မြန်မာ့ရိုးရာကျောက်ဆစ်ပန်းပုလုပ်ငန်း

 

မြန်မာ့ရိုးရာကျောက်ဆစ်ပန်းပုလုပ်ငန်း

စာရေးသူအနေဖြင့် ကျောက်ဆစ်ပန်းပုပညာရပ်နှင့်ပတ်သက်ပြီး စိတ်ဝင်စားသည်။ ယင်းပညာကို လွယ်လွယ်ခေါ်ရလျှင်  ကျောက်ဆစ်ထုပညာဟု ခေါ်ရပေမည်။ ယင်းလုပ်ငန်း၏သက်တမ်းမှာ  နှစ်ပေါင်း ၇၀၀ ကျော်ပြီဟု သိရသည်။ ပုဂံခေတ်က သဲကျောက်ကို  အသုံးပြုထုလုပ်ခဲ့ကြောင်း   ကျောက်ဆစ်ပန်းပုပညာရှင်ကြီး ဦးအေးမောင်၏ပြောပြချက်အရ သိရသည်။

စာရေးသူသည်  ကျောက်ဆစ်ပန်းပုလုပ်ငန်းကို စိတ်ဝင်စားသောကြောင့်  မန္တလေးမြို့ အမှတ်(၂၂)ဘုရားကြီး ကျောက်ဆစ်တန်း မြန်မာ့လက်မှုကျောက်ဆစ်ပန်းပုလုပ်ငန်းရှင်   ဆရာကြီးဦးအေးမောင်၏ အလုပ်ရုံသို့သွားရောက်၍ မေးမြန်းဖြစ်ခဲ့သည်။ ယင်းပညာသည်  ကျောက်ဆစ်ထုပညာဟုဆိုသော်လည်း ပန်းချီပညာကိုအခြေခံသည်။  ဆရာကြီးဦးအေးမောင်သည် ရွှေတံဆိပ်ဆုရ ပန်းချီဆရာကြီး ဦးခင်မောင်ထံတွင်   ပန်းချီပညာကို   သုံးနှစ်ခန့်   စနစ်တကျသင်ကြားခဲ့ရသည်။

ဗုဒ္ဓရုပ်ပွားတော်များ   ထုလုပ်မှုနှင့်ပတ်သက်ပြီး ထုလုပ်သည့်ကျောက်အမျိုးအစားမှအစ   မေးမြန်းကြည့်မိသည်။ ထိုအခါ ဆရာကြီးက စကျင်ကျောက်ကိုသုံးစွဲရပုံအပြင်     စကျင်ကျောက်နှင့်ပတ်သက်၍ ဗဟုသုတ ဖြစ်ဖွယ်များကို ရှင်းပြသည်။ စကျင်ကျောက်ကို စကျင်ရွာသို့သွားရောက်ဝယ်ယူရသည်။  အရွယ်အစားမှာ ၁၅ ပေ၊ ၁၆ ပေ၊ ၁၇ ပေ၊ ပေ ၂၀  စသည်ဖြင့်ရှိသည်။    တချို့ကျောက်ဆစ်ထုပညာရှင်များက  ကျောက်ရိုင်းတုံးများကို  အလုပ်ရုံအထိ သယ်မလာကြတော့ဘဲ ထိုနေရာ၌ပင် ရုပ်လုံးပေါ်လာသည်အထိ  ထုဆစ်ပြီးမှ  အလုပ်ရုံသို့ သယ်လာကြသည်။ ဗုဒ္ဓရုပ်ပွားတော်ထုဆစ်မည့်  စကျင်ကျောက်တုံးသည်  အပြစ်အနာအဆာကင်းရသည်။

