မြန်မာ့နိုင်ငံရေးပါတီများနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်

 

မြန်မာ့နိုင်ငံရေးပါတီများနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်

နိုင်ငံရေးပါတီများသည်   စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများ   မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင် ခွင့်ပြုထားသော နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံရေးပါတီများတွင်   ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးဆောင်ရွက်မည့် နိုင်ငံရေးပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးဆောင်ရွက်မည့်နိုင်ငံရေးပါတီဟူ၍ရှိပါသည်။ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ပါတီ၏ နိုင်ငံရေးဝါဒသဘော

တရားနှင့်လုပ်ငန်းစဉ်၊ ပါတီဝင်အင်အားဖွဲ့စည်းပုံနှင့်အခြေခံစည်းမျဉ်း၊ ဘဏ္ဍာရေး ဆိုင်ရာစည်းမျဉ်းများ၊ ပါတီဌာနချုပ်နှင့် ပါတီရုံးခန်းများစသည်ဖြင့် ခိုင်မာစွာဖွဲ့စည်းတည်ဆောက်ကြရပါသည်။  တစ်နည်းအားဖြင့် နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထုအတွင်း   စည်းရုံးဆောင်ရွက်ပြီး ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များအား ပြည်သူလူထု၏ထောက်ခံမဲဖြင့် နိုင်ငံတော်တာဝန်ကို  ထမ်းဆောင်ခွင့်ရမည့်အဖွဲ့အစည်းများဖြစ်ပါသည်။

ပါလီမန်ဒီမိုကရေစီခေတ်   နိုင်ငံရေးပါတီများ

ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်နိုးကြားလာရာမှ နိုင်ငံရေးပါတီများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ပေါ်ပေါက်ခဲ့ပြီး ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှတစ်ဆင့် နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရောက်ခဲ့ရာ နိုင်ငံရေးအစ ဝိုင်အမ်ဘီအေက  ဟု ဆိုစမှတ်ပြုခဲ့ကြသည်။

လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်ဦးကာလတွင်  နိုင်ငံရေးပါတီနှင့်နိုင်ငံရေးအင်အားစုအဖွဲ့များ  အမြောက်အမြားပေါ်ပေါက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ   ဥပဒေအာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်သော်လည်း   နိုင်ငံရေးအင်အားစုများတွင် ဝါဒစွဲ၊ ဂိုဏ်းကွဲ၊  အုပ်စုကွဲများအခြေအနေ၊  တောခိုလက်နက်ကိုင်သောင်းကျန်းမှုအခြေအနေများကြောင့်  ၁၉၅၁-၁၉၅၂ ခုနှစ်မှသာ ပထမအကြိမ်ရွေးကောက်ပွဲကို   ကျင်းပနိုင်ခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ဖဆပလနှင့်ပမညတ အတိုက်အခံ ညွန့်ပေါင်းအင်အားစုတို့ အဓိကအားပြိုင်ခဲ့ရာ  ဖဆပလသည် အမတ်နေရာအများစုဖြင့် အနိုင်ရခဲ့ပြန်သည်။ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ ခုနှစ်တွင် ဖဆပလအစိုးရအတွင်း ပုဂ္ဂိုလ်ရေးနှင့်အာဏာရရေးအခြေခံသည့် သန့်ရှင်းနှင့် တည်မြဲတို့ နိုင်ငံရေးအုပ်စုကွဲဂယက်နှင့်   အစိုးရယန္တရားပျက်ယွင်း တော့မည့်   အခြေအနေ တို့ကြောင့် တပ်မတော်က  အိမ်စောင့်အစိုးရဖွဲ့ကာ နိုင်ငံ့တာဝန်ယူခဲ့ရပြီးနောက် ပြန်လည်ကျင်းပပေးခဲ့သည့် ၁၉၆၀ ပြည့်နှစ် တတိယအကြိမ်  ရွေးကောက်ပွဲတွင်  သန့်ရှင်းဖဆပလအနိုင်ရရှိခဲ့သည်။   သန့်ရှင်းဖဆပလတို့က ပြည်ထောင်စုပါတီအမည်ပြောင်း၍ အစိုးရအာဏာရယူပြီး မကြာမီမှာပင် နိုင်ငံရေးအာဏာလုပွဲ အကွဲအပြဲဖြစ်ရပ်များ၊   ဖက်ဒရယ်ပြဿနာနှင့် ပြည်ထောင်စုမှခွဲထွက်ရေး ကြိုးပမ်းလာမှုများကြောင့် ၁၉၆၂ ခုနှစ်တွင်တပ်မတော်က   တော်လှန်ရေးကောင်စီဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ကိုရယူခဲ့ရသည်။ ပါလီမန်ဒီမိုကရေစီ   ပထမခေတ်ကာလတွင် လွတ်လပ်ရေးနှင့်အတူ   ပါလာသည့် ပြည်တွင်းရောင်စုံ သောင်းကျန်းမှု၊ တရုတ်ဖြူ ပြည်ပကျူးကျော်မှု၊ နိုင်ငံရေးအုပ်စုကွဲ၊ ဂိုဏ်းကွဲများနှင့်   အုပ်ချုပ်ရေးယန္တရားပျက်ပြားမှု၊ အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲမှုနှင့်  ပြည်ထောင်စုမှခွဲထွက်ရေး ကြိုးပမ်းမှု  အနိဋ္ဌာရုံတို့ဖြင့် ဖြတ်သန်းခဲ့ရပြီးနောက် ၁၉၆၂ ခုနှစ်တွင်  ပါလီမန်ဒီမိုကရေစီပထမခေတ်  တစ်ခန်းရပ်ခဲ့ရလေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်  ဖွဲ့စည်းခဲ့သည်။ ၁၉၇၁ ခုနှစ် ပါတီညီလာခံတွင် ပြည်သူ့ပါတီအဖြစ် ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏   စီးပွားရေးမူဝါဒများ ယိုယွင်းလာမှုကိုအကြောင်းပြ၍ ၁၉၈၈ ခုနှစ်တွင် အရေးအခင်းများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီခေတ်မှသည်  ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏  တစ်ပါတီဆိုရှယ်လစ်စနစ်ဖြင့် ၁၉၈၈ ခုနှစ်အထိ  ၂၆ နှစ်ကြာမြင့်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကြိုးစားတည်ဆောက်ရင်း ကွန်မြူနစ်တို့၏အန္တရာယ်များကို တွန်းလှန်ဖယ်ရှားခဲ့ရသည်။ အလံနီကွန်မြူနစ်၊ အလံဖြူ(ဗကပ)ကွန်မြူနစ်၊   ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)နှင့်   ယင်းတို့၏ပါတီကွဲ၊ အုပ်စုကွဲ၊ ပုဂ္ဂိုလ်ကွဲများ မြေပေါ်ဆိုရှယ်နီ (ပမညတ)များက   ဝိုင်းဝန်းဆန့်ကျင်တိုက်ခိုက်ကြသည်။ ဗကပ့ွ များအပြင် တိုင်းရင်းသား   လက်နက်ကိုင်များနှင့် ပြည်တွင်း၊ ပြည်ပ၊ လက်ဝဲ၊ လက်ယာ၊ မြေပေါ်မြေအောက်  အနှောင့်အယှက်များကြောင့် လိုရာသို့မရောက်ဘဲ နိုင်ငံ၏စီးပွားရေးအားနည်းခဲ့ရသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ နိုင်ငံတော်၏အဘက်ဘက်မှ ပျက်စီးယိုယွင်းနေသောအခြေအနေ၊ တိုင်းပြည်ပြိုကွဲတော့မည့် အခြေအနေ၊ ပြည်ပမှ ဝင်ရောက်စွက်ဖက်လာမှုကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးမည့် အခြေအနေတို့ကို အချိန်မီထိန်းသိမ်းနိုင်ရန် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တပ်မတော်က  နိုင်ငံတော်၏ အာဏာအရပ်ရပ်ကိုတာဝန်ယူခဲ့ရပြီး တစ်ပါတီအုပ်ချုပ်ရေးစနစ် ချုပ်ငြိမ်းသွားခဲ့ရသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ နိုင်ငံရေးပါတီများ

