မီးဘေးလုံခြုံမှုအစဉ်သတိပြု၍ မီးဘေးလုံခြုံသောမြို့ရွာများဖြစ်ကြစေလို

 

မီးဘေးလုံခြုံမှုအစဉ်သတိပြု၍ မီးဘေးလုံခြုံသောမြို့ရွာများဖြစ်ကြစေလို

မီးသည် လူသားများအတွက် မရှိမဖြစ် လိုအပ်သောအရာတစ်ခုဟု  ဆိုရမည်ဖြစ် သည်။ ရှေးယခင်က လူသားများ  မီးကို စတင်တွေ့ရှိခဲ့ရာမှ ယဉ်ကျေးမှုများ  ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ဟု    သမိုင်းဆိုင်ရာ စာပေများတွင်   လေ့လာတွေ့ရှိရသည်။ သို့သော် မီးသည် သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေးဟူသည့်အတိုင်း ရန်သူမျိုး ငါးပါးစာရင်းဝင်ဖြစ်သည်။

သူခိုးခိုးလျှင် အစုတ်ကျန်နိုင်သော်လည်း မီးခိုးလျှင် အစုတ်ပါမကျန် အပြုတ်နှံတတ်သဖြင့် မီးဘေးသည် ကြောက်ရွံ့ရသည်။  သို့သော် သတိလက်လွတ်ဖြင့် မီးကို ဂရုမပြုမိ၍  အမှိုက်ကစ  ပြာသာဒ်မီးလောင်ဆိုသကဲ့သို့ မိမိတို့တစ်သက်လုံး ရှာဖွေတည်ဆောက်ထားသော အိုးအိမ်၊ ပစ္စည်းဥစ္စာများသည်  စက္ကန့်ပိုင်း၊  မိနစ်ပိုင်းအတွင်း ပြာပုံဖြစ်သွားနိုင်သည်။

ဤကမ္ဘာကြီးသည် မီးနှင့်မကင်းနိုင်ဘဲ မီးကို အဘက်ဘက်မှ အသုံးပြုကြသည်။ လူသားများပေါ့ဆမှုကြောင့် လောင်မြိုက်ရသည့်မီးဘေးသည် အလွန်ကြောက်စရာ ကောင်းလှပြီး လူတို့၏သတိလက်လွတ်မှုဖြင့် လောင်မြိုက်ခဲ့ရသည့် မီးဘေးများစွာ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။

မီးဘေးသည်  ပူပြင်းခြောက်သွေ့သော ရာသီများတွင်သာ ကြောက်ရသည်မဟုတ်။ အချိန်အခါမရွေး နေ့နေ့ညညလောင်လွယ် သည့်သဘောရှိ၍ အစဉ်သတိရှိစွာ သုံးစွဲ ကြရမည်ဖြစ်သည်။ လူသားများအနေဖြင့် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့နေသည်မှာ မှန်သော်လည်း သတိလက်လွတ်ပေါ့ဆသောကြောင့် မီးဘေးနှင့် တွေ့ကြုံရခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်များကိုကြည့်လျှင် လူသားများ၏ပေါ့ဆမှုဖြင့်  လောင်မြိုက်သောမီးဘေးနှင့် သဘာဝဘေးဒဏ် တစ်မျိုးမျိုးကြောင့် လောင်မြိုက်သော မီးဘေးဟူသော မီးဘေးနှစ်မျိုးရှိပြီး လူသားများ၏ ပေါ့ဆမှုကြောင့်လောင်သော  မီးဘေးက ပို၍များသည်။

မီးနှင့်လူသားအတူရှိနေသော ကမ္ဘာကြီးသည် မီးဘေးမကြာခဏသင့်ခြင်းကိုခံရပြီး ဆုံးရှုံးမှုများနှင့်လည်း    တွေ့ကြုံနိုင်၍ မီးဘေးကို    ကာကွယ်တားဆီးရမည်ဆိုသောအသိရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံသည်လည်း တခြားသော နိုင်ငံများနည်းတူ သဘာဝဘေးဒဏ်ကို တွေ့ကြုံခံစားရသောနိုင်ငံဖြစ်သည့် အားလျော်စွာ ကာကွယ်ရေးလုပ်ငန်းစဉ်များကို  လုပ်ဆောင်နေရသည့်အတွက်  ထိုလုပ်ဆောင်ချက်များတွင်  မီးဘေးကာကွယ်ရေး လုပ်ငန်းများလည်း ပါဝင်ပြီးဖြစ်သည်။

အချိန်အခါမရွေးလောင်သော မီးဘေးအန္တရာယ်ကို  လူသားများ  နေ့စဉ်သိနေ၊ ကြားနေရဆဲဖြစ်သည်။ အထူးသဖြင့် မိုးအကုန်ကာလ ခြောက်သွေ့စတွင် မီးဘေးအန္တရာယ်ကို စတင်သတိပြုရမည်ဖြစ်သည်။ လတ်တလောတွင် မီးလောင်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့်သာမက စာရေးသူတို့နေထိုင်သော ရန်ကုန်မြို့တွင်းနှင့် အနီးအနားတွင် တစ်ကြိမ်မကဖြစ်ပွားနေကြောင်း ကြားသိနေရသောကြောင့် ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ မီးဘေးအန္တရာယ်ကိုပို၍ သတိပြုရမည်ဖြစ်သည်။

