ဆံပင်ကျွတ်ခြင်းအကြောင်းရင်းနှင့် အမျိုးသမီးများ ကိုယ်ခံစွမ်းအားတိုးစေမည့်အစားအစာများ
ဆံပင်ကျွတ်ခြင်းအကြောင်းရင်း
သာမန်လူတစ်ယောက်အနေနဲ့ တစ်ရက်မှာ ဆံပင် အပင်ရေ ၁၀၀ လောက်ကျွတ်တတ်ပါတယ်။ ဒီထက်များနေရင်တော့ ကြာလာတဲ့အခါ ဆံပင်မပေါက်ဘဲ ထိပ်ပြောင်လာတဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ဆံပင်ကျွတ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။
သိုင်းရွိုက်ပြဿနာတွေကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ သိုင်းရွိုက်ဆိုတာ လည်ပင်းရဲ့ အခြေနားမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန်ဂလင်း တစ်ခုဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့လုပ်ဆောင်မှုအများစု ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ ဟော်မုန်းတွေထုတ်ပေးလေ့ရှိပါတယ်။
သိုင်းရွိုက်ဂလင်းက ဟော်မုန်းထုတ်ပေးတာ မူမမှန်တဲ့အခါ ဆံပင်ပေါက်တဲ့ဖြစ်စဉ်ကလည်း လွဲချော်သွားတတ်ပါတယ်။ ဒါပေမဲ့ သိုင်းရွိုက်ဂလင်းရောဂါကြောင့် ဆံပင်ကျွတ်တာကို တခြားရောဂါ လက္ခဏာတွေဖြစ်တဲ့ ကိုယ်အလေးချိန်တက်တာ၊ ကျတာ၊ အပူ၊ အအေးမခံနိုင်တာနဲ့ နှလုံးခုန်နှုန်းပြောင်းလဲတာတွေလောက် မတွေ့ရတတ်ပါဘူး။
ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ အထူးသဖြင့် ပဋိဇီဝဆေးတွေက ဆံပင်ကျွတ်စေပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတဲ့ဖြစ်စဉ်ကို ဖိနှိပ်ထားတဲ့ဟော်မုန်းတွေက ဆံပင်ကျွတ်စေပါတယ်။ မိဘမျိုးရိုးမှာ ဆံပင်ကျွတ်လွယ်တဲ့အခါ မိမိမှာလည်း ဆံပင်ကျွတ်လွယ်နိုင်ပါတယ်။ တချို့မိန်းကလေးတွေ ဆေးဖြတ်လိုက်မှ ဆံပင်ကျွတ်တာဖြစ်တတ်တယ်။ သွေးကျဲဆေး၊ သွေးပေါင်ထိန်းညှိပေးတဲ့ တချို့သောဆေးဝါးတွေ၊ နှလုံးကစတဲ့ စိတ်ကျရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာအတွက် အသုံးပြုရတဲ့ဆေးတွေကလည်း ဆံပင်ကျွတ်တာနဲ့ သက်ဆိုင်ပါတယ်။
ခန္ဓာကိုယ်ခုခံအားစနစ်နဲ့လည်း ဆံပင်ကျွတ်တာက သက်ဆိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဆံခြည်မျှင်အိတ်တွေကို မှားယွင်းဖျက်ဆီးမိတာကြောင့် ဆံပင်ကျွတ်တာ ဖြစ်ပါတယ်။ ကျွတ်သွားတဲ့ဆံပင်နေရာမှာ တစ်နှစ်အတွင်း ဆံပင်အသစ်တွေ ထပ်ထွက်လာတတ်ပါတယ်။
အစားလျှော့စားခြင်းကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့အနေနဲ့ အစားအသောက် တွေလျှော့စားတဲ့ အခါမှာလည်း အခန့်မသင့်ရင် ဆံပင်ကျွတ်တာကိုဖြစ်စေပါတယ်။ ကိုယ်အလေးချိန် ၁ ဒသမ ၅ ပေါင်လျော့ကျသွားပြီး သုံးလမှ ခြောက်လအတွင်း ဆံပင်ကျွတ်တာကို သတိထားမိနိုင်တယ်။ ဒီအခါမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပေးရင် ဆံပင်တွေပြန်ပေါက်လာနိုင်ပါတယ်။