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု  တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင်   ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပေးရမည်ဟု ကြေညာခဲ့ပြီး ဦးဘဌေးအမှူးပြုသော ရွေးကောက်ပွဲ ကော်မရှင်ကို တာဝန်ပေး၍  နိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ပြုခဲ့ရာ   နောက်ဆုံး မှတ်ပုံတင်ခွင့်ပြုသည့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ အချိန် ၅ လအတွင်း နိုင်ငံရေးပါတီပေါင်း ၂၃၉ ပါတီမှတ်ပုံတင်ခဲ့ပါသည်။ ဦးသုဝေ၏ဒီမိုကရေစီပါတီက ပထမဆုံး မှတ်ပုံတင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ သုံးအုပ်စုပူးပေါင်း၍ အောင်စုတင်) ပါတီက ဒုတိယမှတ်ပုံတင်သည်။ ဒေါက်တာစိန်ဝင်း ခေါင်းဆောင်ပြီး အမျိုးသားဒီမိုကရေစီပါတီကို ဖွဲ့စည်းမှတ်ပုံတင်သည်။ ဒီမိုကရေစီပါတီတွင်   ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က နာယကများဖြစ်သည်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်   မှတ်ပုံတင်စအချိန်က ဦးအောင်ကြီး ဥက္ကဋ္ဌ၊ ဦးတင်ဦး ဒု-ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်  အထွေထွေအတွင်းရေးမှူးတို့ဖြစ်သည်။  အတွင်းရေးမှူးအဖွဲ့ဝင် ၃ ဦးမှာ  ဗိုလ်မှူးကြီးဟောင်း ကြည်ဟန်၊ ဒုတိယဗိုလ်မှူးကြီးဟောင်း ချစ်နိုင်၊ ဟံသာဝတီ ဦးဝင်းတင်တို့ဖြစ်သည်။ ဒေါ်မြင့်မြင့်ခင် စည်းရုံးရေးမှူး၊ ဦးလွင် ဘဏ္ဍာရေးမှူး၊  ဦးအောင်လွင် ပြန်ကြားရေးမှူး၊   ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေ စည်းရုံးရေးဌာနမှူး၊ ဦးကြည်မောင် သုတေသနဌာနမှူး၊  ဦးဘရွှေအုပ်ချုပ်ရေးဌာနမှူးတို့ဖြစ်သည်။ မှတ်ပုံတင်ပေးပြီးသည့် ပါတီများထဲတွင် အချို့ပါတီများမှာ တောတွင်းကွန်မြူနစ်ပါတီ ဗကပ၏ ဒီမိုကရေစီအရေခြုံ ဖွဲ့စည်းခိုင်းထားသော ပါတီများဖြစ်နေကြောင်း စိစစ်တွေ့ရှိရသည့် ပြည်သူ့တိုးတက်ရေးပါတီ (ရန်ကုန်)၊ အမြဲစိမ်းလူငယ်များပါတီ(မုံရွာ)၊ မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မန္တလေး)တို့အား မှတ်ပုံတင်ခွင့်ဖျက်သိမ်းခဲ့သည်။  ဒေါက်တာစိန်ဝင်းနှင့် NLD ပါတီအမတ်  အများအပြားတောခို၍ နယ်စပ်တွင် NCGUB ယှဉ်ပြိုင်အစိုးရဖွဲ့စည်းသဖြင့် NLD ပါတီမှ ထိုသူများအား ထုတ်ပယ်ပြီးဖြစ်ကြောင်း ကော်မရှင်သို့ စာဖြင့်တင်ပြခဲ့သည်။ အောင်စုတင် ခေါ် NLD သည်လည်း ဦးအောင်ကြီးအုပ်စုနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အုပ်စုကွဲခဲ့ကြသည်။ ဦးတင်ဦးက မျိုးချစ်ရဲဘော်များအဖွဲ့ချုပ်ဝင် တပ်မတော်အရာရှိဟောင်းနှင့် တစ်အုပ်စု၊ ဦးအောင်ကြီးက ဦးကြည်မောင်အပါအဝင်  ဗိုလ်မှူးကြီးဟောင်းများ စသည့် ၁၃ ဦးနှင့်တစ်အုပ်စု၊ ဒေါ်အောင်ဆန်းစုကြည်က ရှစ်လေးလုံးကာလ သူမကိုဝန်းရံသော လက်ဝဲမျိုးစုံ ဦးကိုယု၊ ရဲဘော်ချမ်းအေး၊ ဟံသာဝတီဦးဝင်းတင်၊   ရှေ့နေ  ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ မောင်သောက၊ ဦးထွန်းတင်တို့ဖြစ်သည်။ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ကွန်မြူနစ်များဖယ်ရှားရန် တိုက်တွန်းသည်။  ဦးအောင်ကြီးသည် တိုက်တွန်းချက် မအောင်မြင်ဘဲ NLD ပါတီမှထွက်ခဲ့ရပြီး ပြည်ထောင်စုတိုင်းရင်းသားများဒီမိုကရေစီပါတီကို ထူထောင်သည်။ ထိုစဉ်က ထူထောင်ခဲ့သည့် ၂၃၉ ပါတီထဲမှ စည်းကမ်းနှင့်မညီညွတ်သဖြင့် မှတ်ပုံတင်ခွင့်ငြင်းပယ်ခဲ့သည့်ပါတီ ၄ ပါတီ၊ ပါတီတွင်း  မရပ်တည်နိုင်သည့်အခြေအနေများအရ ပါတီမှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ပေးရန် လျှောက်ထားသဖြင့် ယင်းတို့၏ဆန္ဒအရ ဖျက်သိမ်းခဲ့ရသည့် ပါတီ ၁၀၂ ပါတီရှိခဲ့သည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတော်အား လက်နက်စွဲကိုင် တိုက်ခိုက်နေသော သောင်းကျန်းသူ   အဖွဲ့အစည်းများ၏ မြေပေါ်မြေအောက်  အဖွဲ့အစည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်ပါတီ ၃ ပါတီကိုဖျက်သိမ်းခဲ့ရသည်။ ရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒနယ် ၃ နယ်မှာပင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သည့်ပါတီ ၃၇ ပါတီကိုလည်း ပယ်ဖျက်ခဲ့ရသည်။ ရွေးကောက်ပွဲမကျင်းပမီမှာပင် ပါတီ ၁၄၂ ပါတီကို  ဖျက်သိမ်းခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်  မေလ ၂၇ ရက်နေ့တွင်ကျင်းပခဲ့သည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်   ၉၃ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ရွေးကောက်ပွဲကျင်းပပြီးနောက်  ပါတီဖျက်သိမ်းပေးရန် ဆန္ဒအလျောက်တင်ပြလာသည့် ပါတီ ၁၅ ပါတီ၊ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည့် ပါတီ ၅ ပါတီ၊ ပါတီလှုပ်ရှားမှုနှင့် အလုပ်အမှုဆောင်အဖွဲ့မရှိတော့သည့် ပါတီ ၇ ပါတီ၊ နိုင်ငံရေးပါတီအင်္ဂါရပ်နှင့် မညီညွတ်တော့သည့်  ပါတီ ၅၆ ပါတီတို့ကိုလည်း ကော်မရှင်ကဥပဒေနှင့်အညီ ဖျက်သိမ်းခဲ့ရသဖြင့် မူလက မှတ်ပုံတင်ခဲ့သည့်  ပါတီပေါင်း  ၂၃၅ ပါတီတွင် တရားဝင်ရပ်တည်နိုင်သည့်  ပါတီ ၁၀ ပါတီသာကျန်ရှိပြီး   ယင်းတို့အနက် ၅ ပါတီသာ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  မှတ်ပုံတင်ခွင့်ပြန်လည် လျှောက်ထားခဲ့သည်။ ထိုအချိန်က  ပါတီမှတ်ပုံတင်ကြေး ၅၀၀ ကျပ် ပေးသွင်းကာ ပါတီအမည်၊ အမှုဆောင်အဖွဲ့တစ်ဖွဲ့ရှိလျှင် လွယ်လွယ်မှတ်ပုံတင်နိုင်သည်ဟုပြောစမှတ်ပြုခဲ့သည်။ ပါတီမူဝါဒ၊ လမ်းစဉ်၊ အင်အားလောက်လောက်လားလားပီပီပြင်ပြင်မရှိဘဲ လူ ၁၀ ယောက် ငွေ ၅၀၀ ရှိလျှင်  ပါတီတစ်ခုဖွဲ့နိုင်သလို ဖြစ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့်နိုင်ငံရေးပါတီများ

