အင်ဒိုနီးရှားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များအား လေ့လာခြင်း

 

အင်ဒိုနီးရှားနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များအား လေ့လာခြင်း

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျွန်းစုနိုင်ငံဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင်  (စတုရန်းကီလိုမီတာ ၁၉၀၄၅၆၉) ရှိသောကြောင့် ကုန်းမြေဧရိယာအားဖြင့်  ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းခန့် နေထိုင်ကြခြင်းကြောင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်  လူဦးရေအများဆုံးနိုင်ငံလည်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ  တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေး ကဏ္ဍအပေါ်  အဓိက မှီခိုအားထားခဲ့သည်ကို တွေ့ရှိရပြီး  လယ်ယာကဏ္ဍသည် ဆင်းရဲမှုလျှော့ချရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်ပါ   အလွန်အရေးပါလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ဆင်းရဲမှုလျှော့ချရေး ကဏ္ဍတွင် စိုက်ပျိုးရေးကဏ္ဍသည် အဓိကဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍတစ်ခု ဖြစ်လာခဲ့ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေးရာတွင် မဟာဗျူဟာကျသောအခန်းကဏ္ဍမှ ပါဝင်လာသည်။

၂၀၁၈ ခုနှစ် ဗဟိုစာရင်းအင်းစစ်တမ်းအရ နိုင်ငံလူဦးရေ၏ ၃၀ ဒသမ ၄၆ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်သည့်အတွက် သစ်တောစိုက်ခင်းများ၊ ငါးဖမ်းလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကို ပေါင်းစပ်ကာ စိုက်ပျိုးရေးမူဝါဒကို ပြုပြင်ပြောင်းလဲခဲ့ပြီး လယ်ယာကဏ္ဍမှတစ်ဆင့် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သည်။ ကျေးရွာရန်ပုံငွေ အစီအစဉ်ကို  Ponggok  Village, Klaten, Central Java တွင် ၂၀၁၅ ခုနှစ်က အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ချမ်းသာသောကျေးရွာအဖြစ် အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့ပါသည်။

၂၀၁၈ ခုနှစ် စစ်တမ်းအရ အင်ဒိုနီးရှားနိုင်ငံတွင် ကျေးရွာပေါင်း ၈၃၉၃၁ ရွာရှိပြီး ၂၅ ရာခိုင်နှုန်းခန့်မှာ မဖွံ့ဖြိုးသေးသော ကျေးရွာများဖြစ်သည်။  ဝေးလံခေါင်ပါးသော ဒေသများတွင် လူဦးရေ ၂၁ ရာခိုင်နှုန်းခန့်သာ နေထိုင်ကြပါသည်။ ၂၀၁၉ ခုနှစ် မတ်လစာရင်းအရ ပျမ်းမျှဆင်းရဲမှုမျဉ်းကို ဆင်းရဲသည့်အိမ်ထောင်စုတစ်စု၏ တစ်လဝင်ငွေ  IDR ၁၉၉၀၁၇၀ (USD ၁၄၀) သတ်မှတ်ထားသည်ကိုတွေ့ရှိရပြီး အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)၏ ၂၀၂၃ ခုနှစ် ဧပြီလစာရင်းအရ ၂၀၂၂ ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၉ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်မှုအခြေအနေ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း  တွေ့ရှိရပါသည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးသည်  အင်ဒိုနီးရှားနိုင်ငံ၏အရေးအပါဆုံး ကဏ္ဍနှစ်ခု ဖြစ်သည့်အတွက်   လယ်ယာစိုက်ပျိုးရေးကဏ္ဍကို  အဓိကထား  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ၂၀၁၉  ခုနှစ်တွင်ထုတ်ပြန်ကြေညာခဲ့ပြီး ကုန်ထုတ်စွမ်းအား၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပို့ကုန်တိုးမြှင့်ရေးတို့ကို  ဦးတည်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ

နိုင်ငံတော်အဆင့် စိုက်ပျိုးရေးမူဝါဒအနေဖြင့် ဗဟိုအစိုးရ၏ အစပျိုးမှုအဖြစ် အမျိုးသားရေးဆိုင်ရာ ဖွံ့ဖြိုးရေးအစီအစဉ် ပြဋ္ဌာန်းချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ဒေသတစ်ခုစီ၏ဒေသဆိုင်ရာအစိုးရများမှလည်း ဆောင်ရွက်ချက်များနှင့်  စည်းမျဉ်းများကို ထိန်းညှိပိုင်ခွင့်ရှိတာတွေ့ရသည်။

