ပဋိပက္ခများ ဖြစ်ပွားနေရာ အရှေ့အလယ်ပိုင်းဒေသမှ အင်အားကြီး တပ်မတော်များအကြောင်း
အခုဆိုရင် အစ္စရေးနဲ့ ဟားမတ်တို့ကြားက စစ်ပွဲဟာ ရွက်ကုန်လွှင့်စစ်ပွဲဆီသို့ ရောက်မှန်းမသိ ရောက်လာပါပြီ။ အဲဒီလိုကနေမှတစ်ဆင့် ဒေသတွင်း စစ်ပွဲအဆင့်အထိ ဖြစ်လာနိုင်မလား ဆိုတာကိုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ပူနေပါတယ်။
ဒီအချိန်မှာ Sputnik ု သတင်းဌာနက အရှေ့အလယ်ပိုင်းမှာရှိတဲ့ စစ်အင်အားကြီးနိုင်ငံ ငါးနိုင်ငံကို အဆင့်ခွဲခြား သတ်မှတ်ကာ တစ်နိုင်ငံချင်းစီအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ဘယ်လိုမျိုး ဆက်စပ်မှုတွေ ရှိနေတယ်ဆိုတာကိုလည်း လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အောက်တိုဘာလ ၇ ရက်က စတင်လိုက်တဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟာ ဒေသတွင်း တင်းမာမှုများနဲ့အတူ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်က လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ခိုက်ရေးအုပ်နှစ်အုပ်၊ တိုမာဟော့ ဒုံးကျည်တင် ရေငုပ်သင်္ဘောတစ်စင်း၊ ရေတပ် အထူးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနဲ့ စစ်လေယာဉ်များစွာကို ပဋိပက္ခဖြစ်ပွားရာ ဒေသအနီးမှာ ဖြန့်ကြက်လိုက်ပါတယ်။
အမေရိကန်က သူတို့အနေနဲ့အခုလိုမျိုး စစ်လက်နက်ပစ္စည်းတွေကို ဖြန့်ကြက်ချထားရခြင်းက အစ္စရေးရဲ့ ရန်သူတော် ဖြစ်တဲ့ ဒေသတွင်း စစ်အင်အားကြီး အီရန်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ အီရန်အနေနဲ့ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် ချက်ချင်းလက်တုံ့ပြန် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း အမေရိကန်က သတိပေးထားပါသေးတယ်။
အီရန်ဘက်ကတော့ လက်ရှိပဋိပက္ခ ဖြစ်ပွားမှုအနေအထားကို တခြားတစ်ဖက်ကနေ ရှုမြင်ထားပါတယ်။ ဘာလဲဆိုရင် အမေရိကန်ကသာ ဒေသတွင်းပဋိပက္ခ ဖြစ်အောင်မီးမွှေးနေပြီး အစ္စရေးဆိုတာ အမေရိကန်ရဲ့ ထောက်ပံ့မှုမရှိတော့ရင် ပြိုလဲသွားမယ့်နိုင်ငံဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အစ္စရေးဘက်က ဂါဇာမှာရှိတဲ့ပြည်သူများ အပေါ်ဗုံးကြဲတိုက်ခိုက်မှုတွေဟာ စစ်ဘောင်ကိုပိုကျယ်သည်ထက် ပိုကျယ်လာအောင် လုပ်ဆောင်နေရာရောက်ကြောင်း သတိပေးထားပါတယ်။
ဒါကြောင့် ဒေသတွင်းမှာ ရှိတဲ့နိုင်ငံများရဲ့ စစ်အင်အား အခြေအနေကိုသိရင် ဒေသတွင်းပဋိပက္ခရဲ့ အတိမ်အနက်ကို ခန့်မှန်းနိုင်မှာဖြစ်တာကြောင့် Sputnik သတင်းဌာနရဲ့ လေ့လာတွေ့ရှိ ထုတ်ပြန်ချက်ကို တစ်ဆင့်ပြန်လည်ရေးသား ဖော်ပြလိုက်ရပါတယ်။
အစ္စရေး
အစ္စရေးဆိုတာကတော့ အစ္စလာမ်မစ် နိုင်ငံတွေရဲ့ကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကြိုးပမ်းနေရတာကြောင့် သူ့ရဲ့စစ်အင်အားက ဒေသတွင်းအဆင့်မှာဆိုရင် ထိပ်တန်းအဆင့်မှာ ရှိနေရတာပါ။
သူဟာ နိုင်ငံစတင်ထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကတည်းက သူ့ရဲ့စစ်အင်အားကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်ကစလို့ အစ္စရေးနိုင်ငံဟာ စစ်ပွဲကြီးများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာပါ။ ပထမဆုံး တိုက်ပွဲက ပထမအာရပ်-အစ္စရေး စစ်ပွဲဖြစ်ပြီး ၁၉၄၈-၁၉၄၉ ခုနှစ်မှာ ဖြစ်ပွားတာဖြစ်ပါတယ်။