ကျောက်တုံးကို စတင်ထုဆစ်မည်ဆိုပါက ဗဟိုမျဉ်းချရသည်။ ယင်းနောက်  အဖိုးတန်ကျောက်များကို အပြစ်အနာအဆာရှာရသည်။   အပြစ်အနာအဆာအနည်းငယ်တွေ့လျှင်     ယင်းအပြစ်အနာအဆာကို ရှောင်ကွင်းပြီး ထုလုပ်ရမည့် ဉာဏ်တော်ကို  ချိန်ဆရသည်။ မိမိလိုချင်သည့် ကျောက်တုံးအရွယ်အစားကို ရပြီဆိုပါက ဦးစွာ သံစို့နှင့်ရုပ်လုံးဖော်ရသည်။ ရုပ်လုံးပေါ်လာသည်နှင့်   ဆောက်ပြားနှင့်အချောလိုက်ရသည်။  အချောလိုက်ပြီး ဗြောင်နေရာများကို စက်ဖြင့်ပွတ်တိုက်ရသည်။ ရှေးယခင်က ရုပ်တုကို ချောသည့်နေရာတွင်  တံစဉ်းကိုသုံးကြရသည်။  လက်ရှိတွင် စက်ဖြင့်တိုက်ပြီး ချောကြသည်။ သင်္ကန်းရှိသည့်နေရာမျိုးကို စက်ဖြင့်မပွတ်တိုက်ဘဲ တံစဉ်းနှင့်ချောရသည်။

ဗုဒ္ဓဆင်းတုတော်များ၏ လက်တော်အနေအထား(မုဒြာ) ပုံစံ  ၅၀ ကျော်ရှိပြီး   ထုလုပ်သည့်အခါ အပ်နှံသူ၏ဆန္ဒအတိုင်း  မုဒြာကိုထုလုပ်ပေးရသည်။  ဗုဒ္ဓဆင်းတုတော်များကို    တစ်ဦးချင်းမှာယူလေ့ရှိကြသည်။ ပြည်ပနိုင်ငံ များအနေဖြင့်   တရုတ်နိုင်ငံနှင့် တရုတ်(တိုင်ပေ)တို့က အများဆုံးမှာယူကြကြောင်း သိရသည်။ ဗုဒ္ဓဆင်းတုတော်၏ ဉာဏ်တော်  လက်မ ၆၀ ကိုထုလုပ်လျှင် အချိန်ကာလ နှစ်လကျော်ကြာမြင့်လေ့ရှိသည်။ ထိုသို့ထုဆစ်နေရင်း အပြစ်အနာအဆာတွေ့လျှင် ထုလက်စကိုရပ်ပြီး ထိုစကျင်ကျောက်တုံးကို  ပယ်လိုက်ရသည်။ ထုဆစ်ရင်း ကျိုးပဲ့သွားလျှင်လည်း ပယ်ရသည်။

ကျောက်ဆစ်ထုလုပ်သည့်အခါ  ဓာတုပစ္စည်းများကိုမသုံးဘဲ ဆူး၊ ဆောက်များကိုသာ  အားထား အသုံးပြုကြသည်။  ဉာဏ်တော် ၅ ပေ၊ ၆ ပေအရွယ်အစားရှိ    ဗုဒ္ဓဆင်းတုတော်များကို   မှာယူမှုများကြောင်း သိရသည်။  ပြန်လည်ရောင်းချသူများကမူ  ဉာဏ်တော် ၁၀ လက်မ၊ ၁၂ လက်မများကို အရေအတွက်ရာနှင့်ချီ၍   မှာယူကြသည်။    ဝယ်ယူသူများက ရွှေသင်္ကန်းကိုပါ  တစ်ပါတည်းကပ်ခိုင်းကြလေ့ရှိပြီး ပြည်ပမှမှာယူလျှင် ရွှေသင်္ကန်းကို ခပ်ကျဲကျဲချပေးရကြောင်း သိရသည်။

ကျောက်ဆစ်ပန်းပုလုပ်ကိုင်သူများအနေဖြင့်  ဗုဒ္ဓဆင်းတုတော်၊ ကျောက်စာနှင့် သိမ်တိုင်တို့ကို လက်ခံလုပ်ကိုင်ပေးကြသည်။ ဆင်ရုပ်၊ ခြင်္သေ့ရုပ် စသည့် အရုပ်များကို လုပ်ကိုင်ပေးရသည့်အခါ အနည်းဆုံး ၁၂ လက်မရှိရသည်ဟုဆိုသည်။  ထုလုပ်ပေးရသည့် ဗုဒ္ဓရုပ်ပွားတော်များမှာ ဇမ္ဗူပတိချွတ်ခန်း၊  ဓမ္မစကြာ၊ ရွှေသာလျောင်း၊  ရဟန္တာရုပ်တုတော်တို့ဖြစ်သည်။