ကျေးလက်ဒေသစိုက်ပျိုးစီးပွားဖွံ့ဖြိုးရေး (Rural Agribusiness Development-PUAP) အစီအစဉ်သည် လုပ်ကွက်ငယ်တောင်သူများအတွက်   အရင်းအနှီးထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကို  လယ်ယာထွက်ကုန်လုပ်ငန်းများ ရောင်းဝယ်ဖောက်ကားရေးနှင့် အခြားစိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အချိုးကျခွဲဝေပေးခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် သမဝါယမအသင်းအဖြစ်သို့  အသွင်ကူးပြောင်းဖွဲ့စည်းကာ ဒေသဆိုင်ရာအစိုးရများက ယင်းအစီအစဉ်ကို ယနေ့အချိန်အထိ ဆောင်ရွက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုး/နွေစပါး၊ ပဲနှင့် ဆီထွက်သီးနှံများအတွက် လိုအပ်သောသွင်းအားစုများကို သက်သာသောအတိုးနှုန်းဖြင့် ထောက်ပံ့လျက်ရှိပါသည်။

သီးနှံအာမခံစနစ်

သီးနှံအာမခံလုပ်ငန်းတွင် သဘာဝဘေးအန္တရာယ်များ၊   အပင်ပိုးကျခြင်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှု၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ထိခိုက်မှုများနှင့် စည်းမျဉ်းအရသတ်မှတ်ထားသော အခြားဘေးအန္တရာယ် အမျိုးအစားများ အကျုံးဝင်ပါသည်။ အာမခံပရီမီယံကြေးနှင့်  အာမခံလျော်ကြေးသည် ဆန်စပါးထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ်တွင် မူတည်သတ်မှတ်ပြီး  အာမခံပရီမီယံကြေးကို အစိုးရနှင့် လယ်သမားများက မျှဝေကျခံကြခြင်းဖြစ်သည်။

ဥပမာ- ၁ ဟက်တာလျှင် ဆန်စပါးထုတ်လုပ်မှုကုန်ကျစရိတ်  Rp ၆ သန်း(အမေရိကန်ဒေါ်လာ ၆၀၀) ခန့်ရှိပါက ပရီမီယံကြေးအဖြစ် Rp ၁၈၀၀၀၀ သို့မဟုတ်  အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာပေးဆောင်ရပြီး ရှေ့ပြေးစီမံကိန်းတွင် လယ်သမားများက ပရီမီယံကြေး ၂၀ ရာခိုင်နှုန်း ကိုသာထည့်ဝင်ရပြီး ကျန်ပရီမီယံကြေး ၈၀ ရာခိုင်နှုန်းကို အစိုးရကထည့်ဝင်ပေးတာတွေ့ရသည်။ အာမခံထားရှိသည့်သီးနှံများ ပျက်စီးခြင်းဖြစ်ပေါ်ပါက နောက်စိုက်ပျိုးရာသီတွင် စပါးပြန်လည်စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးထုတ်လုပ်မှု  ကုန်ကျစရိတ်ကို လျော်ကြေးအဖြစ် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း သီးနှံအာမခံစနစ်   Pilot ဆောင်ရွက်ရန်စီစဉ်လျက် ရှိကြောင်း သိရှိရပြီး   မဖြစ်မနေဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ပြည်သူ့ချမ်းသာကြွယ်ဝမှုဆင်းရဲမှုဆိုင်ရာစစ်တမ်းအစီအစဉ်  (People's Prosperity   Poverty    Surgery Program - BEKERJA  Program)ကို ဆောင်ရွက်ခဲ့ပြီး ယင်းမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  ဦးစားပေးကဏ္ဍများနှင့် ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးကို အထောက်အကူဖြစ်စေကြောင်း တွေ့ရှိရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန စိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Agricultural  Human Resources  and   Development Agency - BPPSDMP) မှတစ်ဆင့် ခေတ်မီလယ်ယာသုံး ကိရိယာများကို တောင်သူများအား    ထောက်ပံ့ပေးပြီး ကောက်ရိတ်စက်များ၊ လေးဘီးတပ် ထွန်စက်များ၊ မြေတူးစက်များကဲ့သို့သော  ခေတ်မီစိုက်ပျိုးရေး  ကိရိယာများကို  အသုံးပြုနိုင်ရန်  လယ်သမားများအား နည်းပညာပေးသင်တန်းများပို့ချပေးသည်။