၂၀ ရာစုနှောင်းပိုင်းကာလများနဲ့ ၂၁ ရာစုအစောပိုင်း ကာလများမှာ အစ္စရေးနိုင်ငံဟာ သူ့ကိုယ်သူ ခံစစ်သာမက တိုက်စစ်မှာပါ ကျန်ဒေသတွင်း အင်အားကြီးနိုင်ငံများနဲ့ နှိုင်းယှဉ်နိုင်ရလောက်အောင်ကို အစွမ်းရှိခဲ့တာပါ။
၁၉၆၇ ခုနှစ် ဇွန်လမှာ အီဂျစ်၊ ဂျော်ဒန်နဲ့ဆီးရီးယား ပူးပေါင်းတပ်ဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့သလို ၁၉၇၃ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားတဲ့ ယွမ်ကစ်ပါစစ်ပွဲအတွင်းမှာလည်း အီဂျစ်နဲ့ဆီးရီးယား တပ်ဖွဲ့တွေကို ရင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
၁၉၈၂ ခုနှစ်မှာ လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ပြီး ၂၀၀၀ ပြည့်နှစ် မတိုင်မီအထိ အဲဒီနိုင်ငံရဲ့တောင်ပိုင်း နယ်နိမိတ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
၁၉၈၇-၁၉၉၃၊ ၂၀၀၀-၂၀၀၅ ခုနှစ်တွေအတွင်းမှာ ပါလက်စတိုင်းတို့ရဲ့ တော်လှန်ရေးအဖွဲ့များနဲ့ စစ်ပွဲများအကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးတပ်မတော်ဟာ သမားရိုးကျမြေပြင်စစ်ပွဲများ ဒါမှမဟုတ် ပြင်းထန်မှုနည်းပါးတဲ့ စစ်ဆင်ရေးများအတွင်းမှာ အောင်မြင်မှုများကိုသာ ရရှိနိုင်ခဲ့တယ်ဆိုတာကို သူ့ရဲ့အိမ်နီးချင်းနိုင်ငံများဆီ ပြသနိုင်ခဲ့ပါတယ်။
အစ္စရေးတပ်မတော်မှာ တခြားတပ်မတော်တွေလိုပဲ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဆိုပြီးရှိပါတယ်။ ကွပ်ကဲမှုစစ်ဌာန ချုပ်တွေအနေနဲ့ကတော့ မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းနဲ့ ပြည်ထဲရေးတပ်ဦး စစ်ဌာနချုပ်တို့ကို ဖွဲ့စည်းထားပါတယ်။
နိုင်ငံတကာမဟာဗျူဟာဆိုင်ရာ လေ့လာရေးအဖွဲ့(IISS)ရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးတပ်မတော်မှာ တန်းပြည့်စစ်မှုထမ်း အင်အား ၁၆၉၅၀၀ နဲ့ အရန်အင်အား ၄၆၅၀၀၀ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ အရန်အင်အားတွေထဲကမှ ၃၆၀၀၀၀ လောက်ကို အောက်တိုဘာလ ၇ ရက်တိုက်ခိုက်မှု ဖြစ်စဉ်ပြီးနောက် ပြန်လည်ဆင့်ခေါ်လိုက်တာ တွေ့ရပါတယ်။
စတော့ဟုမ်းနိုင်ငံ တကာငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ထုတ်ပြန်ချက်အရဆိုရင်လည်း အစ္စရေးရဲ့ကာကွယ် ရေးအသုံးစရိတ်ဟာ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄ ဘီလီယံ အထိရှိတယ်လို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျိုးအမြတ်အများဆုံး စစ်ဘက်-စက်မှုလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင်နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်တဲ့ လေယာဉ်တွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ ရေဒါတွေ၊ အီလက်ထရွန်နစ်စနစ်တွေအပြင် ဂြိုဟ်တုများကိုလည်း ပြည်တွင်းမှာတင် ထုတ်လုပ်ပြီး အသုံးပြုနေနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။
အဲဒီထဲကမှ အထင်ရှားဆုံးပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းများကတော့ Iron Dome? Arrow နဲ့ David's Sling လေကြောင်းရန်နဲ့ ဒုံးကျည်ရန်ကာကွယ်ရေး စနစ်များ၊ နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်တဲ့ Jericho ဒုံးကျည်များ၊ Desert Eagle ပစ္စတိုများ၊ Negevအပေါ့စား စက်သေနတ်များ၊ Uzi သေနတ်များအပါ အဝင်လက်နက်ငယ်များ၊ Merkava တင့်များပဲဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ အစ္စရေးနိုင်ငံဟာ အမေရိကန်ရဲ့ ပံ့ပိုးမှုနဲ့အတူ အမေရိကန်တို့ရဲ့ အဆင့်မြင့်ဆုံး စစ်လက်နက် ပစ္စည်းများကိုလည်း ဝယ်ယူခွင့်ရထားပါသေးတယ်။