၁၉၉၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ၉၃ ပါတီ    ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရပါတီအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အစိုးရတာဝန်လွှဲအပ်နိုင်ရေးအတွက်  လိုအပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကို  ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးရရှိခဲ့သည့် NLD ပါတီနှင့် ယင်းပါတီအမတ်များက  အမျိုးသားညီလာခံမှ ကျောခိုင်းထွက်ခွာသွားခဲ့သဖြင့် ပါတီစုံခေတ်ပြန်လည်ရှင်သန်စေမည့် လမ်းကြောင်းဖြစ်သော  ၁၉၉၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်သည်လည်း ပျက်ပြယ်သွားခဲ့ရပါသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်ရှေ့ဆက်သွားမည့်   မူဝါဒ ၇ ချက်ကိုချမှတ်၍ အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သည်။ အမျိုးသားညီလာခံမှ ပေါ်ထွက်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) မူကြမ်းကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပသည့်  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံဆန္ဒမဲ ၉၂ ဒသမ၄ ရာခိုင်နှုန်းဖြင့်  အတည်ပြုနိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်  မတ်လ ၈ ရက်နေ့တွင်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို  အသစ်ပြဋ္ဌာန်းပြီး ပထမအကြိမ်  လွှတ်တော်သက်တမ်းအတွက်  လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  ၂၀၁၀  ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပေးခဲ့သည်။ တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ရသည့် အုပ်ချုပ်ရေးစနစ်မှ ပြည်သူကရွေးကောက်တင်မြှောက်သည့်   ပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ညင်သာချောမွေ့စွာ ကူးပြောင်းပေးနိုင်ခဲ့သည်။   နိုင်ငံတော်အေးချမ်းသာယာရေးနှင့်   ဖွံ့ဖြိုးရေးကောင်စီသည်   ပါတီစုံဒီမိုကရေစီစနစ်သို့  အသွင်ကူးပြောင်းရန်အတွက်   အုပ်ချုပ်ရေး၊  စီးပွားရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးနှင့် အေးချမ်းသာယာရေးလုပ်ငန်းများကို   ပြီးပြည့်စုံအောင်ဆောင်ရွက်ပြီး ပြည်သူတို့ လိုလားတောင့်တခဲ့သည့်   ပါတီစုံဒီမိုကရေစီစနစ်  ဒုတိယခေတ်ကာလကို   ပြန်လည်လမ်းခင်းပေး၍ အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းပေးခဲ့ပါသည်။