၂၀၁၇ ခုနှစ်မှစတင်၍ ဗဟိုအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနနှင့်အတူ ဝေးလံခေါင်ပါးသောဒေသများတွင် Cash-For-Labor  Village  (Padat  Karya Tunai Desa: PKTD Program) ကို စတင် ဆောင်ရွက်ခဲ့ပြီး ကျေးလက်နေပြည်သူများ  အထူးသဖြင့်  ဆင်းရဲပြီး မသန်စွမ်းသူများကို ဦးစားပေး၍ အပိုလုပ်ခ  သို့မဟုတ်  ဝင်ငွေတိုးပွားစေရန်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် တောင်သူ လယ်သမားများ လယ်ယာလုပ်ကိုင်လိုစိတ် လျော့ပါးလာမှုကိုကာကွယ်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ လူငယ်စွန့်ဦးတီထွင် သူများ  ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (Agricultural Young Entrepreneur Growth Program - PWMP)  ကို ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးတွင် မျိုးဆက်သစ်လူငယ်များ စိတ်ပါဝင်စားမှုရှိလာစေရန်၊ ကျွမ်းကျင်မှုနှင့် စွန့်ဦးတီထွင်မှုစိတ်ဓာတ်များတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေများကို သက်ဆိုင်ရာကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက်  ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ တိုက်ရိုက်ပေးအပ်သည့် နည်းလမ်းဖြင့်  ဆောင်ရွက်သည်။

ကျေးရွာ တစ်ရွာချင်းစီ၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ ကွဲပြားမှုရှိသော်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဗဟိုအစိုးရ၏  လမ်းညွှန်မှုအတိုင်းသာ ဆောင်ရွက်ကြရပြီး  ရန်ပုံငွေလျာထားရာတွင် ဗဟိုအစိုးရမှ ၁၀ ရာခိုင်နှုန်းနှင့် ဒေသဆိုင်ရာအစိုးရမှ ၉၀ ရာခိုင်နှုန်းလျာထား ဆောင်ရွက်ကြောင်း သိရှိရသည်။ ကျေးရွာစိုက်ပျိုးရေးအစီအစဉ်ကို အကောင်အထည်ဖော်မည်ဆိုပါကလည်း  ဒေသဆိုင်ရာအစိုးရသည် စိုက်ပျိုးရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးရပါသည်။ Ponggok ကျေးရွာ၏ ဖွံ့ဖြိုးရေးအစီအစဉ်ကို လေ့လာရာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက်အဓိကဖြစ်သော အခြေခံအဆောက်အဦများ   ဆောက်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ ကျေးရွာတည်ရှိမှုအနေအထားများအရ   ဂေဟဗေဒဆိုင်ရာအပန်းဖြေအဆောက်အအုံများနှင့်  ဂေဟ/စိုက်ပျိုးရေးခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင်လည်း   သမဝါယနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Project-VDP)ကို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ကျေးရွာပေါင်း ၁၇၄၇၆ ရွာ၊ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၉၃၀၆ ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တွေ့ရပါသည်။

စိန်ခေါ်မှုများ

အင်ဒိုနီးရှားနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍကို ဦးစားပေးသည့် ကျေးလက်လူထုပုံစံ/အလေ့အထ  မရှိခြင်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်များဆောင်ရွက်ရာတွင်   အောက်ဖော်ပြပါအတားအဆီးနှင့်စိန်ခေါ်မှုများ ကြုံတွေ့ရသည်ကို သတိပြုမိရသည်-

-        ဈေးကွက်ဝယ်လိုအားနှင့်လိုက်လျောညီထွေရှိသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနည်းပါးခြင်း၊

-        စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ပါဝင်စားမှုနည်းခြင်း၊

-        မြေမျက်နှာသွင်ပြင်အနေအထားအရ ကျေးလက်ဒေသအများစုတွင် အခြေခံအဆောက်အဦ အနည်းငယ် မျှသာဆောက်လုပ်နိုင်ခြင်း၊ လမ်းဖောက်လုပ်မှု နည်းပါးခြင်းကြောင့် သွားလာရေးခက်ခဲခြင်း၊

