ဥရောပထိပ်တန်းလိဂ် ငါးခုတွင် ရှုံးပွဲမရှိသေးသည့် အသင်းများအဖြစ် လေဗာကူဆင် အသင်းနှင့် နိုက်စ်အသင်းတို့ ရပ်တည်နေ
ဥရောပထိပ်တန်းလိဂ် ငါးခုဖြစ်သည့် ပရီးမီးယား လိဂ်ပြိုင်ပွဲ၊ စပိန်လာလီဂါပြိုင်ပွဲ၊ အီတလီစီးရီးအေပြိုင်ပွဲ၊ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲနှင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတို့တွင် ရှုံးပွဲမရှိသေးသည့် အသင်းများအဖြစ် ဂျာမန်ကလပ် လေဗာကူဆင်အသင်းနှင့် ပြင်သစ်ကလပ် နိုက်စ်အသင်းတို့ နှစ်သင်းတည်းသာ ရပ်တည်နေကြောင်း သိရသည်။
ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ထိပ်တန်းအသင်း ကြီးများဖြစ်သည့် ဘိုင်ယန်မြူးနစ် အသင်းနှင့် ဒေါ့မွန် အသင်းတို့အနေဖြင့် ရှုံးပွဲတွေ့ကြုံ ထားသော်လည်း လေဗာကူဆင်အသင်းအနေဖြင့် တစ်ပွဲမျှရှုံးနိမ့်ထားခြင်း မရှိသေးခြင်းဖြစ်သည်။
လေဗာကူဆင်အသင်းသည် နည်းပြဇာဗီအလွန်ဆို လက်အောက်တွင် ရလဒ်များ ဆက်တိုက်ကောင်းမွန် နေပြီး ပြီးခဲ့သည့် ဘောလုံးရာသီကလည်း ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ကာ ယခုဘောလုံးရာသီတွင် ရှုံးပွဲမရှိသေးဘဲ အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်သည်။
လေဗာကူဆင်အသင်းသည် ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၌ ၁၁ ပွဲကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၃၁ မှတ်ဖြင့် ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲအမှတ် ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသကဲ့သို့ ယူရိုပါလိဂ် ပြိုင်ပွဲတွင်လည်း လေးပွဲကစားပြီး လေးပွဲအနိုင်ရရှိခဲ့ကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲတွင်လည်း ထိပ်တန်းအသင်းဖြစ်သည့် ပီအက်စ်ဂျီ အသင်းအနေဖြင့် ရှုံးပွဲတွေ့ကြုံထားသော်လည်း နိုက်စ်အသင်းက တစ်ပွဲမျှ ရှုံးနိမ့်ထားခြင်း မရှိသေးဘဲ နည်းပြဖာရီအိုလီ လက်အောက်၌ ရလဒ်ကောင်းများ ဆက်တိုက်ရရှိနေခြင်းဖြစ်သည်။
နိုက်စ်အသင်းသည် ယခုဘောလုံးရာသီ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲ၌ ၁၂ ပွဲကစားပြီးချိန်တွင် ခုနစ်ပွဲနိုင်၊ ငါးပွဲသရေ ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၂)နေရာ၌ ရပ်တည်လျက် ရှိကြောင်း သိရသည်။