ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်
တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက် လဖြစ်သည်။ ထိုလသည် ဝါလကင်းလွတ်ပြီးနောက် ဒုတိယမြောက်လလည်းဖြစ်သည်။ မိုးလေကင်းလွတ်မှုနှင့်အတူ ပျော်ပွဲရွှင်ပွဲများလှုပ်နိုးရာကာလဖြစ်တော့သည်။ တန်ဆောင်မုန်းလသည် မြန်မာ့ဓလေ့နှင့်အတူ အမျိုးသားရေး အငွေ့အသက်တို့ပါ ယှက်သန်းပေးထားသည်။ ခရစ်နှစ် သက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးတော့မည်ဟု အသိပေးလာသည့် လဟုလည်း တင်စားနိုင်သည်။
တန်ဆောင်မုန်းလကို ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်း ခဝဲပွင့်ချိန်၊ ခင်းကထိန် ခဝဲလှိုင်လှိုင်၊ တန်ဆောင်တိုင် ဟု ရှေးမြန်မာကြီးများ၏ ရာသီအကြိုက် ခဝဲပွင့်ကို ဂုဏ်မြှင့်၍ ဝင့်ဝါခဲ့ကြသည်။ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲနှင့် အမျိုးသားအောင်ပွဲနေ့တို့သည် တန်ဆောင်တိုင်လ၏ အမှတ်သညာများပင် ဖြစ်တော့သည်။ ရာသီအားဖြင့် ဗြိစ္ဆာ၊ အခါအားဖြင့် တန်ဆောင်မုန်း၊ ကြတ္တိကာနှင့် စန်းသော်တာ ယှဉ်ပြိုင်ထွန်းကြသော လမြတ်တန်ဆောင်မုန်းဟု မြန်မာ့ရိုးရာထုံးဓလေ့ကို ချီးပသည့် မြန်မာလူမျိုးတိုင်းက ဆိုထုံးပြုကြသည်။ ဤလရာသီတွင် လမင်းစန္ဒာ၏ ရန်သူငါးပါးဖြစ်သော ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးတို့ ကင်းစင်သဖြင့် ကောင်းကင်တစ်ခုလုံး မိုးပြာဖုံးနေသည်ဟု ထင်မှတ်ဖွယ်ဖြစ်သည်။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက် ဟုလည်း ရာသီမိုးကိုညွှန်းဆိုကြသေးသည်။ ဆီးနှင်းကျလိုက်၊ မိုးရွာလိုက် ဖြစ်ဟန်တူသည်။
တန်ဆောင်မုန်းမိုး ကန်ကျိုးအောင်ရွာ ဟုလည်းဆိုကြသည်။ ကန်များကျိုးပေါက်သည်အထိ မိုးရွာတတ်သည်ဟုလည်း ပြောကြသည်။ ဆက်တိုက် မိုးရွာသွန်းပါက ကျွဲအိုနွားအိုများသေတတ်သည့် တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ ဟူသည့် ဆိုစကားလည်းရှိသေးသည်။ တစ်ခါတစ်ရံတွင် မိုးသက်မုန်တိုင်း ကျတတ်သဖြင့် သောင်ကတုံး၌ လှေရပ်နားဆိုက်ကပ်မည်ဆိုပါက အတွင်းကျသော၊ အကာအကွယ်ကောင်းသောနေရာ၌ ဆိုက်ကပ်ရပ်နား အိပ်စက်ရန် သတိပေးသည့် တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ ဟူသော စကားသည်လည်း ဤလ ဤရာသီ၏ ရာသီစက်ဝန်းကို ပြောပြနေဟန်ရှိသည်။
မွှေးသောခဝဲပန်းကို အမွှမ်းတင်သောလဖြစ်သည်။