-        သဘာဝဘေးအန္တရာယ်များနှင့် လူမှုရေးပဋိပက္ခများ ဖြစ်ပွားနိုင်ခြေရှိခြင်း၊

-        ကျေးလက်ဒေသများတွင် လျှပ်စစ်မီး၊ ဆက်သွယ်ရေးနှင့်အင်တာနက်ရရှိမှု နည်းပါးသဖြင့် ဝေးလံခေါင်ပါးသော ကျေးရွာများသည် ပြင်ပအသိုင်းအဝိုင်းများနှင့် ဆက်သွယ်မှုမရှိသလောက် နည်းပါး သည့်အတွက် ၎င်းတို့အား အစိုးရမှ ကူညီထောက်ပံ့ပေးရန် ခက်ခဲခြင်း၊

- ဒေသဆိုင်ရာခေါင်းဆောင်မှုနှင့် အခွင့်အာဏာအရ  ကျေးလက်နေလူထုသည်  ဗဟိုအစိုးရ၏ စည်းမျဉ်းအသစ်များကို လိုက်နာမှုနည်းပါးကြပြီး ၎င်းတို့ကိုယ်တိုင်  သတ်မှတ်ထားသော စံသတ်မှတ်ချက်တွေကိုသာ လိုက်နာကြသည့်အတွက်   ဗဟိုအစိုးရ၏ယုံကြည်မှုမရရှိခြင်း၊

-        စိုက်ပျိုးမြေဧရိယာ နည်းပါးလာခြင်းကြောင့်   စိုက်ပျိုးထုတ်လုပ်မှုကို ကျဆင်းစေခြင်း။

ဆင်းရဲမှု လျှော့ချရေးအပေါ် ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးရေးဆောင် ရွက်ချက်များ၏ အကျိုးသက်ရောက်မှု ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ရာတွင် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်မှုနည်းပါးခြင်းသည် စိန်ခေါ်မှုတစ်ခုအဖြစ် ပါဝင်နေကြောင်း လေ့လာတွေ့ရှိရသည်။ ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်  တိုက်ရိုက်ဆက်နွှယ် လျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးသည် အဓိကကျသော အချက်ဖြစ်ပါသည်။  သို့ရာတွင် ကျေးလက်အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမြန်အကဲဖြတ် လေ့လာမှုတစ်ခုဖြစ်သည့် LP3ES (၂၀၀၇) အရ ကျေးလက်အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးအစီအစဉ်သည် ပြည်သူများအား အလုပ်အကိုင် ဖန်တီးပေးနိုင်သည်မှန်သော်လည်း ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးအပေါ် သိသိသာသာသက်ရောက်မှုရှိသည်ဟု  မဆိုနိုင်သေးကြောင်း လေ့လာတွေ့ရှိရသည်။

ယင်းလေ့လာမှုတွင်၂၀၀၆ ခုနှစ်က ကမ္ဘာ့ဘဏ်၊  Sigma  Sarana နှင့် Institute for Economic and Social Research (LPEM  FEUI) တို့ပူးပေါင်း၍ အင်ဒိုနီးရှားနိုင်ငံအတွင်း ခရိုင်ခြောက်ခုတွင်  စစ်တမ်း ကောက်ယူထားသော  အင်ဒိုနီးရှားကျေးလက်ရင်းနှီးမြှုပ်နှံမှု ရာသီဥတုစစ်တမ်းပါအချက်အလက်များကို အသုံးပြုထားကြောင်း   လေ့လာသိရှိရပါသည်။

အချက်အလက်ကောက်ယူမှုအပိုင်း(Data Collection)တွင် ခရိုင်ခြောက်ခုဖြစ်သည့် Labuan Batu၊ Malang၊ Badung၊ Sumbawa၊  Kutai Kartanegara ESifh  နှင့် Barru  တို့ရှိ နမူနာကောက်ကွက်အနေဖြင့် အိမ်ထောင်စု ၂၈၀၀၊ စိုက်ပျိုးရေးလုပ်ငန်း၏ပြင်ပဖြစ်သော  စီးပွားရေးလုပ်ငန်း ၂၅၀၀  နှင့် ရပ်ရွာအဖွဲ့အစည်းပေါင်း၁၅၀ ထံမှကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။