ဒါကြောင့် အမေရိကန်ထုတ် F-35 တိုက်လေယာဉ်များကို ဝယ်ယူခွင့်ရတဲ့ ပထမဆုံး နိုင်ငံတွေထဲမှာ အစ္စရေးနိုင်ငံလည်း အပါအဝင်ဖြစ်လာတာပါ။ လက်ရှိမှာတော့ အစ္စရေးက ပြည်တွင်းဖြစ် လေကြောင်းနည်းပညာတွေ၊ ဒုံးကျည်တွေ တင်ဆောင်အသုံးပြုနိုင်စေဖို့ F-35 ကိုစိတ်ကြိုက်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။
နျူကလီးယားလက်နက်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် အစ္စရေးနိုင်ငံက နျူကလီးယား လက်နက်ပိုင် နိုင်ငံတစ်နိုင်ငံဖြစ်နေဟန်တူပါတယ်။ သူတို့အနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး ဝန်ခံခြင်းလည်း မရှိသလို ငြင်းပယ်ခြင်းလည်း မရှိပါဘူး။
SIPRI ရဲ့ခန့်မှန်းချက်အရ အစ္စရေးဟာ မြေပြင်ကနေ ပစ်လွှတ်နိုင်တဲ့ ဒါမှမဟုတ် ဒုံးကျည်ကနေ တင်ဆောင်ပစ်ခတ်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးအလုံး ၈၀ အထိကို ပိုင်ဆိုင်ထားပြီးပြီလို့ သိရပါတယ်။
အစ္စရေးနဲ့အမေရိကန်လုံခြုံရေး လေ့လာသူများအနေနဲ့ အစ္စရေးရဲ့ နျူကလီးယား ထိပ်ဖူးများဟာ သမားရိုးကျတပ်ဖွဲ့တွေက ဘယ်လိုမှ မတတ်နိုင်တော့တဲ့ အချိန်မှာ လက်စားချေတဲ့အနေနဲ့ လုပ်ဆောင်သွားမယ့် နောက်ဆုံးရွေးချယ်စရာအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အခုလိုမျိုး နျူကလီးယား လက်နက်ကို ပိုင်ဆိုင်ထားဖွယ်ရှိတဲ့ အခြေအနေကြောင့် အစ္စရေးတပ်မတော်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အင်အားအကြီးဆုံး တပ်မတော်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
အီရန်
အီရန်ဆိုတာက အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ နောက်ထပ်စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံပါ။ အီရန်ရဲ့ကြည်းတပ်က တန်းပြည့်စစ်မှုထမ်း အရေအတွက် ၃၅၀၀၀၀၊ လေတပ်ဖွဲ့ဝင် ၃၇၀၀၀၊ ရေတပ်ဖွဲ့ဝင် ၁၈၀၀၀ နဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၅၀၀၀ ကို ပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် အီရန်တို့မှာ အင်အားတောင့်တင်း ခိုင်မာလှတဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ဆိုတဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့ ရှိပါသေးတယ်။ အဲဒီတပ်ဖွဲ့ကတော့ စုစုပေါင်း စစ်သည်အင်အား ၂၃၀၀၀၀ ရှိပါတယ်။
ဒါကြောင့် အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ တန်းပြည့်စစ်မှုထမ်း အင်အားအလွန်များပြားတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်ရပ်တည်နေတဲ့ အပြင် အရေးပေါ်လာရင် ဆင့်ခေါ်ဖို့အတွက် အရန်အင်အား အနည်းဆုံး ၃၅၀၀၀၀ လည်း ရှိပါသေးတယ်။
အီရန်တို့ရဲ့ ၂၀၂၂ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံအထိ ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
အီရန်သည်လည်း အစ္စရေးလိုပဲ ပဋိပက္ခများစွာကို ရင်ဆိုင်ခဲ့ရတဲ့အတွက် အီရန်စစ်သည်များဟာ အရေးပါလှတဲ့ တိုက်ပွဲ ဝင်အတွေ့အကြုံများကို ပိုင်ဆိုင်ထားပါတယ်။
အဲဒီအတွေ့အကြုံတွေထဲမှာ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလမှာ ဖြစ်ပွားတဲ့ အီရန်-အီရတ်စစ်ပွဲလည်း အပါအဝင်ပါ။ ဒီစစ်ပွဲဟာ တော်တော်လေးကို ရှုပ်ထွေးတဲ့ စစ်ပွဲတစ်ပွဲဖြစ်ပြီး ၁၉၈၈ ခုနှစ်ရောက်မှသာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ထက်မြတ်