ပါတီစုံဒီမိုကရေစီခေတ် နိုင်ငံရေးပါတီများ

၂၀၁၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၉၈၇ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ နိုင်ငံရေးပါတီ ၂၂ ပါတီမှကိုယ်စားလှယ် ၁၁၄၈ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၆ ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ၃၂၅  နေရာတွင် ၂၅၉ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာတွင် ၁၂၉ နေရာအနိုင်ရရှိခဲ့ပြီး လွှတ်တော် ၂ ရပ်ပေါင်း ၄၉၃ နေရာအနက် ၃၈၈ နေရာရရှိခဲ့သည်။ ပထမအကြိမ် လွှတ်တော်သက်တမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ ၂၀၁၀ ပြည့်နှစ်   ဇွန်လ ၁ ရက်နေ့တွင်   နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်မှတ်ပုံတင်ခဲ့ပြီး  ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိကာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ပါတီဗဟိုအလုပ်အမှုဆောင် ၂၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရသည် တပ်မတော်အစိုးရက လမ်းခင်းပေးခဲ့သော  ပါတီစုံဒီမိုကရေစီအသွင်ကူးပြောင်းရေး  လုပ်ငန်းများကို ဖော်ဆောင်ရင်း လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့်  ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအခွင့်အရေး၊ ဖက်ဒရယ်အရေး၊ လူသားချင်းစာနာထောက်ထားရေး စသည်တို့ကိုအကြောင်းပြ၍  နိုင်ငံတကာအဖွဲ့အစည်းမျိုးစုံနှင့်  အနောက်အုပ်စုများ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ဆောင်ရွက်ခဲ့ပြီး အကြံပြုချက်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊   လေ့လာရေးအစီအစဉ်များဖြင့် အသွင်ကူးပြောင်းရေး ဆွေးနွေးကြရင်းနှင့် အချိန်ကုန်ဆုံးခဲ့ရပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်များလျော့နည်းကာ မိတ္ထီလာကိစ္စ၊ ရခိုင်အရေးအခင်း၊ လက်ပံတောင်းတောင် ဆန္ဒပြပွဲများ စသည့်လူမျိုးရေး၊ ဘာသာရေး၊ ဒေသတွင်းပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့ရသည်။   မြစ်ဆုံစီမံကိန်းလည်း ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ရပ်နားခဲ့ရသည်။  အစိုးရအဖွဲ့အတွင်း  ပြုပြင်ပြောင်းလဲရေးသမား၊ မူဟောင်းထိန်းသမား၊ ကြားနေသူများဟု အုပ်စု ၃ စု ကွဲခဲ့ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြုပြင်ပြောင်းလဲရေးသမား ၁၀ ရာခိုင်နှုန်း၊ မူဟောင်းထိန်းသမား ၄၅ ရာခိုင်နှုန်း၊ ကြားနေသူ ၄၅ ရာခိုင်နှုန်းပါဝင်ကြောင်း သံတမန်များအား ပြောကြားခဲ့သည်။   ထို့ပြင်  မြန်မာအီးဂရက်စ်ကဲ့သို့သော အဖွဲ့အစည်းများကို အကြံပေးအဖြစ်လက်ခံခဲ့ပြီးနောက် အစိုးရအဖွဲ့အတွင်း အပျော့ဂိုဏ်းနှင့်အမာဂိုဏ်း ပြဿနာဖြစ်ခဲ့ရသည်။

ထို့ပြင်    ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈  ခုနှစ်)အရ  ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာတို့အား ပိုင်းခြားကျင့်သုံးဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့အစိုးရနှင့်   ဥပဒေပြုလွှတ်တော်များကြား သဘောထားကွဲလွဲကာ  ပါတီထိပ်ပိုင်းခေါင်းဆောင်များအကြား အုပ်စုဖွဲ့အားပြိုင်မှုများ ဖြစ်ပွားခဲ့သည်။ နိုင်ငံတော်သမ္မတက  ကန့်ကွက်နေသည့်ကြားကဥပဒေပြုလွှတ်တော်များက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း  ၁၀၀၀  ထုတ်ပေးရန် ဆုံးဖြတ်ဆောင်ရွက်ခြင်း၊  လွှတ်တော်အမတ်များ၏လစာကို  ၁၀  သိန်းကျပ်အထိ တိုးမြှင့်ပြီး နေ့စဉ်ထောက်ပံ့ကြေး ၁၀၀၀၀   ကျပ်ရရှိရန်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်သမ္မတက     သဘောမတူသဖြင့်  လက်မှတ်ရေးထိုးခြင်းမရှိသော ဥပဒေများပြဋ္ဌာန်းခြင်း၊ ပြည်သူလူထုအကျိုး၊ နိုင်ငံတော်၏ အကျိုးစီးပွား မပါဝင်သည့် ပြည်ထောင်စုအဆင့် အငြင်းပွားခြင်းကိစ္စများ၊ ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွား ရှာပုံတော်ကိစ္စရပ်များ ဖြစ်ပွားခဲ့ရသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီ အမတ်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ မူဝါဒများကို ဝေဖန်ရာတွင် အတိုက်အခံပါတီမှအမတ်များထက်ပင်   ပိုမိုအသံကျယ်လောင်ခဲ့ကြကြောင်း ပြောဆိုမှုများရှိခဲ့သည်။  ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ပါတီဥက္ကဋ္ဌရာထူးနေရာ ရယူလိုမှု ကိစ္စများဖြင့်   အုပ်စုဖွဲ့အားပြိုင်ကာ ပါတီတွင်း   စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရသည်။ ပါတီအတွင်း သူရဦးရွှေမန်းနှင့် ဝန်ကြီးအဟောင်းများ ပါဝင်သည့်လွှတ်တော်ကိုယ်စားလှယ်များ၊ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝန်ကြီးအချို့နှင့် ဗဟိုကော်မတီဝင်များ၊ ကြားနေအရပ်သားဗဟိုကော်မတီဝင်များနှင့် အလုပ်အမှုဆောင်များဟု ၃ မျိုးကွဲခဲ့ကြသည်။  အထင်ရှားဆုံးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု   ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံပေးပို့ခဲ့သည့်စာကို သတင်းမီဒီယာများအား  ပြန်လည်ဖြန့်ဝေခြင်း၊ သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်အားလုံး ရွေးကောက်ခံအမတ်ဖြစ်စေရန် လွှတ်တော်အတွင်းပြင်ဆင်ရန်ကြိုးပမ်းခြင်း စသည့်အချက်များသည် ပါတီခေါင်းဆောင်များ အချင်းချင်း အကွဲအပြဲများဖြစ်ပွားစေခဲ့သည်။ အဆိုးဆုံးမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းပင်ဖြစ်သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစတင်၍ ဒေါ်အောင်ဆန်းစုကြည်   လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး ဒေါ်အောင်