ကျေးလက်အခြေခံအဆောက်အဦတွင် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦနှင့် လူ့စွမ်းအားအရင်းအမြစ် အခြေခံအဆောက်အဦဟူ၍  နှစ်မျိုးရှိရာ ရေတိုအနေဖြင့် နှစ်မျိုးစလုံးသည် တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ အကျိုးသက်ရောက်မှုရှိပြီး ရေရှည်အနေဖြင့်ကွဲပြားမှုများရှိကြောင်း လေ့လာတွေ့ရှိရသည်။ ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာအခြေခံ  အဆောက်အဦများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊   လျှပ်စစ်မီး၊ ရေရရှိရေး၊ အိမ်ရာ၊ စီးပွားရေးအဆောက်အဦများသည်   စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး လူ့စွမ်းအားအရင်း အမြစ်  အခြေခံအဆောက်အဦသည် ကျေးလက်လုပ်သားအင်အား၏ လုပ်အားတန်ဖိုးကို ပိုမိုမြင့်တက်စေရန် အထောက်အကူပြုလျက်ရှိသည်ကို  လေ့လာတွေ့ရှိရသည်။

ယင်းလေ့လာမှုမှတစ်ဆင့်   အင်ဒိုနီးရှား၏ ကျေးလက်အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးမူဝါဒကို  အကျဉ်းချုံး သုံးသပ်ရှုမြင်ခွင့်ရရှိပြီး    အခြေခံအဆောက်အဦနှစ်မျိုး၏  ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသဆင်းရဲမှုကို အတိုင်းအတာတစ်ခုအထိလျှော့ချနိုင်မှုကို လက်တွေ့ကျကျ သုံးသပ်တင်ပြထားသည်ကို လေ့လာသိရှိရသည်။

ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ

သမ္မတဆိုဟာတို    (Soeharto) လက်ထက်တွင်   ကျေးလက်အခြေခံအဆောက်အဦ    ဖွံ့ဖြိုးရေးမူဝါဒကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးခေတ်အစိုးရများကလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၀၁ ခုနှစ်တွင် စီးပွားရေးအရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့လာစေရန်ရည်ရွယ်၍ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက်  အမျိုးသားအဆင့်ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျေးလက်အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးမူဝါဒကို ပြန်လည်ပြဋ္ဌာန်းခဲ့ကြောင်း လေ့လာရပါသည်။ ယင်းမူဝါဒကို လေ့လာရာတွင် ပြုပြင်ပြောင်းလဲရေးခေတ်မတိုင်မီက ဗဟိုအစိုးရသည်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယင်းနောက်တွင်မူ ဗဟိုချုပ်ကိုင်မှုစနစ်မှ  ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသားပေးသည့်ပုံစံသို့ ပြောင်းလဲသွားခဲ့သော်လည်း  အခြေခံအဆောက်အဦဖွံ့ဖြိုးရေးကို ယင်းပြောင်းလဲမှုများနှင့်အတူ လိုက်ပါပြောင်းလဲဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ဥပမာ- ဗဟိုအစိုးရတာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဆည်ရေသောက်စနစ်သည် ဒေသဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့်လက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်ဘဲ  မကြာခဏပျက်စီးလျက်ရှိသည်ကို တွေ့ရှိရသည်။ ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးဆိုင်ရာ အတွေးအခေါ်များကို ပြောင်းလဲရန်ခက်ခဲသည့်အပြင် ဒေသဆိုင်ရာအစိုးရ ရန်ပုံငွေနှင့် ဘတ်ဂျက်အကန့်အသတ်ရှိခြင်းသည်လည်း အခြေခံအကျဆုံး အတားအဆီးဖြစ်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ကျေးလက်ဒေသ   ဆင်းရဲမှုသည် ကျေးလက်အခြေခံအဆောက်အဦများ မပြည့်စုံခြင်းကြောင့်သာမက လူမှုရေးနှင့်  ယဉ်ကျေးမှုအခြေအနေများ၊  မြေမျက်နှာသွင်ပြင်အနေအထား စသည့်တိုးတက်မှုများကို   အထောက်အကူ မပြုသည့် ကျေးလက်အဖွဲ့အစည်းများကြောင့်လည်း ဖြစ်ကြောင်း  လေ့လာသိရှိရပါသည်။

သို့ရာတွင် ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးမှုသည်   ကျေးလက်ဒေသ စည်ပင်ဝပြောစေရေးအတွက် အခြေခံမူဘောင်တစ်ခု ဖြစ်သည်ကို မငြင်းပယ်နိုင်ကြပေ။ စင်စစ်မူ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး လိုင်းများကဲ့သို့ ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများကို ကျေးလက်နေပြည်သူများအနေဖြင့် ဆောင်ရွက်ရန်မစွမ်း နိုင်သော်လည်း သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာစနစ်နှင့် ကျေးလက်လမ်းကဲ့သို့ အချို့ အခြေခံအဆောက်အဦများကို ကျေးလက်နေပြည်သူများ အင်အားဖြင့် စုပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည်။ အင်ဒိုနီးရှားစာရင်းအင်းသုတေသနဦးစီးဌာန၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်တွင်  အင်ဒိုနီးရှားအိမ်ထောင်စုများ၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသောသောက်သုံးရေရရှိမှုရှိပြီး ၉၉ ဒသမ ၆၃ ရာခိုင်နှုန်းခန့်သည် လျှပ်စစ်မီးရရှိမှုရှိကြောင်း တွေ့ရှိရသည်။