တစ်ခါတစ်ရံတွင်   တခြားရုပ်တုများကို   လာအပ်လျှင်လည်း  ထုလုပ်ပေးရသည်။  ရောင်းချရာတွင် ကျောက်သားကောင်းနှင့်ထုလုပ်ပေးရသည်က  တစ်ဈေး၊ ဒုတိယတန်းစားက တစ်ဈေးရောင်းချရကြောင်း သိရသည်။

ကျောက်ဆစ်ပန်းပုလုပ်ကိုင်သည့်နေရာ၌ လက်ရာကောင်းလျှင် ကောင်းသလို အလုပ်သမားကို လုပ်အားခပေးရသည်။ ထုဆစ်ပုံမှာ ဦးစွာ ကျောက်တုံးအရိုင်းကို လေးဖက်ရိုက်ရသည်။ လေးဖက်ရိုက်သည်ဆိုသည်မှာ   ဗုဒ္ဓဆင်းတုတော်လေးဖက်ပေါ်အောင် ပုံဖော်ပေးရခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ရလျှင် လုပ်သားက ပုတ်ပြတ်တောင်းလေ့ရှိသည်။ လုပ်အားခ သောင်း၊ သိန်းနှင့်ချီ၍ပေးရသည်။   လက်ဖောက်၊  ခြေဖောက်(လက်နှင့်ခြေထောက်ဖော်ပေးသူ)သူကိုလည်း ပုတ်ပြတ်ပေးရသည်။

ဗုဒ္ဓဆင်းတုတော်၏ ကိုယ်ထည်တော်ကို ထုဆစ်သူ တခြားတစ်ယောက်ဖြစ်သည်။ ကိုယ်ထည်ရော၊ သင်္ကန်းရောထုဆစ်ဖော်ပေးသူလည်းရှိသည်။ ၎င်းတို့ကို လက်ရာအလိုက် နေ့စားခပေးရသည်။ တံစဉ်းတိုက်လုပ်သားကိုလည်း လုပ်အားခတစ်မျိုးပေးရသည်။ ဗုဒ္ဓဆင်းတုတော်အရောင်ထွက်လာအောင် သံကျောက်၊ သဲကျောက်များဖြင့်ပွတ်ပေးရသည်။ ယင်းနောက် ဗုဒ္ဓဆင်းတုတော်ကို ကော်ဖတ်စားရသည်။ အင်ကြင်းပင်မှ ကျောက်ဖြစ်သွားသည့်ကျောက်ကို   သနပ်ခါးသွေးသကဲ့သို့သွေးပြီး အဆိုပါအနှစ်ဖြင့် ဗုဒ္ဓဆင်းတုတော်ကို  တိုက်ပေးရသည်။  သို့မှ  အရောင်ထွက်သည်။  နောက်ဆုံးအဆင့်  ရွှေချရန်အတွက် သဖန်းစေးနှင့်ကောက်ကြောင်းပေးရသည်။ ရွှေချပြီးလျှင် ကျောက်ဆစ်ပန်းပုထုခြင်းပြီးစီးပြီဖြစ်သည်။

ကျောက်ဆစ်ပန်းပုပညာသည်  ပန်းဆယ်မျိုးတွင် ပန်းတမော့ပညာရပ်၌ပါဝင်သည်။   ထိုပညာရပ်ကို သင်ယူမည်ဆိုလျှင် စို့၊ ဆောက်၊ တံစဉ်း၊ ဆူး၊ လက်ရိုက်စသည့် ပစ္စည်းများကို  ကိုင်တွယ်ပုံစနစ်ကျရန် ဦးစွာသင်ရသည်။  လုပ်ငန်းကျွမ်းကျင်ရန်  ငါးနှစ်ခန့်သင်ကြားရသည်။ အဆိုပါလုပ်ငန်းကို ခေတ်မီလုပ်ငန်းတစ်ခု ဖြစ်လာစေရန်၊   စားပွဲတင်အလှပစ္စည်းမျိုးစုံထုဆစ်၍  ပြည်ပနိုင်ငံတို့သို့  တင်ပို့ရောင်းချနိုင်ရန် ကြိုးစားလျက်ရှိကြောင်း    ရေးသားဖော်ပြလိုက်ရပါသည်။      ။                     

ဝင်းဇော်(သုံးဆယ်)