အဖြစ်များလာသော သွေးချို ဆီးချိုရောဂါ သတိပြုစရာ
မျက်မှောက်ခေတ်တွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ တစ်ကမ္ဘာလုံးရှိ သွေးချို၊ ဆီးချိုရောဂါရှိသူဦးရေသည်လည်း ကြောက်မက်ဖွယ်ရာတိုးပွားလာသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ် နိုင်ငံတကာသွေးချိုဆီးချိုရောဂါအဖွဲ့ကြီး (nternational Diabetes Federation-IDF) ၏ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်၌အရွယ်ရောက်ပြီးသူ အသက် ၂၀ နှစ်နှင့် ၇၉ နှစ်ကြားလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းတွင် သွေးချို၊ ဆီးချိုရောဂါဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင် ၂၀၄၅ ခုနှစ်တွင် လူရှစ်ယောက်၌ တစ်ယောက်သည်
သွေးချို၊ ဆီးချိုရောဂါဖြစ်နိုင်ခြေရှိကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ နောင်တစ်ချိန်တွင် သွေးချို၊ ဆီးချိုရောဂါဖြစ်လာနိုင်ခြေများသော အကြိုသွေးချို၊ ဆီးချိုရောဂါ (Prediabets) အခြေအနေများဖြစ်သည့် IGT(Impaired Glucose Tolerance) မှာ ၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး IFG(Impaired Fasting Glyeaemina) မှာ ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
မြန်မာနိုင်ငံ၌ သွေးချို၊ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းတွေ့ရှိချက်စာတမ်း ၂၀၁၅ ခုနှစ်အရ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း သွေးချို၊ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ အမျိုးသမီးများသည် အမျိုးသားများထက် သွေးချို၊ ဆီးချိုရောဂါ ပိုမိုဖြစ်ပွားကြောင်း၊ အကြိုသွေးချို၊ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းမှာ နှစ်ဆနီးပါးပိုမိုများပြားပြီး ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သွေးချို၊ ဆီးချိုရောဂါ အဖြစ်များလာရခြင်းအကြောင်းရင်းများမှာ ကမ္ဘာ့နိုင်ငံအများစု၌ လူဦးရေ တိုးပွားလာခြင်း၊ အသက်အရွယ်ကြီးမြင့်သူဦးရေများပြားလာခြင်း၊ စီးပွားရေးများ တိုးတက်လာမှုကြောင့် လူနေမှုပုံစံတိုးတက် ပြောင်းလဲလာခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ စားသောက်မှု များပြားလာခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်းတို့ကြောင့် ကိုယ်အလေးချိန်ရှိသင့်သည်ထက် ပိုနေသူနှင့် အဝလွန်ကဲသူများလာခြင်းတို့ကြောင့် ဖြစ်သည်။
ကမ္ဘာတစ်ဝန်း၌ သွေးချို၊ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်လျှော့ချရန်နှင့် သွေးချို၊ ဆီးချိုရောဂါရှိသူ များကို ထိရောက်အောင်မြင်သောကုသမှုများပေးနိုင်ရန် နိုင်ငံတကာ သွေးချို၊ ဆီးချိုရောဂါအဖွဲ့ကြီးကို ၁၉၅၀ ပြည့်နှစ်မှ စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်မှ သွေးချို၊ ဆီးချိုရောဂါအဖွဲ့အစည်း ၂၄၀ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ သွေးချိုဆီးချိုရောဂါအဖွဲ့ (Myanmar Diabetes Association- MMDA) ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် IDF အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ MMDA အနေဖြင့် သွေးချို၊ ဆီးချိုရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ သွေးချို၊ ဆီးချိုရောဂါ ရှိသူများအနေဖြင့် နောက်ဆက်တွဲရောဂါများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အနေဖြင့် သွေးချို၊ ဆီးချိုရောဂါကို နိုင်ငံတကာကျန်းမာရေးပြဿနာဟု သတ်မှတ်ထားပြီး ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ် နိုဝင်ဘာလ ၁၄ ရက်ကို ကမ္ဘာ့သွေးချိုဆီးချိုရောဂါနေ့ (World Diabetes Day)အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၌ ကမ္ဘာ့သွေးချိုဆီးချိုရောဂါနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျန်းမာရေးပညာပေး ဟောပြောပွဲများပြုလုပ်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သွေးချို၊ ဆီးချိုရောဂါရှိသူများအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း အစီအစဉ်များဖြင့် နှစ်စဉ်ကျင်းပသည်။
သွေးချို၊ ဆီးချိုရောဂါအဖြစ်များသည့် နိုင်ငံများ၌ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ အနောက်ပစိဖိတ်နှင့် အရှေ့တောင်အာရှဒေသတို့ အဓိကပါဝင်ပြီး မြန်မာနိုင်ငံသည်လည်း သွေးချို၊ ဆီးချိုရောဂါအဖြစ်များသည့် နိုင်ငံတွင် ပါဝင်သဖြင့် ကြိုတင်ကာကွယ်ကုသရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်သည်။
သွေးချို၊ ဆီးချိုရောဂါဆိုသည်မှာ သွေးတွင်းသကြားဓာတ် မြင့်တက်နေသော အခြေအနေကို ခေါ်ဆိုနိုင်သည်။ သွေးချို၊ ဆီးချိုရောဂါရှိသူအများစုမှာ ရောဂါရှိမှန်းမသိရှိခြင်း၊ နောက်ဆက်တွဲရောဂါလက္ခဏာများဖြစ်သည့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ခြင်း၊ ခြေထောက်အနာဖြစ်ခြင်း၊ မျက်စိအမြင်အာရုံချို့ယွင်းခြင်း စသည်တို့ခံစားရမှ စစ်ဆေးသိရှိခြင်းတို့ကို မကြာခဏတွေ့ရှိရသည်။ သွေးချို၊ ဆီးချိုရောဂါနှင့် နောက်ဆက်တွဲပြဿနာများသည် လူနာနှင့်မိသားစု၏ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကိုထိခိုက်စေသည့်အပြင် နိုင်ငံတော်၏ ကျန်းမာရေးအသုံးစရိတ်ကိုပါ မြင့်တက်စေသည်။ နာတာရှည်သွေးချို၊ ဆီးချိုရောဂါရှိသူဦးရေများလာလျှင် နိုင်ငံတော်၌ အလုပ်လုပ်နိုင်သည့် လူဦးရေတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည်။ ထို့ကြောင့် သွေးချို၊ ဆီးချိုရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ရန်၊ ရောဂါရှိလျှင် ထိရောက်စွာကုသရန် လိုအပ်ပေသည်။
သွေးချို၊ ဆီးချိုရောဂါဟုသတ်မှတ်ရာတွင် နံနက်အိပ်ရာထ အစာမစားမီ သွေးချိုဓာတ် (126mg/dl) နှင့်အထက်ရှိသူများ၊ ဂလူးကို့စ် (75gm) သောက်ပြီး နှစ်နာရီအကြာ သွေးချိုဓာတ် (200mg/dl) နှင့် အထက်ရှိသူများ၊ HbA1C ခေါ် သွေးနီဥရှိ သွေးချိုဓာတ်များ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့်အထက်ရှိသူများကို သွေးချို၊ ဆီးချိုရောဂါရှိသည်ဟု သတ်မှတ်နိုင်သည်။
သွေးချို၊ ဆီးချိုရောဂါအမျိုးအစားအနေဖြင့် အမျိုးအစား(၁) သွေးချို၊ ဆီးချိုရောဂါ၊ အမျိုးအစား(၂) သွေးချို၊ ဆီးချိုရောဂါ၊ ကိုယ်ဝန်ဆောင် သွေးချို၊ ဆီးချိုရောဂါ၊ တခြားသွေးချို၊ ဆီးချိုရောဂါအမျိုးအစားများတွင် မျိုးရိုးဗီဇကြောင့်ဖြစ်သော သွေးချို၊ ဆီးချိုရောဂါ၊ မုန့်ချိုအိတ်ရောဂါများကြောင့်ဖြစ်သော သွေးချို၊ ဆီးချိုရောဂါ၊ စတီးရွိုက်ကဲ့သို့သောဆေးများ ရေရှည်သောက်သုံးခြင်းကြောင့်ဖြစ်သော သွေးချို၊ ဆီးချိုရောဂါတို့ဖြစ်သည်။
သွေးချို၊ ဆီးချိုရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်း သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏအတွင်းရှိနေစေရန် ထိန်းညှိပေးသော အဓိကဟော်မုန်းတစ်ခုဖြစ်သည့် အင်ဆူလင် ထုတ်လုပ်မှုလျော့နည်းခြင်း၊ ထုတ်လုပ်မှုလုံးဝမရှိခြင်းကြောင့်သော်လည်းကောင်း၊ ခန္ဓာကိုယ်ကလာပ်စည်းများမှ အင်ဆူလင်ဟော်မုန်းကို တုံ့ပြန်မှုနည်းခြင်း (Insulin Resistance)၊ အင်ဆူလင်ထွက်သော်လည်း ယင်း၏အာနိသင် အပြည့်အဝမပြနိုင်သော အခြေအနေများကြောင့်လည်းကောင်း အကြောင်းရင်း တစ်ခုခုကြောင့်ဖြစ်သည်။ ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်စားသောက်မှုပုံစံများ၊ ကစီနှင့်အဆီဓာတ်ကို အလွန်အကျွံစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ခန္ဓာကိုယ်ဝဖြိုးခြင်းတို့သည်လည်း သွေးချို၊ ဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။
