အလှကုန်ပစ္စည်းဓာတ်မတည့်ခြင်းကြောင့် မျက်နှာအသားအရေ ပျက်စီးခြင်းအတွက် လွယ်ကူမြန်ဆန်စေမည့် အိမ်တွင်းကုထုံးများ
အလှကုန်ပစ္စည်းတချို့တွင် အသားအရေအတွက် သုံးစွဲရန်မသင့်လျော် သည့် ဓာတုပစ္စည်းများကို ထည့်သွင်းအသုံးပြုထားကာ ကြော်ငြာအမျိုးမျိုး ဖြင့် ရောင်းချနေကြသည်။ ထို့ကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA) က သုံးစွဲသူများဘေးကင်းစေရန် အလှကုန်ပစ္စည်းဈေးကွက်သို့ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး အများပြည်သူသို့ စဉ်ဆက်မပြတ် အသိပေးထုတ်ပြန်လျက်ရှိသည်။
တားမြစ်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် တခြားရောဂါများ ဖြစ်ပွားနိုင်သည်။
ပြဒါးအန္တရာယ်
အသားအရေတောက်ပစေသော အလှကုန်များတွင် ပြဒါးအပါအဝင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပါဝင်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) က ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ထုတ် ပြန်ခဲ့သည်။
အဆိုပါ ပြဒါးပါဝင်သည့် အလှကုန်ပစ္စည်းများကို လူအများစုက အသားအရေကြည်လင်ဝင်းပစေခြင်း၊ တင်းတိပ်နှင့်အမည်းစက်များ၊ အသက်အရွယ်ကြောင့်ဖြစ်သော အစက်အပြောက်များနှင့် ဝက်ခြံများ ပျောက်ကင်းသည်ဆို၍ အသုံးပြုနေကြသည်။ သို့သော် အသားအရေကို တောက်ပစေသောထုတ်ကုန်များသည် အရေပြားနီမြန်းခြင်းနှင့် အရောင်ပြောင်းခြင်းတို့ကို ဖြစ်စေနိုင်ပြီး အမာရွတ်၊ အာရုံကြောများ၊ အစာခြေစနစ်နှင့် ခုခံအားစနစ်ကို ထိခိုက်စေသည့်အပြင် စိုးရိမ်စိတ်များနှင့် စိတ်ဓာတ်ကျ ခြင်းတို့ကိုလည်း ဖြစ်ပေါ်နိုင်သည်။
အသားအရေတောက်ပစေသော ထုတ်ကုန်များတွင် ပြဒါးအတွက် 1mg/1kg(1ppm) ကို ကန့်သတ်ထားသည်။ သို့သော် ၂၀၁၈ ခုနှစ်က Zero Mercury Working Group နှင့် Biodiversity Research Institute က နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ထုတ်ကုန် ၃၀၀ ကျော် စမ်းသပ်မှုတစ်ခုတွင် အရေပြားတောက်ပသည့်ခရင်မ်များ၏ ၁၀ ရာခိုင်နှုန်းခန့် သည် ကန့်သတ်ချက်များထက်ကျော်လွန်နေပြီး ထုတ်ကုန်အများအပြား သည် ခွင့်ပြုထားသောပမာဏထက် အဆ ၁၀၀ ပါဝင်နေကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
အသားအရေတောက်ပစေသည့် ခရင်မ်များတွင် ပြဒါးပါဝင်မှုများပြားပြီး ပြဒါး၏အန္တရာယ်ရှိမှုကိုနားမလည်ဘဲ နေ့စဉ်အသုံးပြုနေကြသည်။ ထို့ပြင် အသားအရေတောက်ပစေသည့်ထုတ်ကုန်များသည် သုံးစွဲသူ အတွက် အန္တရာယ် ဖြစ်စေရုံသာမက နို့တိုက်မိခင်မှတစ်ဆင့် ကလေးကို ထိတွေ့နိုင်ခြင်း၊ အစားအသောက် ကွင်းဆက်များတွင် ညစ်ညမ်းသွားစေခြင်း၊ ရေနှင့်မြေဆီလွှာများ စသည့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက် နိုင်၍ ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေကြောင်း ပညာရှင်များက