မြန်မာ့ကော်ဖီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသော စီးပွားရေးရည်မှန်းချက် အတိုင်း လုပ်ဆောင်လျက်ရှိရာတွင် နှစ်ရှည်ပင်သီးနှံဖြစ်သော ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများလည်း ပါဝင်ပါသည်။ ပြည်ပပို့ကုန်များတွင် မြန်မာနိုင်ငံမှကော်ဖီသည်လည်း ဈေးကွက်ဝင်ပစ္စည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကော်ဖီ ၄၉၉၅၁ ဧကစိုက်ပျိုးထားရာ ကော်ဖီမှာ ၄ နှစ်သားအထက်မှစပြီး ကော်ဖီ သီးခူးရသည့်အတွက် အသီးခူးဧကမှာ ၃၅၃၇၆ ဧကရှိသည်။ တစ်နှစ်ပတ်လုံးထွက်ရှိမှုအနေဖြင့် ကော်ဖီသီး တန်ချိန် ၉၀၀၀ ကျော်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှကော်ဖီမှုန့်များ တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲနေခြင်းကို လျှော့ချရန်လိုအပ်ပေသည်။ ကော်ဖီများကို ပြည်ပသို့များများ တင်ပို့နိုင်ရေး ဆောင်ရွက်ပြီး ပြည်ပဝင်ငွေများတိုးပွားအောင်လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ကော်ဖီစိုက်ပျိုးမှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ပြီး မြန်မာ့ကော်ဖီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ကော်ဖီကိုတောင်ပေါ်ဒေသများတွင်စိုက်ပျိုးနိုင်သလို မြေပြန့်ဒေသများတွင်လည်း စိုက်ပျိုးကြသည်။
တောင်ပေါ်ဒေသတွင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၀၀၀ ကျော်မှ ပေ ၆၀၀၀ အထိဖြစ်ထွန်းသည်။
လက်ရှိစိုက်ပျိုးနေသည့် နေရာများမှာ ကချင်ပြည်နယ်တွင် ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေးတိုင်းဒေသကြီးတွင် မိုးကုတ်နှင့်ပြင်ဦးလွင်၊ ရှမ်းပြည်နယ်တွင် ကျိုင်းတုံ၊ တာချီလိတ်၊ လွိုင်မွေ၊ နောင်ချို၊ ရပ်စောက်၊ ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ နောင်တရား၊ ပင်လောင်း၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းတို့တွင် စိုက်ပျိုးကြသည်။ မြေပြန့်ကော်ဖီများကို ကရင်ပြည်နယ် လိပ်သို၊ သံတောင်ကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသည်။
ကော်ဖီကို အရိပ်ရအပင်များအောက်တွင်စိုက်ပျိုးလေ့ရှိသည်။ အခြားသောအပင်များကိုစိုက်ပျိုးလျှင် မြေကိုရှင်းလင်းရသော်လည်း ကော်ဖီစိုက်ပျိုးခြင်းမှာမူ အရိပ်ရအပင်ကို အရင်စိုက်ရခြင်းဖြစ်သည်။ ပြင်ဦးလွင်တွင် ခါတော်မီကိုအရင်စိုက်ပြီး ထိုအပင်အောက်မှကော်ဖီကိုစိုက်ကြသည်။ ကော်ဖီစိုက်ပျိုးခြင်းမှာ သစ်တောဖြစ်ထွန်းပြီး သဘာဝပတ်ဝန်းကျင်ကိုကောင်းမွန်စွာထိန်းသိမ်းမှုဖြစ်စေသည်။ လက်ရှိအခြေအနေတွင် ကုန်းမြင့်ကော်ဖီကို ဇုန်လေးဇုန်ခွဲပြီးစိုက်ပျိုးရန်ဖြစ်ပြီး ဇုန် ၁ မှာပြင်ဦးလွင်၊ နောင်ချိုနှင့် မိုးကုတ်ဒေသတို့ ပါဝင်သည်။
