ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဒိုက်ဦးဘူတာနှင့်ပြွန်တန်ဆာဘူတာကြား မိုင်တိုင်အမှတ်၊  ၅/၁-၂ကြား တံတားအမှတ်(၁၁၆/A)အနီးရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု ထပ်မံကျူးလွန်၊ ရထားလမ်းနှင့် တံတားပျက်စီးမှုဖြစ်ပွား

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဒိုက်ဦးဘူတာနှင့်ပြွန်တန်ဆာဘူတာကြား မိုင်တိုင်အမှတ်၊  ၅/၁-၂ကြား တံတားအမှတ်(၁၁၆/A)အနီးရှိ ရထားလမ်းအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု ထပ်မံကျူးလွန်၊ ရထားလမ်းနှင့် တံတားပျက်စီးမှုဖြစ်ပွား

 

နေပြည်တော်      နိုဝင်ဘာ ၁၄

    ရန်ကုန် - မန္တလေးရထားလမ်းမကြီး၏ ဒိုက်ဦးဘူတာနှင့် ပြွန်တန်ဆာဘူတာအကြား မိုင်တိုင် ၈၅/၁-၂ ရှိ တံတားအမှတ်(၁၁၆/A)အနီး ယနေ့နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်သမားများက ရထားလမ်းအား မိုင်းထောင်ပေါက်ကွဲမှုကြောင့် တံတားအစွန် ကွန်ကရစ်ခုံ ၃ ပေပတ်လည်ခန့် ပျက်စီးခဲ့ပြီး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ခဲ့ရာ   တံတားပေါ်သံလမ်း နှစ်ခုကြား ပလတ်စတစ်ကော်ပုံးနှင့် ထည့်ထားသည့် လက်လုပ်မိုင်းသုံးလုံးနှင့် တံတားအောက်တွင် လက်လုပ်မိုင်းလေးလုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

မိုင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေဒေသ တာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်တို့က   အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရထားသွားလာမှုကို ထိခိုက်မှုမရှိသော အစုန်လမ်းမှဆက်လက် စေလွှတ်ပေးခဲ့ပြီးဖြစ်ပါသည်။

အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား လမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/တွေ့ရှိခြင်း(၁၂၈)ကြိမ်၊ ရထားလမ်း၊ တံတားများအား   မိုင်းခွဲဖျက်ဆီးခြင်း(၄၆)ကြိမ်၊  ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ်ကျူးလွန်ခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့်   ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန် စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်း လုပ်ငန်းများကို   ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက် ရှိသော်လည်း အကြမ်းဖက် သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်းတွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများ အသက်အန္တရာယ် ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း  အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့ အတွက်   ယုတ်မာရက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့်  အဆိုပါအကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာရက်စက်မှုများအပေါ်  ဒေသခံပြည်သူ တစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း  သတင်းရရှိသည်။

မြန်မာ့မီးရထား