်သမျှ အင်းဝမြေသို့ အရောက်သွားကြစမြဲဖြစ်၏။ အင်းဝက အလွန်ထုထည်ကြီးမားသည့် မယ်နုအုတ်ကျောင်းနှင့် လေးထပ်ကျောင်းကြီးတို့သို့  သွားကြစမြဲဖြစ်သည်။ စာရေးသူလည်း  အခါခါရောက်မြဲမို့  ဒီတစ်ခေါက် ခရီးစဉ်မှာ ထိုနေရာနှစ်ခုကိုချန်ပြီး တစ်ခါမှမရောက်ဖူး သော  မဟာအောင်မြေဘုံမိသာကျောင်းကြီးသို့သာ သွားရောက်ခဲ့သည်။

ကျောင်းကြီး ဒါယကာကြီးက ဘကြီးတော်မင်းနှင့် ရှင်မင်းနု(နန်းမတော်မယ်နု) တို့ဖြစ်ပြီး သာသနာပိုင် စလင်းဆရာတော်  သီတင်းသုံးရန်လှူဒါန်းခဲ့ခြင်းဖြစ် သည်။ ကျောင်းကြီးကို ခမ်းခမ်းနားနားနှင့်အကြီးအကျယ် ဆုံး မွမ်းမံကာဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ သက္ကရာဇ် ၁၈၂၃  ခုနှစ်က  တည်ဆောက်ခဲ့သည်မို့  နှစ်ပေါင်း ၂၀၀ ပြည့်ခါနီးဟု ဆိုရမည်ဖြစ်သည်။   ရေးထိုးထား သောကျောက်စာအရ မှတ်သားရသည်က-

သေမွေ့သေဖွဲ့စွာသော  သရိုးပန်းပြောက်၊  လက် လုပ်ပုံနှိပ်တံဆိပ်ကွက်ကတ်၊  ခိုနန်းခိုအိမ်၊  ကြိုးလိပ် ကြိုးပတ်၊ ခြူးနတ်ခြူးပန်း၊ မကန်လိပ်ငါး၊ သားမျိုးရုပ် မျိုး၊ တိုးအောင်းစာမရီ၊ ကိန္ဒရာ ကိန္ဒရီ၊ ဧလာသရဘ၊ ဆန္ဒန်ကေသရာ၊  ဝလာဟက၊  အဿတရ၊  ဥသဘနွား၊ လူပျံရှင်ပျံ၊   သမင်ပျံစသော   အထူးထူးအပြားပြား အဆန်းတကြယ် အံ့ဖွယ်သရဲတို့ဖြင့်

ထိုစာစုသည် ကျောက်စာတွင်  ရေးထိုးထားသည့် အတိုင်း  ကူးယူခဲ့ခြင်းဖြစ်သည်။ ထိုစာအရ  ကျောင်း တော်ကြီးကို  ထူးခြားသိမ်မွေ့သော  အနုစိတ်အလှ

ခြယ်မှုများနှင့်တည်ဆောက်ခဲ့ခြင်းဟု   ဆိုရမည်ဖြစ် သည်။  ယခုအခါ  ကျောင်းတော်ကြီးကား  ပျက်စီးခဲ့ ရပြီ။ မြေဗလာတွင် ခြေရာဟုဆိုရမည့် အုတ်တိုင်ငုတ် များကိုသာ တွေ့ခဲ့ရသည်။  တစ်ချိန်ကမြေတာ ၁၂၀ အကျယ်တွင်   ခန့်ခန့်ထည်ထည်ရှိခဲ့သော  ကျောင်း တော်ကြီးကို ယနေ့တိုင်ရှိနေစေချင်သည်။

