နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား ထောက်ခံပွဲကျင်းပ

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သား များအား ထောက်ခံပွဲကျင်းပ

နေပြည်တော်၊၂၀၂၃ခုနှစ်၊နိုဝင်ဘာ(၁၂)

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြ သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင် များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံ လျက်ရှိကြသည်။

ထိုသို့အားပေးထောက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန် မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ငြိမ်းချမ်းရေးလို လားသည့် ပြည်သူများက တိုင်းပြည်အလုံးစုံ ပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို လည်း ယခုလို တင်ပြလိုက်ပါသည်-

ကိုမင်းမင်း

ကျွန်တော်ကတော့အမျိုးသားရေးညီကိုမောင်နှမများ ရန်ကုန်ရဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာအမျိုးသားရေး အစည်းအရုံး -MM0 အထွေထွေအတွင်းရေးမှူးလည်း ဖြစ် ပါတယ်။ နယ်စပ်မှာဝင်ပြီးတော့ တိုက်ခိုက်နေတဲ့ KIA အပါအဝင် TNLA , MNDAA , AA အဲ့ဒီအဖွဲ့တွေကို ကျွန်တော်တို့ ရှုံ့ချခြင်းနဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်ကို  ထောက်ခံတဲ့ပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဒီလို တပ်မတော်ကို ထောက်ခံတဲ့ ပွဲလေးလုပ်ပေးတော့ ရှေ့တန်းမှာရောက်နေတဲ့ မြန်မာ့တပ်မတော်သား တွေပေါ့နော်။ သူတို့က အသက်စွန့်ပြီး တိုက်ခိုက်ပေးနေတဲ့အတွက် သူတို့ တိုက်ခိုက်လို့လည်း ခု ကျွန်တော်တို့ သွားသွားလာလာ လုံလုံခြုံခြုံနဲ့ အေးအေးချမ်းချမ်းနဲ့ သွားလာနေထိုင် နိုင်တာပေါ့နော်။ အဲ့လိုမျိုး သူတို့လည်းအားတတ်အောင် ကျွန်တော်တို့ ဒီကနေ ထောက်ခံပါတယ်၊ သူတို့နောက်မှာ ကျွန်တော်တို့လည်းရှိပါတယ်။ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့လည်း လက်နက်ဆွဲနိုင်ပါတယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ အဓိက ဒါပြောခြင်းဖြစ်ပါတယ်။

ကိုကြည်လွင်

ကျွန်တော်ကတော့ ပြည်သူပါပဲ ။ အမျိုးသားရေးစိတ်ရှိတဲ့ ပြည်သူတစ်ယောက် အနေနဲ့ ဒီမှာလာပြီးတော့ ဝန်းရံတာပါ။ ဒီနေ့အခမ်းအနားကတော့ အရမ်းကောင်းပါ တယ်။ ဘာကြောင့်လည်း ဆိုတော့ ရှေ့တန်းရောက်နေတဲ့ တပ်မတော်သားတွေကို ကျွန်တော်တို့ပြည်သူတွေကလည်း ထောက်ခံတယ်ဆိုတာကို ကျွန်တော်တို့လည်း လာပြတာပါနော်။ ကျွန်တော်တို့လို ပြည်သူတွေရှိတယ်။ အနောက်မှာ အမြဲတမ်း ထောက်ခံနေတယ်။ လိုအပ်ရင်လည်း အမြဲတမ်း ကူညီမယ်ဆိုတဲ့ အကြောင်းကို သိအောင်လို့ ကျွန်တော်တို့က ဒီလိုပွဲမျိုးတွေနဲ့ အားပေးတာပါ။

ထို့ပြင် နိုဝင်ဘာ၈ရက်၊ နိုဝင်ဘာ၁၀ရက်နှင့် (၁၁)ရက်နေ့တို့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းနှင့် မန္တလေးမြို့ပေါ်ရှိ လမ်းများ၊ မန္တလေးမြို့အဝင် အဝိုင်းထိပ်၊ မန္တလေး ကျုံးဘေး၊ ဧရာဝတီရတနာပုံတံတား၊ နေပြည်တော် ၊ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ လူငယ်ဘောလုံးကွင်းတို့တွင် အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများက အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား အလိုမရှိကြောင်း ရှုတ်ချကြပြီး ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးမှုကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။