ဖော်ထုတ်တွေ့ရှိထားသည်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့အပါအဝင် တခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြဒါးအသုံးပြုမှုပပျောက်ရေးနှင့် အသားအရေတောက်ပစေသည့် ထုတ် ကုန်များလျှော့ချနိုင်ရေး အစီအစဉ်ကို လုပ်ဆောင်မည်ဖြစ်ရာ ယင်းအစီအစဉ်တွင် ကျန်းမာရေးအန္တရာယ်များ သတိပြုမိရန်လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများရေးဆွဲခြင်း၊ ဓာတုပစ္စည်းထုတ်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များတစ်လျှောက် ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုများကိုပါ ရပ်တန့်စေခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌လည်း ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင် သောပြဒါးကို ရွှေတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုနေဆဲဖြစ်သည်။ ပြဒါးသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောအဖွဲ့အစည်းပျက်စီးခြင်း၊ ဦးနှောက် ၏လုပ်ဆောင်မှုကို ထိခိုက်စေခြင်း၊ မျိုးရိုးဗီဇကိုထိခိုက်စေခြင်း၊ အရေပြားကို ဆိုးရွားစွာ ထိခိုက် စေခြင်း၊ မောပန်းခြင်းနှင့် ခေါင်းကိုက်ခြင်း၊ မျိုးဆက်ပြန့်ပွားမှုကို အဟန့်အတားဖြစ်ခြင်း၊ ဉာဏ်ရည်မမီ ဖြစ်စေခြင်း၊ နားထိုင်းခြင်းနှင့် ကြွက်သားများထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ပြဒါးသည် ရေထု သို့မဟုတ် မြေဆီလွှာသို့ ရောက်လာသောအခါ အလွန် သေးငယ်သောသက်ရှိများက လွယ်ကူစွာစုပ်ယူနိုင်သဖြင့် မြေဆီလွှာ အတွင်းနှင့် ရေအောက်ရှိ သက်ရှိသတ္တဝါများ၏ မျိုးပွားခြင်းပျက်စီးမှု၊ မျိုးရိုးဗီဇပြောင်းလဲမှုနှင့် ဂေဟစနစ်ပျက်စီးမှုတို့ကို ဖြစ်ပေါ်စေသည်။
လွယ်ကူမြန်ဆန်အိမ်တွင်းကုထုံးများ
လူတစ်ဦးနှင့်တစ်ဦး အသားအရေဖြစ်တည်ပုံမတူညီကြပေ။ ထို့ကြောင့် မည်မျှပင် ဈေးကြီးပေးဝယ်ထားရသည့် ပစ္စည်းကောင်းဖြစ်စေကာမူ မိမိမျက်နှာနှင့် ဓာတ်မတည့်မှုဖြစ်စေနိုင်၍ အထူးသတိပြုသုံးစွဲသင့်သည်။ အလှကုန်ပစ္စည်း ဓာတ်မတည့်ခြင်းကြောင့် Allergic ဖြစ်ပြီး မျက်နှာအသားအရေ ယာယီပျက်စီးနိုင်သည်။ တချို့မှာ မျက်နှာတစ်ခုလုံး ပျက်စီးလုနီးနီး အဖုအပိမ့်များ ထွက်လာတတ်သောကြောင့် အိမ်ထဲမှ အိမ်ပြင် မထွက်ရဲလောက်အောင်ဖြစ်ရသည်။
မိမိသုံးနေကျအလှကုန်ပစ္စည်းကိုသာ ဆက်လက်သုံးစွဲခြင်းက ဘေး ကင်းစေသည်။ မိမိမသုံးစွဲဖူးသေးသော အလှကုန်ပစ္စည်းအသစ်တစ်မျိုးကို သုံးစွဲပြီးနောက် ချက်ချင်း သို့မဟုတ် နောက်တစ်နေ့၌ မျက်နှာအရေပြား၊ အသားအရောင်တို့ ရုတ်တရက် ပြောင်းလဲသွားခြင်း၊ အဖုသေးသေးလေး များ ပေါ်ထွက်လာခြင်း၊ အသားအရေပွလာခြင်းမျိုး တွေ့ကြုံရပါက ထိုအလှကုန်ပစ္စည်းသုံးစွဲခြင်းကို ချက်ချင်းရပ်ပစ်သင့်သည်။
အလှကုန်ပစ္စည်းဓာတ်မတည့်ခြင်းကြောင့် မျက်နှာအသားအရေ ယာယီပျက်စီးသွားခြင်းဖြစ်၍ အလွန်အမင်း မစိုးရိမ်သင့်ပေ။ မျက်နှာအသားအရေကို မူလအတိုင်းပြန်ဖြစ်စေမည့် လွယ်ကူမြန်ဆန်စေသည့် အိမ်တွင်းကုထုံးတချို့ရှိသည်။