ဆန်းစုကြည်နှင့်သူရဦးရွှေမန်းတို့ တံခါးပိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းကို လွှတ်တော်အတွင်းရှိ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များနှင့်အစိုးရအဖွဲ့အတွင်း   သံသယဖြစ်ခဲ့ရသည်။ ထို့ပြင် သမ္မတ၊ ဒုတိယသမ္မတနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏   လစာငွေကိစ္စ၊ ပင်စင်လစာ တိုးမြှင့်ခြင်းကိစ္စ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုအဆင့် သတ်မှတ်ခြင်းကိစ္စတို့ ပါဝင်သည့် နိုင်ငံတော်သမ္မတ၏  လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စုံစမ်းပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက  ပြည်ထောင်စုလွှတ်တော်နာယကထံ စာရေးသားပေးပို့ခဲ့သည်။ နောက်ပိုင်းတွင် အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်မှ နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်ခြင်းများ ဆောင်ရွက်လာနိုင်သည်ဟူသော သံသယစိတ်များ ဖြစ်ပွားခဲ့ကြသည်။ ထိုအကွဲအပြဲဇာတ်လမ်းများသည်   ရွေးကောက်ပွဲနီးလာသည်နှင့် ပါတီတွင်း   စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရသည်။ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီအချိန်တွင်   ခေတ္တဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို  ဖယ်ရှားခဲ့သည့် ညတိုက်ပွဲ ဟူ၍ပင် ပြောစမှတ်တွင်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ရသည်။  ပါတီတွင်းစည်းလုံးညီညွတ်မှုပျက်ပြားခဲ့သဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများတွင် ရှုံးနိမ့်ခဲ့ရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ပြီး   နိုင်ငံရေးပါတီ ၉၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၅၇၂၈ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။  နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ် ၁၁၄၅ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်  ၅ ဦး  ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ြီူ ပါတီက အစိုးရဖွဲ့ကာ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အာဏာရရှိခဲ့သည်။

NLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် ပါတီအတွင်း  သဘောထားကွဲလွဲမှုများဖြစ်ခဲ့သည်။  ရွှေဂုံတိုင်ကြေညာစာတမ်းကို ဆုပ်ကိုင်ထားသည့် ဦးဝင်းတင်ခေါင်းဆောင်သောအဖွဲ့၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်အတွင်းမှဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်လိုသည့် ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့်အဖွဲ့၊ ဦးအောင်ရွှေခေါင်းဆောင်သော ကြားနေအဖွဲ့ စသည်ဖြင့် သဘောထားကွဲလွဲခဲ့ကြသည်။ ဦးတင်ဦးက ရွေးကောက်ပွဲဝင်ရောက်ရန်   ကန့်ကွက်ခဲ့သည်။

နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏သဘောဆန္ဒအရ ရွေးကောက်ပွဲမဝင်ရောက်ရန်ဆုံးဖြတ်ခဲ့သဖြင့် NLD ပါတီသည် ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်ခဲ့ပြီးဖြစ်သည်။ ဦးခင်မောင်ဆွေနှင့်  ဒေါက်တာသန်းငြိမ်းတို့ အမျိုးသားဒီမိုကရေစီအင်အားစု (NLD)ပါတီအမည်ဖြင့် ရွေးကောက်ပွဲဝင်ရောက်ရန် မှတ်ပုံတင်ခဲ့သဖြင့် NLD ပါတီမှယင်းတို့အပါအဝင် ဗဟိုကော်မတီဝင် ၁၃ ဦးကို  ပါတီမှထုတ်ပယ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် သမ္မတဦးသိန်းစိန်က ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် မြန်မာအီးဂရက်စ်အဖွဲ့တို့တွေ့ဆုံပြီး NLD ပါတီအား နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပြန်လည်ပါဝင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဝန်ကြီး ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်    တွေ့ဆုံဆွေးနွေးရန်   တာဝန်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းရရှိချက်များအပေါ်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ     ဦးခင်အောင်မြင့်၊  ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့နှင့်   ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့တင်ပြခဲ့သည်။ လွှတ်တော်များမှ ဥပဒေပြင်ဆင်ပေးခဲ့ပြီး NLD ပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ NLD ပါတီအမတ်များလွှတ်တော်အတွင်း  ရောက်ရှိလာခဲ့ ကြသည်။ NLD ပါတီသည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အပါအဝင် ပါတီကိုထောက်ခံဝန်းရံသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်  လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ၊ ပါတီအတွင်း၊ ပါတီပြင်ပ  စည်းရုံးဆောင်ရွက်မှုများကြောင့် ၂၀၁၅ ခုနှစ်  ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့သည်။ NLD  ပါတီ အစိုးရသက်တမ်းတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြွေးကြော်၍ ဆောင်ရွက်ခဲ့ကြသော်လည်း  အောင်မြင်မှုမရရှိဘဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေနိုင်သည့် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပြဿနာများ ဖြစ်ပွားခဲ့ရသည်။ NLD ပါတီ၏အစိုးရသက်တမ်း ၅ နှစ်တွင် အစိုးရအဖွဲ့နှင့်  လွှတ်တော်များအတွင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၏အကြံပေးများ ဝင်ရောက်စွက်ဖက်ဆောင်ရွက်ခဲ့ကြသည်။ ဂျော့ဆိုးရော့စ်နှင့်ပတ်သက်ခဲ့သူ  မြန်မာနိုင်ငံအမျိုးသားလုံခြုံရေး အကြံပေးတာဝန်ပေးထားသော ဦးသောင်းထွန်းကို အစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကိစ္စ၊ ရခိုင်ပြည်နယ်ဆိုင်ရာ     အကြံပေးကော်မရှင်တွင် ကိုဖီအာနန် ခေါင်းဆောင်၍ နိုင်ငံခြားသား ၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်၏ အကြံပြုချက်များဖြင့် ဆောင်ရွက်ခြင်းကိစ္စတို့တွင်   လွှတ်တော်အတွင်း  ကန့်ကွက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗြိတိသျှသံရုံးမှ ဂျိုးဖစ်ရှာကို အနီးကပ်ခေါ်ယူထား ခြင်း၊ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံမှ ICJ တွင် တရားစွဲဆိုခြင်းတို့မှာ OIC  နှင့်ပတ်သက်ခဲ့ပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေခဲ့သည်ဟု  ဝေဖန်ပြောဆိုမှုများ   ပြင်းထန်ခဲ့သည်။  ဝန်ကြီးဌာနများတွင် နိုင်ငံတကာအကြံပေးများအဖြစ် နိုင်ငံရေးအကြံပေး ဂျိုးဖစ်ရှာ၊ ရခိုင်အရေးကိစ္စ  ကိုဖီအာနန်၊ စီးပွားရေး အကြံပေး ရှောင်တနယ်တို့အပါအဝင် နိုင်ငံခြားသား ၉၀ ကျော်ကိုခန့်အပ်ခဲ့ပြီး နိုင်ငံခြားသားငှားရမ်းခ တစ်နှစ်လျှင် ကျပ် ၂၅ ဘီလီယံခန့်  သုံးစွဲခြင်းကိစ္စများအတွက် လွှတ်တော်အတွင်း  မေးမြန်းပြစ်တင်ခံခဲ့ရသည်။

နိုင်ငံတော်၏ ကြွေးမြီများအနေဖြင့် သမ္မတဦးသိန်းစိန်  အစိုးရအပါအဝင် ယခင်အစိုးရများလက်ထက်  ၇၃ နှစ်တာကာလအတွင်း စုစုပေါင်းပြည်ပချေးငွေ   အမေရိကန်ဒေါ်လာ ၉၀၈၆ ဒသမ ၇၉၆  သန်းဖြစ်ခဲ့သော်လည်း  NLD အစိုးရသက်တမ်း ၃ နှစ်တာကာလအတွင်း ပြည်ထောင်စု လွှတ်တော်မှအတည်ပြုပေးသည့် ပြည်ပ ချေးငွေများမှာ ၁၀၀၀၀ ဒသမ ၂ သန်းအထိရှိခဲ့သည်။ နိုင်ငံခြားချေးငွေများ မြောက်မြားစွာ ရယူသုံးစွဲခဲ့ရသည်။ NLD အစိုးရသည် အစိုးရတစ်ရပ်ဖြစ်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများ၏လွှမ်းမိုးမှု၊ အကြံပြုမှုများဖြင့် ဝင်ရောက်စွက်ဖက်ကာ ယင်းတို့အလိုကျထိန်းကျောင်း ဆောင်ရွက်ခြင်းကိုခံခဲ့ရသည်။ နိုင်ငံတော်၏ လုံခြုံရေး၊  စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်လူမျိုးရေးရာကိစ္စများ၊ အစိုးရအဖွဲ့နှင့်လွှတ်တော်များမှ အကောင်အထည်ဖော် ဆောင်ရွက်ရသော    ကိစ္စများအတွက် ဒေါ်အောင်ဆန်းစုကြည်၏  အတည်ပြု ချက်ဖြင့်သာ ဆောင်ရွက်ကြရသည်ဆိုသော်လည်း မလွန်ဆန်နိုင်သည့်  နိုင်ငံတကာ အဖွဲ့အစည်းများနှင့်  အကြံပေးများ၏ ကြိုးဆွဲရာကရသည့်အဖြစ်မျိုးသို့ ရောက်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်  အနေဖြင့် နိုင်ငံတော်ကို သမ္မတအုပ်ချုပ်မှာမဟုတ် သူမအုပ်ချုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစိုးရအဖွဲ့တာဝန်လွှဲပြီးသည်နှင့် သမ္မတနှင့် ဒုတိယသမ္မတများကို   ရုံးဖွဲ့စည်းမှု အကြောင်းပြ၍ သူမ၏အမိန့်ဖြင့်ရုံးတက်ရောက်ခွင့်ပိတ်ပင်ခဲ့သည့် ကာလများရှိခဲ့သည်။ လွှတ်တော်များတွင် ဆွေးနွေးမည့် အစီအစဉ်များကို သူမထံ တင်ပြခွင့်ပြုချက်ရရှိမှဆောင်ရွက်ရခြင်းများလည်း ရှိခဲ့သည်။

လွှတ်တော်အတွင်း  မေးခွန်းနှင့်အဆိုများအတွက် ထောက်ခံခြင်း၊  ကန့်ကွက်ခြင်း၊ ဆွေးနွေးခြင်းတို့တွင်  သူမနှင့်ပါတီ၏ ညွှန်ကြားချက်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ရသည်။ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူခဲ့သည့် သာဓကများရှိခဲ့သည်။ မြန်မာ့နိုင်ငံရေးပါတီများ၏ သမိုင်းစဉ်တစ်လျှောက် ပါတီတွင်း စည်းလုံးညီညွတ်မှု အားနည်းခဲ့ကြသလို  ပါတီခေါင်းဆောင်များအချင်းချင်း အကွဲအပြဲများ ဖြစ်ခဲ့ကြရသည်ကိုလည်း တွေ့ရှိရသည်။   ထိုသို့ဖြစ်ပွားရခြင်းမှာ  သဘောတရားအယူဝါဒအကြောင်းခြင်းရာ၊ နိုင်ငံရေးအကြောင်းခြင်းရာ၊ အမျိုးသားရေးအကြောင်းခြင်းရာများကြောင့်ဖြစ်ပေါ်ရခြင်းထက် ပုဂ္ဂလိက ရာထူးနေရာ ရယူလို၍သော်လည်းကောင်း၊ သူ့လူကိုယ့်လူ ဆရာတပည့်မွေး၍ တိုက်ခိုက်ကြခြင်း ဖြင့်သော် လည်းကောင်း၊ မိမိပါတီကို အထင်ကြီးလွန်းခြင်း၊ သူတစ်ပါးတိုင်းတစ်ပါးကို အထင်ကြီးလွန်းခြင်းနှင့် အခြားပါတီ

များကိုတိုက်ခိုက်ခြင်းတို့ဖြင့် ပါတီအတွင်း၊ ပါတီပြင်ပစည်းလုံးညီညွတ်မှုကျဆင်းခဲ့ကြရသည်။ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ရသည်။ နိုင်ငံရေးပါတီများအနေဖြင့် ပါတီအတွင်း  ဒီမိုကရေစီနည်းလမ်းကျကျ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သော်လည်း  ပါတီခေါင်းဆောင်များ အနေဖြင့် အာဏာရှင်ဆန်ဆန် ဆောင်ရွက်မှုနှင့်   ပါတီဖွဲ့စည်းပုံစည်းမျဉ်းများကို မျက်ကွယ်ပြုမှုများလည်း ရှောင်ရှားသင့်ပါသည်။ ပြည်သူလူထုအကျိုး၊ နိုင်ငံ့အကျိုးဆောင်ရွက်ကြရာတွင်  ပါတီအကျိုးထက် နိုင်ငံ့အကျိုး၊   အများပြည်သူအကျိုးကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများအခြေအနေ

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ ၈ ရက်နေ့တွင်   တတိယအကြိမ်  လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  ကျင်းပခဲ့သည်။ နိုင်ငံရေးပါတီ ၈၇ ပါတီမှ ကိုယ်စားလှယ် လောင်း  ၅၃၇၉ ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း  ၂၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ သို့သော် ရွေးကောက်ပွဲတွင် အာဏာရပါတီအစိုးရ၏  ပါဝင်စွက်ဖက်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝင်ရောက်ဆောင်ရွက်မှုများကြောင့် မဲစာရင်းကြီးမားစွာမှားယွင်းမှုများ၊ မဲမသမာမှုဖြစ်စဉ်များကို  တာဝန်ယူဖြေရှင်းခြင်း မပြုဘဲ လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်အာဏာကို ရယူမည့်အခြေအနေတို့ကြောင့် တပ်မတော်သည်  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလပြဋ္ဌာန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈  ခုနှစ်)အရပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများစတင်ကျင်းပခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှစ၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမတိုင်မီ အချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  မှတ်ပုံတင်ခွင့်ပြုခဲ့သည့်  နိုင်ငံရေးပါတီပေါင်း ၁၂၈ ပါတီရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခဲ့ရသည့်နိုင်ငံရေးပါတီ ၃၆ ပါတီရှိ၍ နိုင်ငံရေးပါတီ ၉၂ ပါတီ ကျန်ရှိပါသည်။ နိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာသောနိုင်ငံရေးပါတီများမှာ ၄၃ ပါတီ၊  တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီများ ၁၉ ပါတီနှင့် ဒေသ အလိုက် ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၃၀ ပါတီရှိပါသည်။ အဆိုပါ နိုင်ငံရေးပါတီအများစုသည် ၂၀၁၀ ပြည့်နှစ်မတိုင်မီက တည်ရှိခဲ့သည့် ပါတီအချို့ပါဝင်သလို  ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်ကာလများနှင့် ၂၀၂၀ ပြည့်နှစ်မတိုင်မီထိ တည်ထောင်ခဲ့ကြသည့် ပါတီများဖြစ်ကြပြီး သက်တမ်းကာလအားဖြင့် ဆယ်စုနှစ်ကျော် သက်တမ်းရှိသည့် ပါတီများရှိသကဲ့သို့   အနည်းဆုံးကာလအားဖြင့် သုံးနှစ်ကျော် လေးနှစ်နီးပါး ရှိကြပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် မူဝါဒ၊ လမ်းစဉ်ခိုင်မာမှုမရှိသဖြင့်  ပါတီထူထောင်သူများအပေါ်   မူတည်၍ ရွေးကောက်ပွဲဝင်နိုင်ရုံသာ ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပါတီများလည်းရှိခဲ့သည်။ ပါတီရုံးခန်းများဖွင့်လှစ်ခြင်း၊  ပါတီရန်ပုံငွေ၊ ပါတီဝင်အင်အားများနှင့်   စပ်လျဉ်း၍ နိုင်ငံရေးပါတီတစ်ရပ်နှင့် ညီညွတ်အောင် ဆောင်ရွက်နိုင်မှုများ အားနည်းသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်ပြဋ္ဌာန်းရာတွင်  နိုင်ငံရေးပါတီများအားကောင်းမောင်းသန်ဖြင့်  တောင့်တင်းခိုင်မာပြီး နိုင်ငံတော်ကို ဦးဆောင်နိုင်မည့်ပါတီများ ပေါ်ထွက်လာစေရန် ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ ပါတီရုံးခန်းများ စသည်ဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေမှာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီ ၇၀ ကျော်အနက် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် ၂၂ ပါတီသာယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။ ကိုယ်စားလှယ်နေရာ ၅၀ နေရာနှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်သောပါတီ ၁၃ ပါတီခန့်သာရှိပြီး အများစုမှာ ကိုယ်စားလှယ်နေရာ ၅၀ အောက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ၂၀ ရာခိုင်နှုန်းကျော်သောပါတီများသည် အနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်ဦးရေဖြစ်သည့် ၃ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်တင်မြှောက်ခံရမှုအခြေအနေကို လေ့လာပါက  လွှတ်တော်ကိုယ်စားလှယ်နေရာ အနည်းဆုံး ၁ နေရာရရှိသည့်ပါတီများအပါအဝင် အရေအတွက်မှာ ဝင်ရောက်ယှဉ်ပြိုင်သည့်ပါတီ ၉၀ ခန့်အနက် ၂၀ ပါတီ ဝန်းကျင်သာရှိသည်ကို  တွေ့ရှိရသည်။ နိုင်ငံရေးပါတီအများစုသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် အနိုင်ရရှိမှုနည်းပါးသည်ကိုတွေ့ရပြီး  ခိုင်မာအားကောင်းသည့်ပါတီများ ဖြစ်လာရေး နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်တူသည့်ပါတီများပူးပေါင်းဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်ကြောင်း အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်အရ နိုင်ငံရေးပါတီများ ၂၃၉ ပါတီအထိ ဖွဲ့စည်းခဲ့သည့် ကာလတစ်ခုရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ နိုင်ငံရေးပါတီများ များပြားခဲ့သော်လည်း   ရွေးကောက်ပွဲများတွင် အနိုင်ရသဖြင့်   အစိုးရဖွဲ့နိုင်သည့်ပါတီများမှာ ဖဆပလ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ဖြစ်သည်။ ပါတီများ များပြားသလောက် ပါတီဝင်အင်အားစုစည်းနိုင်သည့် ပါတီများနည်းပါးပြီး ပါတီအလိုက် ပြည်သူကို  ကိုယ်စားပြုနိုင်မှုအားနည်းသည်ကို တွေ့ရှိရသည်။ 

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားသော၊  နိုင်ငံတော်၏ ကျေးဇူးသစ္စာကို  စောင့်သိရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ခိုင်မာအားကောင်းသော  နိုင်ငံရေး ပါတီများ ပေါ်ထွက်လာရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ယခုအချိန်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့်တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၄ ပါတီ ရှိပြီး ယင်းတို့အနက် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၇ ပါတီနှင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၃၂ ပါတီ  စုစုပေါင်း ၃၉ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ကျန်ပါတီများကိုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊  နည်းဥပဒေများနှင့်အညီ ဆက်လက်စိစစ်  ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏  နိုင်ငံရေးပါတီအပေါ် လေ့လာချက်များအရ  ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသည့်နိုင်ငံရေးပါတီများ၊ စစ်မှန်၍စည်းကမ်းပြည့်ဝသော နိုင်ငံရေးပါတီများ တည်ရှိဖို့လိုအပ်ကြောင်း  အထင်အရှားတွေ့ရပေသည်။ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများသည်လည်း ခိုင်မာအားကောင်းသည့်နိုင်ငံရေးပါတီများ ဖြစ်လာစေဖို့ ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ယင်းဥပဒေ၊ နည်းဥပဒေများတွင်လည်း ပါတီငယ်များ၊  တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားပါတီများအနေဖြင့် ရပ်တည်ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးထားပါသည်။ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သည့် ပါတီကြီးငယ်မရွေး အားလုံးပါဝင်နိုင်ရေးသည် အရေးကြီးသည့်အတွက် အားလုံးပါဝင်နိုင်အောင်   ဆောင်ရွက်ပေးထားကြောင်း တွေ့ရပေသည်။

နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပြည်သူကိုကိုယ်စားပြုပြီး         တိုင်းပြည်တာဝန်များကို ဦးဆောင်ဦးရွက်ပြုကြရမည့်သူများ  ဖြစ်ပါသည်။

ခိုင်မာအားကောင်းသည့်နိုင်ငံရေးပါတီများဖြစ်စေရန်  တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက်မည့်ပါတီဖြစ်ပါက တစ်နိုင်ငံလုံးနှင့်လျော်ညီစွာပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန်    လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့်  မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန်   လိုအပ်ပါသည်။ ထို့အတူ   တိုင်းဒေသကြီး   သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန်   လိုအပ်ပါသည်။

ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့်    မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် မိမိကိုယ်တိုင် ခိုင်ခိုင်မာမာ  ရပ်တည်ဖွဲ့စည်းနိုင်မှသာ တိုင်းပြည်အကျိုး၊ ပြည်သူများ၏အကျိုးကို ဆောင်ရွက်ပေးနိုင်မည်  ဖြစ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ရေရှည်အကျိုးကိုမျှော်ကိုးပြီး တိုင်းပြည်အတွက်၊ အများပြည်သူလူထုအတွက်  စည်းကမ်းပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် ပြဋ္ဌာန်းဥပဒေများနှင့်အညီ တိတိကျကျ  မှန်မှန်ကန်ကန်ဆောင်ရွက်သွား ရမည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီများသည် လူမှုအကျိုးစီးပွားများကို ဖော်ဆောင်ခြင်း၊ ပါတီဝင်အသစ်များစုစည်း၍ အနာဂတ်နိုင်ငံရေးမျိုးဆက်သစ်များ ပျိုးထောင်မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်အား ဦးဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးတိုင်းပြည်တာဝန်များကို ဦးဆောင်ဦးရွက်ပြုကြရမည့်သူများ  ဖြစ်ပါသည်။ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်စေရန် တစ်နိုင်ငံလုံးစည်းရုံးဆောင်ရွက်မည့်ပါတီဖြစ်ပါက  တစ်နိုင်ငံလုံးနှင့်လျော်ညီစွာပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေးပါတီရုံးခွဲများရှိရန်  လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့်  မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်ပါသည်။ ထို့အတူ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေ၊ နိုင်ငံရေး

ပါတီရုံးခွဲများရှိရန်လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင်လည်း သတ်မှတ်ထားသည့်  မဲဆန္ဒနယ်အရေအတွက်ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် မိမိကိုယ်တိုင် ခိုင်ခိုင်မာမာရပ်တည် ဖွဲ့စည်းနိုင်မှသာ တိုင်းပြည်အကျိုး၊ ပြည်သူများ၏အကျိုးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်  ရေရှည်အကျိုးကိုမျှော်ကိုးပြီး တိုင်းပြည်အတွက်၊ အများပြည်သူလူထုအတွက် စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် ပြဋ္ဌာန်းဥပဒေများနှင့်အညီ တိတိကျကျမှန်မှန်ကန်ကန်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

နိုင်ငံရေးပါတီများသည် လူမှုအကျိုးစီးပွားများကို ဖော်ဆောင်ခြင်း၊ ပါတီဝင်အသစ်များစုစည်း၍ အနာဂတ်နိုင်ငံရေး မျိုးဆက်သစ်များ ပျိုးထောင်မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်အား ဦးဆောင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်း ပြည့်ဝသူများလုံလုံလောက်လောက်ရှိရေးဆောင်ရွက်ကြရန်  လိုအပ်ပါသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ရခြင်းမှာ နိုင်ငံရေးပလက်ဖောင်းတစ်ခုရရှိရေးဆိုသည့် ကျဉ်းမြောင်းသည့် နိုင်ငံရေးလုပ်စားခွင့်အခြေအနေ ဖန်တီးမှုမျိုးမဖြစ်သင့်ဘဲ နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုး၊ အများကောင်းကျိုးတို့အတွက် ရည်မှန်းချက်ဖြင့်ဆောင်ရွက်သင့်ပါသည်။ နိုင်ငံ၏အရေးအရာများတွင်  ပါဝင်ဆောင်ရွက်ကြရပါမည်။ 

နိုင်ငံတော်အတွင်းဖြစ်ပေါ်နေသော သဘာဝဘေး၊  ကပ်ရောဂါဘေး စသည်တို့အပြင် လက်ရှိအခြေအနေအရ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေလျက်၊ သိပါလျက်နှင့် မသိချင်ယောင်မဆောင်ဘဲ နိုင်ငံရေးပါတီကောင်းတစ်ခုပီသစွာ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင်  ဝိုင်းဝန်းကြိုးပမ်းကြရပေမည်။  သို့မှသာ  ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိပြီး ပြည်သူလူထု၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းကာ    လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို  အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် ကျော်လွှားကြရမည်ဖြစ်ပါသည်။

ယနေ့အချိန်အခါသည်  စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန် နှင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဦးတည်ဆောင်ရွက်နေသည့် အားလျော်စွာ   နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိပြီး      နိုင်ငံတော်တာဝန်ကို    ထမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်  တင်ပြလိုက်ရပါသည်။   ။

ရည်ညွှန်းချက်

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

          ဖွဲ့စည်းပုံအခြေခံဥပဒေ

၂။      နိုင်ငံရေးပါတီများ  မှတ်ပုံတင်ခြင်း

          ဥပဒေ၊ နည်းဥပဒေများ

၃။      မြန်မာ့နိုင်ငံရေးဖြစ်စဉ်အကျဉ်း

၄။      မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွှတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်းများ၂၀၁၀-၂၀၁၆

၅။      နိုင်ငံရေးနှင့်နိုင်ငံရေးပါတီ

၆။      ဒီမိုကရေစီဒုတိယအစိုးရသစ်နှင့်  မြန်မာနိုင်ငံ

၇။      သူရဦးရွှေမန်းကိုလေ့လာခြင်း

၈။      မြန်မာနိုင်ငံရေးပါတီ (၂၀၂၂)

၉။      နိုင်ငံတော်၏ ပြည်ပကြွေးမြီအခြေအနေနှင့်     ပဲရစ်ကလပ်ကြွေးမြီရှင်းလင်းခြင်း          အတွေ့အကြုံ