ပွေးကြောင့် ဆံပင်ကျွတ်နိုင်တယ်။ ဦးရေပြားမှာ ပွေးပေါက်တဲ့အခါမှိုပိုးကြောင့် ဦးရေပြားယားယံတာ၊ ဆံပင်ကျွတ်တာတွေဖြစ်စေပါတယ်။
အဲဒီအခါ မှိုပိုးသတ်ဆေးအသုံးပြုပြီး ကုသရပါတယ်။ မှိုပိုးက တိုက်ရိုက်ထိမိတဲ့နေရာတွေကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ မီးဖွားခြင်းကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။
တချို့အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေများလာတာကြောင့် ဆံပင်မကျွတ်ဘဲ ဆံပင်ကျွတ်ခြင်းဖြစ်စဉ် ခဏရပ်တန့်နေတာဖြစ်ပါတယ်။ ကလေးမီးဖွားပြီးချိန်မှာတော့ ဟော်မုန်းပမာဏက ပုံမှန်အခြေအနေကို ပြန်ရောက်သွားတာကြောင့် ဆံပင်ကျွတ်တာတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်နှစ်နှစ်အကြာမှာ ဆံပင်တွေ နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။
ကင်ဆာရောဂါကုသမှု ခံယူတဲ့အခါ ဆံပင်ကျွတ်နိုင်ပါတယ်။ ကင်ဆာကုသမှုနှစ်ခုဖြစ်တဲ့ ကင်ဆာ ဆေးသွင်းခြင်းနဲ့ ဓာတ်ရောင်ခြည်ကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆံပင်ကျွတ်စေတာ ဖြစ်ပါတယ်။ အဲဒီကုသမှုနှစ်ခုစလုံးက ဆံခြည်မျှင်အိတ်တွေကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်စေတာဖြစ်ပါတယ်။ ဆံပင်ကျွတ်တာက အမြဲဖြစ်နေမှာတော့မဟုတ်ပါဘူး။ ကုသမှုပြီးမြောက်လို့ ဆေးဖြတ်လိုက်တဲ့အခါ ဆံပင်ပြန်ပေါက်လာတတ်ပါတယ်။
စိတ်ဖိစီးမှုများတဲ့အခါ ဆံပင်ကျွတ်နိုင်ပါတယ်။ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ အလွန်အမင်းများလာတဲ့အခါ ဦးရေပြားမှာရှိနေတဲ့ဆံပင်တွေရဲ့ လေးပုံတစ်ပုံလောက်က ရုတ်တရက်ကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိဖြစ်နိုင်ပါတယ်။ ဥပမာ- အလွန်အမင်းနေမကောင်းဖြစ်ခြင်း၊ အကြီးစားခွဲစိတ်မှု ပြုလုပ်ထားခြင်း၊ ထိခိုက်မှုကြောင့် သွေးဆုံးရှုံးမှုဖြစ်ပေါ်ခြင်း၊ စိတ်ဒဏ်ရာကြီးကြီးမားမား ခံစားရခြင်း စတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
အမျိုးသမီးများ ကိုယ်ခံစွမ်းအားတိုးစေမည့်အစားအစာများ
အမျိုးသမီးတွေအတွက် ကိုယ်ခံစွမ်းအားတိုးစေတဲ့အစားအစာတွေရှိပါတယ်။ ငှက်ပျောသီးက စွမ်းအားတိုးစေတဲ့ အကောင်းဆုံးအစားအစာလို့ဆိုရင် မမှားပါဘူး။ အဘယ်ကြောင့်ဆိုသော် ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်အီးအုပ်စု၊ ဘရိုးမီလင်အင်ဇိုင်းတွေ ပါဝင်တာကြောင့်ဖြစ်ပါတယ်။
ချောကလက်စားသင့်ပါတယ်။ ချောကလက်ရဲ့အရသာက စိတ်ကိုပျော်ရွှင်ကြည်နူးစေပါတယ်။ အဲဒီခံစားမှုမျိုးမရရင်တော့ မိမိစားတဲ့ချောကလက်က ဓာတုပစ္စည်းတွေနဲ့ပြုလုပ်ထားတာဖြစ်နိုင်ပါတယ်။ ချောကလက်ထဲမှာ ကဖင်းနဲ့တူတဲ့စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့သီရိုဘရိုမင်းပါဝင်ပြီး စိတ်ခံစားမှုကောင်းကို ဖြစ်ပေါ်စေတဲ့ စီရိုတိုနင်း (Serotonin) ဟော်မုန်းကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးပါတယ်။