• သနပ်ခါးတုံးစစ်စစ်ကို သွေး၍လိမ်းပါ။ မျက်နှာအသားအရေ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည့်အချိန်ထိ နေ့၊ ည သနပ်ခါးတုံးစစ်စစ်တစ်မျိုးတည်းကိုသာလိမ်းသင့်သည်။
• တောင်တန်ကြီး၊ နံ့သာဖြူများလိမ်းခြင်းကို ရှောင်သင့်သည်။ ယင်းတို့က အပူဓာတ်ဖြစ်၍ ဓာတုပစ္စည်းကြောင့် ဓာတ်မတည့်၍ပျက်စီးနေ သောအသားအရေကို ပိုမိုလောင်သွားစေနိုင်သည်။
• အသင့်လိမ်းသနပ်ခါးအနှစ်ဘူး သို့မဟုတ် ဖန်ပုလင်းထဲတွင် သနပ်ခါးကိုမပုပ်မသိုးဘဲ တာရှည်ခံအောင် ဓာတုပစ္စည်းများ သုံးစွဲထား သည့်သနပ်ခါးများကို အထူးရှောင်ရှားသင့်သည်။
• ရုတ်တရက် အသားအရေဓာတ်မတည့်ဖြစ်နေချိန် မျက်နှာသစ် ဆပ်ပြာပြင်းပြင်းမသုံးသင့်ပေ။ မျက်နှာသစ်ပြီး မျက်နှာကို မျက်နှာသုတ်ပဝါဖြင့် ခပ်ဖွဖွသုတ်သင့်သည်။ မပွတ်ပါနှင့်။ ဓာတုပစ္စည်းပါဝင်မှု လွန်စွာနည်းပါးသည့် ဆပ်ပြာပျော့ပျော့ကိုသာ ရွေးချယ်သုံးပေးသင့်သည်။
• မူလအသားအရေ ပြန်လည်ရရှိသည်အထိ ဗီတာမင်စီနှင့်အတူ ဗီတာမင်အီးဆေးလုံးများကို တစ်နေ့နှစ်ကြိမ်စားပါ။ အကယ်၍ အခြေအနေပြင်းထန်လာပါက အရေပြားကုဆရာဝန်ထံ ဆောလျင်စွာ ကုသမှုခံယူသင့်သည်။
• စိတ်ကိုပျော်ရွှင်အောင်ထားပြီး အိပ်ရေး၀၀အိပ်စက်သင့်သည်။
• နှုတ်ခမ်းဆိုးဆေးဓာတ်မတည့်မှုကြောင့် နှုတ်ခမ်းအသားအရေ ပျက်စီးကာ အဖတ်လန်၊ ပေါက်ပြဲ၊ ညိုညစ်ညစ်အရောင်ပြောင်းသွား တတ်သည်။ ယင်းသို့ဖြစ်လျှင် သခွားသီးကိုပါးပါးလှီး၍ကပ်ပေးပါ။ အသား လှဆီ၊ သကြားရည်၊ နှင်းဆီရည်၊ အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီ၊ မုန် ညင်းဆီ၊ ပျားရည်၊ ရှားစောင်း လက်ပပ်ဂျယ်လီအနှစ်တို့ကို နှုတ်ခမ်းသား ထဲစိမ့်ဝင်အောင် ခပ်ဖွဖွပွတ်လိမ်းပေးပါ။ ဝေဒနာ မပျောက်မချင်း နှုတ်ခမ်း ဆိုးဆေးမသုံးပါနှင့်။ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးရမည်ဆိုပါက အရောင်လုံးဝမပါသော နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ်သုံးသင့်သည်။
• သန့်ရှင်းသော မျက်နှာသုတ်ပဝါအသစ်သုံးပါ။ ခေါင်းအုံးစွပ်အသစ်များ မကြာခဏလဲသင့်သည်။
• ဆံသားများ မသန့်ရှင်းခြင်းကြောင့်လည်း မျက်နှာအသားအရေကို ပိုမိုထိခိုက်လွယ်စေနိုင်သောကြောင့် ခေါင်းလျှော်ပေးသင့်သည်။
အမျိုးသမီးတချို့က မျက်နှာတွင် မိတ်ကပ်အလွန်အကျွံလိမ်းခြယ်တတ်ကြသည်။ ယင်းမိတ်ကပ်များသည် အရေပြားရှိ အပေါက်ကလေး များမှ လေမဝင်အောင်ပိတ်ဆို့ထားခြင်းကြောင့် အရေပြား၏ ပရိုတင်းတစ်သျှူး (Skin Collagen) ကို ပျက်စီးစေသည်။ ထို့ပြင် အရေပြားပေါ်၌ လိုင်းများ အနှံ့အပြားဖြစ်ပေါ်ခြင်းနှင့် တွန့်ရှုံ့လာခြင်းကိုပါ ဖြစ်ပေါ်စေသည်။ ထိုအခြေအနေကို ပြန်လည်ကုစားရန် မျက်နှာသစ်ပြီးနောက် ရေကိုချက်ချင်းမသုတ်သေးဘဲ အရေပြားအတွင်း ရေဓာတ်စိမ့်ဝင်သွားသည်အထိ ထားရှိရန်လိုအပ်ကြောင်း အသားအရေပျက်စီးခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။
ပေါက်ပေါက်