အစိုးရ၏ရန်ပုံငွေမှာ အကန့်အသတ်ရှိသည့်အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်သည့် အလေ့အထကို အစပြုပျိုးထောင်ပေးသင့်ကြောင်း လေ့လာသိရှိရပါသည်။   ကျေးလက်နေပြည်သူများအား ကျေးရွာအခြေခံအဆောက်အဦစီမံကိန်းများတွင် ပါဝင်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေသည့် နည်းလမ်းမျိုး ကျင့်သုံးသင့်ကြောင်း  တင်ပြထားသည်ကိုလည်း တွေ့ရှိရသည်။

ယင်းနည်းလမ်းသည် Direct Cash Assistance (BLT) ခေါ်  တိုက်ရိုက်ငွေကြေးထောက်ပံ့သည့်စနစ်ထက် ပိုမိုအကျိုးရှိကြောင်းတွေ့ရှိရသည်။ BLT အစီအစဉ်သည်  အစိုးရအပေါ်မှီခိုအားထားမှုကို မြင့်တက် စေသောကြောင့်ဖြစ်ပြီး လုပ်အားပါဝင်ဆောင်ရွက်စေသည့် နည်းလမ်းမှာ  ကိုယ့်အားကိုယ်ကိုးသည့် အလေ့အထကောင်းကို ရရှိစေသည့်အပြင် အမှန်တကယ်   ဆင်းရဲသူများအတွက် အထောက်အပံ့ ကောင်းဖြစ်စေသည့် မှန်ကန်သည့်နည်းလမ်းဖြစ်သည်ကို တွေ့ရှိရသည်။

အလုပ်လုပ်ချင်စိတ်ရှိသူများအတွက် ဆင်းရဲတွင်းမှ အမှန်တကယ်လွတ်မြောက်နိုင်စေမည်ဖြစ်ပါသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ   ဆောင်ရွက်နေသည့် ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေး လုပ်ငန်းများ၊ လူထုဗဟိုပြုစီမံကိန်း၊ Cash for Work စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း  (Village  Development Project-VDP)များမှာ ကျေးရွာပြည်သူ၏ လုပ်သားအင်အား ပူးပေါင်းပါဝင်စေခြင်းဖြင့် လုပ်ခလစာရရှိစေသည့်နည်းလမ်းကို ကျင့်သုံးလျက်ရှိသော စီမံကိန်းများဖြစ်ပြီး မြစိမ်းရောင်  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စီမံကိန်း၏ အတိုးရငွေဖြင့်လည်း ကျေးရွာအခြေခံအဆောက်အဦ   ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

မူဝါဒအကြံပြုချက်များ

လေ့လာမှုစစ်တမ်းအရ ကျေးလက်အခြေခံအဆောက်အဦ  ဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက်ရေးနှင့်  ဆင်းရဲမှုလျှော့ချရေးတို့အတွက် မရှိမဖြစ်အရေးပါလျက်ရှိသည်ကို တွေ့ရှိရပြီး    အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း အခြေခံအဆောက်အဦဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသ ဆင်းရဲမှုကို သိသိသာသာ လျော့ကျသွားစေကြောင်း တွေ့ရှိရသည်။ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆောင်ရွက်ရာတွင်   နိုင်ငံတော်အဆင့်အနေဖြင့်  အခြေခံအဆောက်အဦ  ဖွံ့ဖြိုး တိုးတက်ရေးကို ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ်  ဦးတည်ဆောင်ရွက်ခြင်း၊  ဗဟိုချုပ်ကိုင်မှုစနစ်ကို ဖြေလျှော့ပြီး ဒေသဆိုင်ရာအစိုးရများကဦးဆောင်၍ ကျေးလက်ဒေသ အခြေခံ အဆောက်အဦများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလေးထား ဆောင်ရွက်ခြင်းတို့ကို  မူဝါဒပိုင်းအရ ချမှတ်သင့်ပါကြောင်း  အကြံပြုတင်ပြထားရှိသည်ကို    လေ့လာတွေ့ရှိရပါသည်။