အမရပူရဟုအမည်ကျော်သည့် မသေမြို့

ရှင်လူအများလေးစားစွာခေါ်သော   အမရပူရမြို့ကို ဒေသခံများက မသေမြို့ဟုခေါ်ဆိုကြသည်။

မန္တလေးမြို့သို့ ရောက်လာသူမှန်သမျှ မန္တလေးမြို့ ကျက်သရေဆောင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးအပြီး အေးအေးလူလူနားကြမည်ဆိုပြီး သွားကြသည် က တောင်သမန်အင်းထဲက ဦးပိန်တံတားကြီးဆီသို့ဖြစ် သည်။ ရေရှိချိန်ဆို တံတားကြီးအောက်က တောင် သမန်အင်းတွင် လှေစီးကြပြီး ရေမရှိလျှင် တံတားကြီး အောက်မြေနုတွင် ဟိုလျှောက်ဒီလျှောက် မည်စည်ပင် အောက်တွင် အကြော်စားပြီးလျှင် ခရီးဆက်သူ၊ ပြန်ကြ သူနှင့် ဦးပိန်တံတားကြီးကို ထားခဲ့ကြသည်။

ခရီးစဉ်အရ တစ်ခါမှ မရောက်ဖူးသေးသော တံတား ကြီးများထံ အလည်သွားရန် အစပြု၍ သွားခဲ့ပါသည်။ သွားရောက်မည့် တံတားကြီးများတွင် တချို့အပျက် အစီးများနှင့် ပြိုခဲ့ပြီဟုသိရပြီး အကောင်းပကတိရှိနေ သေးသော တံတားလည်းပါဝင်နေသည်။

စာရေးသူရောက်ခဲ့သော တံတားသုံးစင်းသည် ရှေးလည်းကျပါ၏။ သစ်သားတံတားကြီးများလည်းဖြစ်ကြ ပြီး သိသူမရှိသလောက် ပစ်ပယ်ထားခြင်းခံနေရသည့် အတွက်  ညှိုးငယ်စွာ  အိုဟောင်းပြိုပျက်နေရပြီဖြစ် သည်ဟု  ထင်မိပါသည်။  အမရပူရနှင့်  တောင်သမန် ဝန်းကျင်တွင်ရှိသော ဤတံတားကြီးများသည် ဦးပိန် တံတားကြီးကဲ့သို့ ထိန်းသိမ်းပြုပြင်စောင့်ရှောက်ကာ ခရီးသွားဧည့်သည်များဖြင့် စည်ကားစေချင်ပါသည်။ တံတားကြီးသုံးစင်းနှင့်အတူ  အမရပူရရှိ  တံတားကြီး ကိုးစင်းဖြစ်သော  ဦးပိန်တံတား၊  စကြာဝင်တံတား၊ တောင်ကြီး-ဟင်္သာတံတား၊ ပန်းပဲတံတား၊ တံတားလယ် တံတား၊ ဗုံနောင်(ခေါ်) သာလေစွတံတား၊ မယ်ဘယက် တံတား၊ ဆင်မင်းဝတ်တံတား၊ ဦးရွှေအောင်တံတား။

ထိုတံတားကြီး  ကိုးစင်းတွင်  လေးစင်းသို့ရောက်ခဲ့ ပြီးမို့ ကျန်တံတားငါးစင်းကို နောက်တစ်ခေါက် ခရီး စဉ်တွင်  သွားရောက်ရန်စီစဉ်ထားသည်။  သမိုင်းဝင် တံတားကြီးများဖြစ်သောကြောင့်  မြန်မာ့သမိုင်းဝင် အမွေအနှစ် များကို လေ့လာသင့် မြင်တွေ့သင့်သည်ဟု ထင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော်  မြန်မာ့အမွေအနှစ်များ တည်ရှိသော မန္တလေးမြို့သို့ဦးတည်၍ ခရီးသွားပြည်သူ များအနေဖြင့်လည်း ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် များတည်ရှိရာ   အရပ်ဒေသဆီသို့   တစ်ခါတစ်ခေါက် သွားရောက်လည်ပတ်စေလိုကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မြမဉ္စူဝေ(ကျုံမငေး)