ရှေးမြန်မာကြီးများသည် ခါတော်မီ ပွင့်လန်းကြသော ပန်းမျိုးစုံကို ရွေးချယ်ရာ၌ ရနံ့မွှေးကြိုင်ခြင်း၊ အဆင်းလှပခြင်းတို့ထက် နက္ခတ်ပန်းကိုသာ ရွေးချယ်ကြခြင်းသည်လည်း မှတ်သားစရာပင်ဖြစ်သည်။ တောင်သူလယ်သမားများက ဤအချိန်၊ ဤအခါတွင် ဝမ်းသာရွှင်ပြုံးနှလုံးချမ်းမြေ့ကြသဖြင့် ဤကာလကို တောင်သူရွှင်ပြုံး တန်ဆောင်မုန်းဟုလည်း တင်စားကြသည်။ လယ်ကွင်းကြီးတစ်ခုလုံး သီးနှံခက် ကလေးများသည် အစီအရီ ပြူထွက်နေကြသဖြင့် လယ်သမားကြီးများ လယ်ယာဖြစ်ထွန်းမှုကို အကြောင်းပြု၍ ရွှင်ပြုံးနေကြခြင်းဖြစ်သည်။ ထို့ကြောင့် ဖုံးတုံးလုံးတုံး၊ တန်ဆောင်မုန်း ဟု ယနေ့တိုင် ဆိုစမှတ်ပြနေကြခြင်း ဖြစ်သည်။စပါးခင်းများ ပွင့်ရန်အတွက် အားယူနေချိန်၊ အပင်ပိုင်း ကြီးထွားမှုအတွက် အားအကောင်းဆုံး၊ အားအလိုအပ်ဆုံးအချိန်ဟု တောင်သူအမှတ်အသား ဆိုစကားပင်ဖြစ်သည်။
ကထိန်ပွဲ
ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး ဟူသော လင်္ကာအရ မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော်၌ ကထိန်သင်္ကန်းကပ်လှူပွဲသည် တစ်ခုအပါအဝင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ပါဝေယျကတိုင်းသား ရဟန်းများကို အကြောင်းပြု၍ မိုးဥတု၌ သင်္ကန်းခေါင်းပါးကြသော ရဟန်းတို့အဖို့ ကထိန်သင်္ကန်းကပ်လှူခြင်းကို ခွင့်ပြုတော်မူခဲ့သည်။ ကထိနစီဝရ တရားနှင့်အညီ ခံယူရရှိသော သင်္ကန်းဟုဆိုလိုခြင်းဖြစ်သည်။ ကထိန်ပွဲအကြောင်းကို မြန်မာဗုဒ္ဓဘာသာဝင်တိုင်း သိကြသည်။ ဘုရားဟော ဓမ္မခန်းများ၌လည်းကောင်း၊ ပညာရှိများရေးသားခဲ့ကြသည့် ကထိန်အကြောင်း စာအုပ်များ၌လည်းကောင်း၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲများ၌လည်းကောင်း ရာသီအလိုက် ထိုရာသီကို အကြောင်းပြု၍ မြန်မာ့ဓလေ့ပွဲတော်များအကြောင်း၌လည်းကောင်း ကထိန်ပွဲအကြောင်းကို လေ့လာနိုင်သည်။ အစဉ်အလာ ရိုးရာယဉ်ကျေးမှုပွဲဟုဆိုနိုင်သည်။
မသိုးသင်္ကန်းကပ်လှူပွဲ
တန်ဆောင်မုန်းလတွင် ရိုးရာဓလေ့ထုံးစံအတိုင်း လှူဒါန်းကြသော သင်္ကန်းမှာ သုံးမျိုးရှိသည်။(၁) ကထိန်သင်္ကန်း၊ (၂) မသိုးသင်္ကန်း၊ (၃) ကြာသင်္ကန်းတို့ဖြစ်သည်။ ရှေးကသင်္ကန်းဟုခေါ်ဆိုနေကြသော်လည်း စင်စစ်ချုပ်လုပ်ပြီး၊ ဆေးဆိုးပြီး အသင့်ရုံနိုင်သည့်သင်္ကန်းများ မဟုတ်သည်ကများသည်။ ဖျင်စိမ်းသက်သက်ကို သင်္ကန်းအဖြစ်လည်းကောင်း၊ သင်္ကန်းအဖြစ် လျာထားခြင်းဖြင့်လည်းကောင်း၊ သင်္ကန်းလောင်း (စီဝရဒုဿ)အဖြစ် လည်းကောင်း ရည်မှန်းလှူဒါန်းကြခြင်း ဖြစ်သည်။ ကထိန်၏ ပညတ်ချက်မှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့်အတွင်းသာ ခွင့်ပြုထားသဖြင့် တန်ဆောင်မုန်းလပြည့် မလွန်စေရန် ညဉ့်သန်းခေါင်အထိ အမြန်ရက်လုပ်ကြရသည်။ ထိုအချိန်မှ ကျော်လွန်သော် အချိန်(သိုး)သည် ပုပ်သည်ဟု ခေါ်လေသည်။ ထို့ကြောင့် အချိန်မသိုးအောင် အမြန်ရက်လုပ်သည့် သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုခေါ်ကြခြင်းဖြစ်သည်။ ထို မသိုးသင်္ကန်းသည် (အနာဘိပဒေါ သိကစီဝရ)သင်္ကန်းမြောက်လေသည်။
ကြာသင်္ကန်းကပ်လှူပွဲ
ကြာသင်္ကန်းကပ်လှူသည့်ဓလေ့သည်နည်းပါးလာကြသဖြင့် သိသူပင်နည်းပါးလာကြသည်။ အချို့သော အရပ်ဒေသတို့တွင် စေတီပုထိုးများနှင့် ဘုရားရုပ်တုတော်များ၌ ပိတ်ပေါ်တွင်ရွှေရောင်စက္ကူ သို့မဟုတ် ဖဲဝါရွှေရောင် ကြာပွင့်ကြီးများထိုး၍ ရစ်ပတ်လှူဒါန်းထားကြသည်ကို တွေ့မြင်နိုင်ကြသေးသည်။ ထိုသင်္ကန်းကို ကြာသင်္ကန်းဟု ခေါ်သည်။ ကြာသင်္ကန်းဖြစ်ပေါ်လာပုံမှာ သုညကမ္ဘာ၊ အသုညကမ္ဘာဟူ၍ရှိရာ သုညကမ္ဘာတွင် ဘုရားအစစ်အမှန်များမပွင့်ကြချေ။ အသုညကမ္ဘာ၌သာ ပွင့်တော်မူကြသည်။ အသုညကမ္ဘာမှာ (၁) သာရကမ္ဘာ (ဘုရားတစ်ဆူသာပွင့်သည်)၊ (၂) မဏ္ဍကမ္ဘာ(နှစ်ဆူပွင့်သည်)၊ (၃) ဝရကမ္ဘာ(သုံံးဆူပွင့်သည်)၊ (၄)သာရမဏ္ဍကမ္ဘာ(လေးဆူပွင့်သည်)၊ (၅) ဘဒ္ဒကမ္ဘာ(ငါးဆူပွင့်သည်)ဟူ၍ သိမှတ်နိုင်သည်။ ထိုကမ္ဘာတို့၌ ဗုဒ္ဓမြတ်စွာတို့ သဗ္ဗညုတဉာဏ်ကိုရကြသည့် ဗောဓိပင်နှင့်ရွှေပလ္လင်နေရာတို့သည် ဦးစွာမြေဖြစ်ပေါ်ရာနေရာ ဖြစ်သည်။ ထိုနေရာတို့သည် ကမ္ဘာပျက်ချိန်၌လည်း နောက်ဆုံးမှ ပျက်ကြသည်။ ထိုနေရာတို့တွင် ဇမ္ဗူဒီပနိမိတ္တ ဟူသည်နှင့်အညီ သင်္ကန်းပရိက္ခရာအစုံပါသော ကြာရုံတို့ ပေါက်လာရသည်။ ဘုရားပွင့်ရာအရေအတွက်အလိုက် ပွင့်ကြသည်။ ကြာရုံ၌ပေါက်သော သင်္ကန်းပရိက္ခရာတို့ကို ဗြဟ္မာကြီးများက သိမ်းဆည်းကြသည်။ ဘုရားအလောင်းတို့ တောထွက်ချိန်ဝယ် ထိုကြာသင်္ကန်းကို ကပ်လှူကြသည်။ သိဒ္ဓတ္တမင်းသားကို ဃဋိကဗြဟ္မာကြီးက ဆက်ကပ်လှူဒါန်းသည်။
တန်ဆောင်တိုင်ပွဲ
တန်ဆောင်တိုင်ဆိုသည်မှာ ဆီးဖြူ(ဇီးဖြူ)သားကို တစ်ထွာတစ်မိုက် လိုသလိုဖြတ်ယူ၍ ဖယောင်းတိုင်လုံးသဏ္ဌာန်ပြုလုပ်ပြီး ချည်ဖြူချည်နီ ရစ်ပတ်လျက် ဆီတွင်စိမ်ပြီး ဆီမီးပူဇော်ကြသော မီးတိုင်ကို တန်ဆောင်တိုင်ဟုခေါ်သည်။ တန်ဆောင်မှာ အလင်းရောင်ဖြစ်၍ မုန်းမှာခြယ်လှယ်ခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ဤလတွင် မဟာဝိနာယကဟုခေါ်သော မဟာပိန္နဲနတ်ကြီး နိုးသောလဖြစ်၍ ပါဠိဘာသာအားဖြင့် ပစ္ဆိမကတ္တိကာမာသ ဖြစ်သော ကြတ္တိကာမီးနတ် တစ်နည်း ဖျောက်ဆိပ်ကြယ်ကို ပူဇော်ပသကြသည့်အခါလည်းဖြစ်သည်။ ရှေးဘုရင်တို့ကလည်း