ဖာဘရီဂတ်စ်၏ နောက်ကျပယ်နယ်တီကြောင့် ပီအက်စ်ဂျီ ရှစ်ပွဲဆက်အနိုင်ရပ်တန့်

မိုနာကို၊ ဘောလုံး

နိုင်ငံတကာပွဲများ ရက်သတ္တပတ်အပြီး ပထမဆုံးပြန်ကစားသော လိဂ်ပွဲအဖြစ် မိုနာကိုနှင့် ပီအက်စ်ဂျီ အသင်းတို့ နိုဝင်ဘာ ၂၀ ရက်ညက ပြင်သစ်လီဂူးဝမ်းပွဲစဉ်အဖြစ် ပြန်ကစားခဲ့ရာ အမှတ်ပေးဇယားထိပ်ဆုံးမှ ပီအက်စ်ဂျီအသင်းသည် မိုနာကိုအား ပထမ ပိုင်းမှာပင် အမ်ဘပ်ပီနှစ်ဂိုးသွင်းပြီး ဦးဆောင် နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ကီဗင်ဗော်လန်က နှစ်ဂိုးပြန်ချေပပြီး ဖာဘရီဂတ်စ်က ပွဲပြီးရန် ခြောက်မိနစ်အလိုတွင် ပယ်နယ်တီမှ အနိုင်ဂိုးသွင်းခဲ့၍ မိုနာကိုက ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ထိုပွဲတွင် အောက်တိုဘာ ၃၁ ရက်က တည်းက ဒဏ်ရာကြောင့်နားနေရသည့် အမ်ဘပ်ပီ ပထမဆုံး ပြန်ကစားနိုင်ခြင်းဖြစ်ပြီး နှစ်ဂိုးသွင်းကာ ဒုတိယဂိုးကို ပယ်နယ်တီ မှသွင်းခဲ့သည်။ ဒုတိယဂိုးသွင်းပြီးမကြာမီ မှာပင် ပီအက်စ်ဂျီအတွက် မွိုက်ဆီကိန်းက တစ်ဂိုးထပ်သွင်းသော်လည်း VAR စနစ်ပြန် ကြည့်ပြီး လူကျွံဘော သတ်မှတ်ခဲ့၍ ပီအက်စ်ဂျီ နစ်နာခဲ့ရသည်။ ပထမပိုင်းပြီးရန် တစ်မိနစ် အလိုတွင်လည်း အမ်ဘပ်ပီဂိုး ထပ်သွင်းမှုကို ကွင်းလယ်ဒိုင်က လူကျွံဘောပေးခဲ့ပြန်သည်။

ဒုတိယပိုင်းတွင် မိုနာကိုမှ ကီဗင်ဗော်လန်က နှစ်ဂိုးပြန်သွင်းပြီး ပွဲပြီးခါနီး အငြင်းပွားဖွယ်ရာ ပယ်နယ်တီမှ တစ်ဆင့် ဖာဘရီဂတ်စ်က မိုနာကိုအတွက် အနိုင်ဂိုးသွင်းပေးခဲ့သည်။

Ref:AS