မျက်မှောက်ခေတ်သုတေသနပြုမှုများအရ သွေးတွင်းသကြားဓာတ်ထိန်းသိမ်းမှု၊ သွေးချို၊ ဆီးချိုရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သောအချက်များတွင် အင်ဆူလင်ဟော်မုန်း၊ အူမှထုတ်သောဟော်မုန်း (GIP) နှင့် (GLP) များ၊ ဦးနှောက်မှ ဟော်မုန်းများ၊ Vitamin D ၊ Gut Microbiome ၊ အသည်းအဆီဖုံးခြင်း၊ ကျောက်ကပ်မှ စစ်ထုတ်သည့် သကြားဓာတ်ပြန်လည်စုပ်ယူနိုင်စွမ်း စသည့်အချက်အမျိုးပေါင်း ၁၁ ခုကို စမ်းသပ် တွေ့ရှိလာကြသည်။
သွေးချို၊ ဆီးချိုရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်သည့်အစီအစဉ်များအနေဖြင့် လူတိုင်းကို သွေးချို၊ ဆီးချိုရောဂါနှင့်ပတ်သက်သည့် ပညာပေးအစီအစဉ်များ တစိုက်မတ်မတ်ပြုလုပ်ပေးပြီး အမြဲလိုက်နာဆောင်ရွက်အောင် လေ့ကျင့်ပညာပေးခြင်းနှင့် သွေးချို၊ ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသူများကို စစ်ဆေးဖော်ထုတ် ကုသကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးရမည်ဖြစ်သည်။သွေးချို၊ ဆီးချိုရောဂါရှိသူများကို နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန် ကာကွယ်ပေးခြင်းနှင့် နောက်ဆက်တွဲရောဂါရှိသူ သွေးချို၊ ဆီးချိုဝေဒနာရှင်များကို စနစ်တကျကုသပေးခြင်းတို့ဖြင့် တက်ကြွလှုပ်ရှားသည့် လူနေမှုဘဝကို ဖန်တီးပေးရမည် ဖြစ်သည်။
သွေးချို၊ ဆီးချိုရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ထားသင့်သည့် နည်းလမ်းများမှာ ချိုလွန်း၊ ငန်လွန်း၊ အဆီများသောအစားအစာများကို လျှော့စားပါ။ ရေများများသောက်ပါ။ ရေဆာလျှင် ရေကိုသာသောက်ပြီး အချိုရည်များသောက်သည့်အလေ့အကျင့် ကို ရှောင်ကြဉ်ပါ။ ခန္ဓာကိုယ်အဝမလွန်စေရန် ထိန်းသိမ်းပါ။ တက်<ကလှုပ်ရှားမှုများသော လူနေမှုဘဝပုံစံကို တည်ဆောက်ပါ။ နားနေချိန်တွင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ (တစ်ရက်တွင် မိနစ် ၃၀ တစ်ပတ်လျှင် မိနစ် ၁၅၀)၊ ပြည့်ဝဆီများဖြစ်သည့် တိရစ္ဆာန်မှရသောအဆီများကို လျှော့စားပါ။ စိတ်ဖိစီးမှုများကိုလျှော့ချနိုင်အောင် ကြိုးစားပါ။ လုံလောက်စွာအိပ်စက်အနားယူပါ။
သွေးချို၊ ဆီးချိုရောဂါ စစ်ဆေးသင့်သူများ အရွယ်ရောက်ပြီးသူမည်သူမဆို အသက် ၃၅ နှစ်အထက်ရှိသူများ၊ မိသားစုမျိုးရိုးထဲတွင် သွေးချို၊ ဆီးချိုရောဂါရှိဖူးသူများ၊ ကိုယ်အလေးချိန်ပို၍ အဝလွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှု အလွန်နည်းသူများ၊ ကိုယ်ဝန်ဆောင် သွေးချို၊ ဆီးချိုဖြစ်ခဲ့ဖူးသူ အမျိုးသမီးများ၊ သားဥအိမ်တွင် အရည်ကြည်များတည်သည့် ရောဂါဖြစ်ဖူးသူအမျိုးသမီးများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါရှိသူများ၊ သွေးအတွင်းအဆီများသူများသည် သွေးချို၊ ဆီးချိုရောဂါရှိ၊ မရှိစစ်ဆေးသင့်သည်။
ယနေ့ကာလတွင် သွေးချို၊ ဆီးချိုရောဂါသည် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသမရွေးဖြစ်ပွားတတ်သောကြောင့် မဖြစ်ခင်ကပင် ကြိုတင်ကာကွယ်ရန်လိုအပ်သည်။ သို့ဖြစ်ပါ၍ သွေးချို၊ ဆီးချိုရောဂါကင်းဝေးပြီး ကျန်းမာသောဘဝများကိုပိုင်ဆိုင်ကြစေရန် ဆွေးနွေးဖော်ပြလိုက်ရပါသည်။
ဒေါက်တာသိင်္ဂီကျော်
(သွေးချိုဆီချိုရောဂါအထူးကုသမားတော်)