ကြတ္တိကာနက္ခတ်ပွဲများကို ကျင်းပလေ့ရှိခဲ့ကြသည်။ မဲဇလီဖူးသုပ်စားသည့်ညလပြည့်ညတွင် လူငယ်များသည် မဲဇလီဖူးသုပ်များကို ဖက်နှင့်ထုပ်၍ မိတ်သင်္ဂဟတို့၏ အိမ်ပေါက်များဆီသို့ ပစ်သွင်းပျော်ပါးလေ့ရှိကြသည်။ မဲဇလီဟုခေါ်သည့် အပင်သည် မဇ္ဈိမဒေသမှ လာသော သရကောမုဒိ ဆေးကျမ်းတွင် ဤလရာသီကား ကြတ္တိကာနက္ခတ် စန်းနှင့်ယှဉ်နေသဖြင့် နက္ခတ်စောင့် မီးနတ်ကြီးသည် မဲဇလီပင်စောင့်နတ်ထံသို့ ခေတ္တမျှ လာရောက်ချိန်ဖြစ်သည်။ မီးနတ်ကြီး လာရောက်ချိန်တွင် သစ်ပင်အားလုံးရှိနတ်များသည် ထိုမဲဇလီပင်၌ စုရုံး လာရောက်ကြသဖြင့် မဲဇလီပင်၌ အစွမ်းထက်သည်ဟု ဆိုကြခြင်းဖြစ်သည်။ မဲဇလီပင်စောင့်နတ်သည် သစ်ပင်မှန်သမျှကို အုပ်စိုးသည်ဟုလည်း ဆိုကြသည်။ လပြည့်ညတွင် မဲဇလီဖူးသုပ်စားခြင်းဖြင့် ရောဂါဘယကင်းသည်ဟုလည်း ယုံကြည်ကြသည်။
အမျိုးသားနေ့
ရိုးရာဓလေ့မွမ်းထုံမှုနှင့်အတူ အမျိုးသားနေ့သည်လည်း ဤလ၏ မမေ့နိုင်စရာအကြောင်းတစ်ရပ်ဖြစ်ခဲ့သည်။ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ အမျိုးသားနေ့အဖြစ် သတ်မှတ်ရခြင်းမှာ ခရစ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့( မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်)တွင် (ယုဒသန်ကောလိပ်) ကျောင်းသားများက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်သောနေ့ ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသို့ သပိတ်မှောက်လိုက်ခြင်းသည် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားတို့ လက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မန္တလေးမြို့၌ ကျင်းပသည့် ဂျီစီဘီအေ ပြည်လုံးကျွတ် နှစ်ပတ်လည် ညီလာခံတွင် ကန့်ကွက်သူမရှိဘဲတညီတညွတ်တည်း ကောလိပ်ကျောင်းသား၊ ကျောင်းသူများ သပိတ်မှောက်ခဲ့ကြသည့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့(အမျိုးသားအောင်ပွဲနေ့) အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
တန်ဆောင်မုန်းသည် ဤနှယ် အကြောင်းချင်းရာများဖြင့် လှပပြည့်စုံနေသည်။ အရောင်အသွေးစုံသော ပန်းချီကားပင်ဖြစ်သည်။ စုတ်ချက်တို့သည် နုသည့်နေရာနုကြ၍ ဖော့သည်နေရာ ဖော့ကြကာ ကြမ်းသည့်နေရာဝယ်တွင်းလည်း စွဲငြိစေသည်အထိ စုတ်ချက်ကြမ်းခဲ့လေသည်။ ဆောင်း၏အငွေ့အသက်တို့ ရစ်သိုင်းခြုံလာသော ဤအချိန် ဤကာလဝယ် မမေ့နိုင်စရာများစွာရှိသော ဤလသည် ခဝဲပွင့်တို့၏ မွှေးပျံ့သော ရနံ့တို့နှင့်အတူ သင်းပျံ့ကြိုင်လှိုင်နေမည် ဖြစ်ပါတော့သည်။ ။
ကိုဇော်ဌေး(ယဉ်ကျေးမှု)