တစ်နှစ်ကိုဧက ၁၅၀၀၀ နှင့် ငါးနှစ်တွင် ဧက ၇၅၀၀၀ စိုက်ပျိုးမည်ဖြစ်သည်။ ဇုန် ၂ တွင် ရွာငံနှင့်ပင်းတယတို့ပါဝင်ပြီး ငါးနှစ်တွင်ဧက ၃၇၅၀၀၊ ဇုန် ၃ တွင် ဟိုပုံး၊ ပင်လောင်း၊ နောင်တရား၊ ဟဲဟိုး၊ မဲနယ်တောင်ပါဝင်ပြီး ငါးနှစ်မှာ ဧက ၅၀၀၀၀ စိုက်ပျိုးမည်ဖြစ်သည်။
ကော်ဖီစိုက်ပျိုးဇုန် ၄ တွင်ကျိုင်းတုံ၊ တာချီလိတ်ပါဝင်ပြီး ဧက ၃၇၅၀၀ စိုက်ပျိုးမည်ဖြစ်ပေရာ စုစုပေါင်းဧက ၂၀၀၀၀၀ စိုက်ပျိုးမည်ဖြစ်သည်။ မြေပြန့်ကော်ဖီဖြစ်သည့် ရိုဘတ်စကာကို တနင်္သာရီတိုင်းဒေသကြီးတွင် ဧက ၅၀၀၀၀ နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဧက ၂၅၀၀၀ စီနှင့်စုစုပေါင်း ဧက ၁၀၀၀၀၀ စိုက်ပျိုးမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးခြင်းမှာ မူလအစတွင် ရင်းနှီးမြှုပ်နှံမှုများသော်လည်း နောင်တွင် အရင်းကျေပြီး အမြတ်များသာရရှိတော့မည်ဖြစ်သည်။ ၁၆ နှစ်အထိ ဆက်တိုက်အမြတ်ရရှိနေမည်ဖြစ်ပြီး ၁၆ နှစ်ကျော်ပါက အသီးထွက်လျော့နည်းလာမည်ဖြစ်သည်။
ကော်ဖီစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းခြင်းမှ ပြည်ပသို့များများတင်ပို့နိုင်လေလေ နိုင်ငံခြားငွေရရှိလေ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီစိုက်ပျိုးခြင်းကို အလေးအနက်ထားလျက်ရှိသည်။ အဓိကအားဖြင့် နိုင်ငံ့စီးပွားမြင့်မားရေးအတွက် ဖြစ်သကဲ့သို့ ကော်ဖီစိုက်တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးလည်း ပါဝင်ပါသည်။ ကော်ဖီစိုက်တောင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေ းဘဏ်မှတစ်ဆင့် အတိုးနှုန်းသက်သာစွာ တစ်ဧကကို ငွေကျပ် ၁၀ သိန်းချေးပေးသည်။ မျိုးကောင်းမျိုးသန့်ကော်ဖီပျိုးပင်များနှင့် နည်းပညာများပံ့ပိုးပေးသည်။ လုပ်ကွက်ငယ်တောင်သူများအတွက် နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေရရှိရေး ဆောင်ရွက်ပေးသည်။
မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသာမက ပြည်ပကလုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ကော်ဖီအား ကမ္ဘာ့ဈေးကွက်တွင် ခိုင်မာစွာ နေရာရရှိရန် အရည်အသွေးကောင်းကော်ဖီထုတ်လုပ်ရန် နည်းပညာနှင့်ပစ္စည်းကိရိယာများ ပံ့ပိုးပေးသည်။ ကော်ဖီဝယ်လိုအားရှိသည့် ပြည်ပနိုင်ငံများနှင့်ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးသည်။ ကော်ဖီလုပ်ငန်းနှင့် ဆက်စပ်သည့် စက်ကိရိယာပစ္စည်းများကို အခွန်အကောက်အနည်းဆုံးနှင့်တင်သွင်းနိုင်အောင် ဆောင်ရွက်ပေးသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၏ကူညီပံ့ပိုးခြင်းများနှင့်အတူ ကော်ဖီလုပ်ငန်းရှင်များကလည်း မျိုးကောင်းမျိုးသန့်ကော်ဖီများကို တိုးချဲ့စိုက်ပျိုးကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။