အင်ဒိုနီးရှား၏ အလုံးစုံဖွံ့ဖြိုးရေးမူဝါဒ(Inclusive Growth Policy)များသည် ဆင်းရဲမှုမှလွတ်မြောက်စေရန်နှင့် စီးပွားရေးဖူလုံစေရန် လိုက်လျောညီထွေမှုရှိပြီး အလွန်အမင်းဆင်းရဲမှု ပပျောက်လုနီးပါးဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ သို့ရာတွင် ဆင်းရဲသော လူဦးရေ၏ထက်ဝက်ခန့်သည် ဆင်းရဲတွင်းသို့ ပြန်လည်ကျရောက် နိုင်ခြေရှိသည့်အတွက်   တုံ့ပြန်နိုင်စွမ်းအားကောင်းမွန်သော အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများဖန်တီးပေးရန်  လိုအပ်မည်ဖြစ်ပါသည်။

ဝင်ငွေတိုးတက်မြင့်မားစေပြီး ကုန်ကျစရိတ်သက်သာစေမည့် နိုင်ငံတစ်ဝန်း လူ့စွမ်းအားအရင်းအမြစ်များ သာတူညီမျှတိုးတက်စေရေးအတွက် ကန့်သတ်ချက်များကို ဖယ်ရှားပေးနိုင်မည့်   ထိရောက်သောမူဝါဒများ ချမှတ်နိုင်ရန်လိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် အလုံးစုံဖွံ့ဖြိုးရေးကို စဉ်းစားရာတွင် နိုင်ငံဆင်းရဲမှုကိုဖြစ်စေသည့်     အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သော    သဘာဝဘေးအန္တရာယ်မကြာခဏ ကျရောက်တတ်ခြင်း ကိုလည်း အလေးထားစီမံခန့်ခွဲရန်လိုအပ်ပါသည်။ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့်   အခြေခံ အဆောက်အဦဆိုင်ရာ  ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။

လူမှုဖူလုံရေးစနစ်

၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကတည်းကပင် လူမှုဖူလုံရေးအစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက် ခဲ့ကြသည်ကို တွေ့ရှိရပြီး ယင်းတွင် ပညာသင်ထောက်ပံ့ကြေးများ၊  အခမဲ့ကျန်းမာရေးအာမခံ၊ ပင်စင်လစာ၊ ဆန်ပေးဝေခြင်း စသည်တို့အပါအဝင် ဆင်းရဲမှုမှလွတ်မြောက်ရေးအတွက် အလုံးစုံအစီအမံများပါဝင်သည်ကို လေ့လာတွေ့ရှိရသည်။ သို့ရာတွင် နိုင်ငံတကာစံနှုန်းများအရ လူမှုဖူလုံရေးအတွက် ငွေကြေးထောက်ပံ့နိုင်မှု ပမာဏ နည်းပါးနေသေးသည်ဟု ဆိုနိုင်ပါသည်။ လူမှုဖူလုံရေး အထောက်အပံ့များရရှိသည့်  လုပ်သား အရင်းအမြစ်များ တိုးပွားလာစေရန်၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိနိုင်စေရန်အတွက် လူမှုဖူလုံရေး အာမခံတိုးမြှင့်ပေးရေး၊  အခွန်စည်းကြပ်မှုတိုးမြှင့်ပြီး တရားဝင်လုပ်ကိုင်သူများ ဖြစ်စေရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါသည်။

အနာဂတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးမျှော်မှန်းချက်

၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်ဒေသစိုက်ပျိုးရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ မက်ခရိုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ရေးနှင့် လူတစ်ဦးချင်း၏ ဝင်ငွေနှင့် စိုက်ပျိုးရေး GDP ကို နှစ်ဆတိုးမြှင့်ခြင်းဖြင့် ဒေသတွင်းအဆင့်ဆင်းရဲသည့်လူဦးရေကို လျှော့ချနိုင်ရန်၊ ကျေးရွာများတွင်  တစ်ဦးချင်းပျမ်းမျှတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်အထိ ရရှိစေရန်နှင့် ဆင်းရဲမှုမျဉ်းအောက်ရှိကျေးရွာ  လူဦးရေသည်   ကျေးရွာရှိလူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်ဖြစ်လာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာနှင့်စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရိတ်သိမ်းပြီးချိန်နည်းပညာများ   တိုးမြှင့်ရရှိစေရန် စသည်တို့နှင့် စပ်လျဉ်း၍ မျှော်မှန်းဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရသည်။

