စတာလင်း နိုင်ငံအတွက်ကစားပေးခြင်းမရှိသည်မှာ လိမ်ညာမှုဟုဝေဖန်သော မော်ရင်ဟိုကို ဂွါဒီယိုလာ တုံ့ပြန်စကားဆို

မန်ချက်စတာ၊ ဘောလုံး

နိုဝင်ဘာ ၂၁ ရက်ည စပါးနှင့်မန်စီးတီး တို့၏ ပရီးမီးယားလိဂ်ပွဲမကစားမီ ပြုလုပ်သော ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပါးနည်းပြ မော်ရင်ဟိုကို ဆရာဝန်တစ်ဦးဖြစ်မည်ဟု တုံ့ပြန် ဝေဖန်လိုက်သည်။

မော်ရင်ဟိုက မန်စီးတီးတိုက်စစ်မှူး စတာလင်းသည် ဒဏ်ရာကြောင့် ယခုလအတွင်း  အင်္ဂလန်လက်ရွေးစင် အသင်းအတွက်သွားကစားပေးခြင်းမရှိသည်ကို အသင်းများသည် နိုင်ငံအသင်းအတွက် ကစားသမားများအား စေလွှတ်ခြင်းမပြုလို၍ ဒဏ်ရာကိုအကြောင်းပြခြင်းဖြစ်ကာ မိမိတို့နှင့်ပွဲတွင် စတာလင်း ပြန်ကစားရန် သေချာသည်ဟု ဝေဖန်ခဲ့ခြင်းကို ဂွါဒီယိုလာ က တုံ့ပြန်စကားဆိုလိုက်ခြင်းဖြစ်သည်။

ဂွါဒီယိုလာက “အဲဒီလူက ဆရာဝန် တစ်ဦးဖြစ်မယ်ထင်တယ်။ သူက အင်္ဂလန် အသင်း ဆရာဝန်၊ မန်စီးတီး အသင်းဆေး အဖွဲ့တွေနဲ့တောင် စကားပြောခဲ့သေးတယ် ဆိုပဲ” ဟု ဦးစွာပြောသည်။

နှစ်စပိုင်းက မော်ရင်ဟိုသည် မန်စီးတီး ကစားသမားများအား အထိမခံသူများ၊ အလွယ်တကူလှဲချနေ သူများဟု ဝေဖန်မှုကို မီဒီယာများက ဂွါဒီယိုလာ၏အမြင်ကို ထပ်မေးရာ “ကျွန်တော် ဘယ်တော့မှ မော်ရင်ဟို အကြောင်း အဖြေပေးမှာ မဟုတ်ဘူး။ ကျွန်တော်က ဆရာဝန်တစ်ဦး အကြောင်းပြောတာ။ သူက ကျွန်တော် တို့ကို မဟုတ်တာတွေလာပြောနေလို့ပါ။ တခြားကိစ္စတွေမေးမယ်ဆိုရင် ဆရာဝန်ကိုသွားမေးပါ။   ဒီကိုလာ မမေးပါနဲ့။  အသက် ၅၀ ပြည့်နေပြီ။ ကောင်းကောင်း နားလည်တတ်နေပြီ” ဟု ဒေါသတကြီး ပြန်ဖြေခဲ့သည်။

စတာလင်းသည် အောက်တိုဘာလက လည်း အင်္ဂလန်အတွက် သွားကစားပေးခြင်းမရှိခဲ့ဘဲ ကလပ်ပွဲများ ပြန်စတင်ကစားရာတွင် ပါဝင်ခဲ့ပြီး အာဆင်နယ်ဘက်သို့ အနိုင်ဂိုးသွင်းခဲ့သေးသည်။  စတာလင်း နိုင်ငံအတွက် သွားကစားပေးခြင်းမရှိသည့် အချိန်တွင် စပါးတိုက်စစ်မှူးဟယ်ရီကိန်း မှာ   အင်္ဂလန်အသင်း  ဘယ်လ်ဂျီယံကို နှစ်ဂိုးပြတ်ရှုံးသည့်ပွဲ၌ ပွဲချိန်ပြည့်၊ အိုက်စလန်ကို လေးဂိုးပြတ်နိုင်သည့်ပွဲ၌ ပွဲချိန် ၇၆ မိနစ် ကစားပေးခဲ့ရ သည်ကို မော်ရင်ဟိုက မမျှတဟုထင်ကာ ယခုကဲ့သို့ မေးခွန်းထုတ်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက “ပြီးခဲ့တဲ့လက ကျွန်တော့် ကစားသမား အဲရစ်ဒီယာ ဒဏ်ရာကြောင့် နိုင်ငံအသင်းက နုတ်ထွက် ခဲ့ရတယ်။ သူစပါးအတွက် နှစ်ပွဲလည်း မကစားနိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေ မကစားနိုင် ခဲ့ဘူး။ ပြန်ကောင်းဖို့ အချိန်ယူရတယ်။ စတာလင်းကတော့  ပြန်ကစားမှာ သေချာတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ဒီလိုကိစ္စမျိုးရှင်းပြသင့်တယ်။ တချို့နည်းပြတွေက နိုင်ငံအတွက် စေလွှတ်မပေး ချင်ကြဘူး” ဟု ပြောသည်။              

Ref:Dailymail