ထောပတ်သီးစားသင့်ပါတယ်။ ဗီတာမင်ဘီစစ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ထောပတ်သီးကိုစားသုံးပေးရင် ကိုယ်ခံစွမ်းအားတိုးစေပြီး နိုးကြားတက်ကြွစေပါတယ်။
ဝိုင်နီသောက်ပေးနိုင်ပါတယ်။ သုတေသီတွေက အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသမီးတွေကို လေ့လာခဲ့ရာမှာ တစ်ရက်ကို ဝိုင်နီနှစ်ခွက်သောက်တဲ့ အမျိုးသမီးတွေက တခြားအယ်လ်ကို ဟောပါတဲ့အရာတွေ သောက်တဲ့အမျိုးသမီးတွေထက် အိမ်ထောင်ရေး သုခပိုမိုရရှိနိုင်တယ်လို့ ဆိုပါတယ်။
ငရုတ်သီးစားသင့်ပါတယ်။ ငရုတ်သီးရဲ့ ပူစပ်တဲ့ဓာတ်သဘောက ကိုယ်ခန္ဓာတွင်းမှာ အင်ဒေါ်ဇင် (Andorzin) ဟော်မုန်းဓာတ် ထွက်စေပြီး စွမ်းအားတွေ တိုးပွားစေပါတယ်။
နေကြာစေ့စားသင့်ပါတယ်။ ဖရုံစေ့၊ နေကြာစေ့နဲ့ အုတ်ဂျုံတွေမှာ တူညီတဲ့အာနိသင်တွေပါရှိပါတယ်။ အဲဒါတွေ ခန္ဓာကိုယ်အတွက် ကောင်းမွန်သင့်လျော်တဲ့အဆီတွေပါဝင်တာကြောင့် ဟော်မုန်းပမာဏ မြင့်မားစေပြီး စွမ်းဆောင်ရည်တိုးပွားစေပါတယ်။
ကြက်ဥစားသင့်ပါတယ်။ ကြက်ဥမှာ ဟော်မုန်းဓာတ်ကိုထိန်းညှိပေးပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီစစ်ဓာတ်တွေ ပေါများစွာပါဝင်ပါတယ်။
ငါးအမျိုးမျိုးစားသင့်ပါတယ်။ အဆီများတဲ့ငါးတွေစားသုံးတာက စွမ်းဆောင်ရည်ကို တိုးပွားစေပါတယ်။ မက်ကရယ်၊ ဟာရင်း၊ ဆာဒင်း၊ တူနာ၊ ရေချိုငါးတွေမှာ အိုမီဂါ-၃ (Omega-3)အဆီတွေပါဝင်ပါတယ်။
အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့အဆီပမာဏရှိနေပါမှ စွမ်းရည်တိုးတက်ပြီး သားသမီးရဖို့ အခွင့်အလမ်း များနိုင်မှာဖြစ်ပါတယ်။
ကန်စွန်းဥစားသင့်ပါတယ်။ ကန်စွန်းဥက ကျန်းမာရေးအတွက် စားသုံးဖို့ အသင့်လျော်ဆုံးအစားအစာဖြစ်သလို အကောင်းဆုံးစွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကန်စွန်းဥမှာ ကြွယ်ဝစွာပါဝင်တဲ့ ဘီတာကယ်ရိုတင်း (Beta Carotene) ဓာတ်တွေက ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ဗီတာမင်အေအဖြစ်ပြောင်းလဲသွားပြီး ယောနိ လမ်းကြောင်းနဲ့ သားအိမ်ကို ပုံစံတကျထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့ပြင် ဟော်မုန်းထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။
နွားနို့သောက်သင့်ပါတယ်။ စွမ်းဆောင်ရည်ရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ထိန်းထားနိုင်ဖို့ နွားနို့သောက်ပေးသင့်ပါတယ်။ နွားနို့မှာပါဝင်တဲ့ အဆီဓာတ်တွေက သဘာဝပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး အီစတြိုဂျင်ဟော်မုန်းထုတ်လုပ်ဖို့ လိုအပ်တဲ့အဆီဓာတ်ဖြစ်ပါတယ်။ အဲဒီအဆီဓာတ်က ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
ဒေါက်တာလွင်သန့်