အစိုးရနှင့် နိုင်ငံရေးပါတီအသီးသီးသည် ဆင်းရဲသူများ သက်သာချောင်ချိရေးအတွက်  အာရုံစိုက် ကြိုးပမ်းလျက်ရှိပြီး အရင်းအနှီးရရှိရေးနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ရန်၊ ဈေးကွက်ချဲ့ထွင်နိုင်မှုနှင့် စီးပွားရေးဝန်ဆောင်မှုစွမ်းရည်များမြှင့်တင်ရန်၊ စွန့်ဦးတီထွင်မှုနှင့် အစုအစပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် မညီမျှမှုများကို လျှော့ချရန်အတွက်   ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေထောက်ပံ့မှုများကို အစဉ်သဖြင့် ပြန်လည်သုံးသပ် ပြုပြင်ပြောင်းလဲခြင်း၊   ပြည်တွင်းရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို ပံ့ပိုးပေးခြင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို အွန်လိုင်း၊ လက်လီရောင်းချသူများထံ    ချိတ်ဆက်ရောင်းချစေခြင်းဖြင့်  သွင်းကုန်ဖိအားလျှော့ချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း  အဓိကထားဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသည်။

သုံးသပ်ချက်

ကျေးလက်ဒေသ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဆင့်တိုင်းသည် အလွန်ထိရောက်မှု ရှိပါသည်။ သို့ရာတွင်   ကျေးလက်နေလူထုသည် သတင်းအချက်အလက်များ လက်လှမ်းမီရန် ခက်ခဲသည့်အတွက်    ၎င်းတို့လက်လှမ်းမီမှုရှိစေမည့် နည်းလမ်းများ၊ လုံလောက်သော အခြေခံ အဆောက်အဦများ ရရှိစေရန် ထည့်သွင်းစဉ်းစားသင့်ပြီး   ကျေးလက်ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသွင်ကူးပြောင်းရေးကိုလည်း ဆောင်ရွက်သင့်ပါသည်။ လက်ရှိတွင်  ဆင်းရဲသောအိမ်ထောင်စုများအတွက် သွင်းအားစုများ (အရင်းအနှီးများ၊ လယ်ယာသုံးစက်ကိရိယာများ) ထောက်ပံ့မှု၊ BEKERJA အစီအစဉ်နှင့် အခြားအကူအညီများ  ထောက်ပံ့ပေးထားသည်  မှန်သော်လည်း ၎င်းအသွင်ကူးပြောင်းမှုတွင် ခေါင်းဆောင်ပိုင်းမှ ပါဝင်မှုလည်း လိုအပ်ကြောင်း    ဒေသဆိုင်ရာ အာဏာပိုင်အသီးသီးကဆိုသည်။

မြေမျက်နှာသွင်ပြင်အနေအထား၊  ကျေးလက်လူမှုအသိုင်းအဝိုင်း၏ လူမှုရေးပြဿနာများ၊ လူ့စွမ်းအား အရင်းအမြစ် ပြဿနာများ၊ ဗဟိုနှင့်ဒေသဆိုင်ရာစည်းမျဉ်း အာဏာပိုင်များကြား အချိုးမညီမျှမှုစသည်တို့ကြောင့် စိန်ခေါ်မှုများစွာကိုတွေ့ကြုံခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဗဟိုအစိုးရသည် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတိုးချဲ့ဆောင်ရွက်မှု၊ စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုတို့အပါအဝင် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုမြှင့်တင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ပြီး အပြုသဘောဆောင်သော တုံ့ပြန်ချက်များစွာ ရရှိခဲ့သည့်အပြင် ဆင်းရဲမှု လျှော့ချရာတွင်လည်း သိသိသာသာ အောင်မြင်ခဲ့သည်ဟု ဆိုရပါမည်။   ။

ရည်ညွှန်းကိုးကားချက်     

 The Impact of Rural Infrastructure Development on Poverty Reduction in Indonesia, written by Nuzul Achjar, Maddaremmeng A. Panennungi

 

https://www.adb.org/where-we-work/indonesia/poverty

 

Analysis of Indonesia's Government Strategy for Rural Development

through Agriculture (https://ap.fftc.org.tw/article/1612)

 

Prioritising Village Fund Utilisation: Cash-for-Work to Prevent Covid-19

 

https://www.statista.com/statistics/

586119/indonesia-access-toimproved-

sanitation- by-country/