မီးဘေးအန္တရာယ်ကြုံရလျှင်   မီးဘေးသင့်ကြသူများသာမက  နိုင်ငံတော်ကပါ ဆုံးရှုံးရစမြဲဖြစ်သည်။ သို့ပါ၍ မီးဘေးကြိုတင်ကာကွယ်မှု၊ မီးဘေးသင့်ရာနေရာ လူအများအတွက် ကူညီကယ်တင်မှု၊ ပြန်လည်ပြုပြင် နှစ်သိမ့်အားပေးမှု၊      အရေးယူမှုဟူသော လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာဝန်ရှိ  မီးသတ်တပ်ဖွဲ့ဝင်များက  အချိန်အခါမရွေး ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်နှင့်လျှပ်စစ်ပစ္စည်းသုံးစွဲမှု များလာသော်လည်း လျှပ်စစ်ပစ္စည်းသုံးစွဲမှုတွင် စနစ်တကျ အသုံးပြုခြင်း မရှိသည့်အတွက် လျှပ်စစ်နှင့်ဆက်နွှယ်ပြီး မီးလောင်မှုများဖြစ်ခဲ့ရ၏။ တစ်နည်းအားဖြင့် ပေါ့ဆစွာအသုံးပြုမှုကြောင့်ဟုဆိုနိုင်သော အပူလွန်ကဲ၍ မီးလောင်မှုများဖြစ်ပွားလျက်ရှိသည်။

မီးဘေးလုံခြုံမှုရှိစေရေးအတွက်  ပြည်သူလူထုတစ်ရပ်လုံး    အထူးသတိပြုဆင်ခြင်ကြမည်ဆိုလျှင်    မီးဘေးအန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်နိုင်ပေမည်။   ထို့ပြင် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အိမ်တိုင်း၊ အလုပ်ဌာန၊ စက်ရုံတိုင်းလိုက်နာကြပြီး မီးငြှိမ်းသတ်နိုင်သော ပစ္စည်းကိရိယာများ   ထားရှိကြရန်လိုသည်။   မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များကို  ၂၀၂၀ ပြည့်နှစ်မှစတင်သတ်မှတ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁  ရက်မှစ၍  လုပ်ငန်းဆိုင်ရာများတွင် မီးဘေးလုံခြုံရေးကိစ္စကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။

ပြည်သူများ အနေဖြင့်လည်း   မီးဘေးကို  မလောင်ခင်    တားဆီးကာကွယ်နိုင်ရေးအတွက် အစဉ်သတိရှိကြရန်လိုသည်။

မီးဘေးအန္တရာယ်ကြောင့်  ဆုံးရှုံးမှုများနှင့်အတူ အခြေအနေမဲ့သောဖြစ်စဉ်များ၊  ထိခိုက်သေဆုံးမှုများကိုပါ    ကြားသိနေရသဖြင့် ပြည်သူများသတိရှိရန်  ပို၍လိုအပ်နေပြီဖြစ်သည်။ မီးသတ်တပ်ဖွဲ့အနေဖြင့် လည်း သင့်လေးသင့်ဖြစ်သည့် လူအသင့်၊ ယာဉ်စက်အသင့်၊ ဆီအသင့်၊ ရေအသင့်နှင့်  နေ့ညမပြတ်ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံတော်၏  စီးပွားရေးမြို့တော်ဖြစ်သည်နှင့်အညီ စက်မှုဇုန်များ၊ ဈေးကြီး ဈေးငယ်များ၊ ကုန်တိုက်ကြီးငယ်များ၊ ဟိုတယ်ကြီးများ၊ အဆင့် မြင့်လူနေကွန်ဒိုအိမ်ရာများတည်ရှိပြီး လူနေထိုင်မှုသိပ်သည်းလာပြီဖြစ်၍ လျှပ်စစ်မီးသုံးစွဲမှုလည်းမြင့်မားလာရာ    လျှပ်စစ်ပစ္စည်းသုံးစွဲမှုကို  သတိပြုကြရန်  လိုအပ်သည်။ ဖွံ့ဖြိုးတိုး တက်စည်ပင်မှုပေါ်မူတည်၍ ဖြစ်လာတတ်သည်က သဘာဝဘေးနှင့် မီးဘေးပင်ဖြစ်သည်။

မြန်မာတစ်ပြည်လုံးအတိုင်းအတာနှင့်လည်း  မီးဘေးအန္တရာယ်တွေ့ကြုံရမှုများ ရှိကောင်းရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် အရေးကြုံခဲ့သော် အားကိုးအားထားပြုနိုင်သည့် မီးသတ်စခန်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များထံ သတင်းပို့အကူအညီတောင်းခံ၍  ဝိုင်းဝန်းပူးပေါင်းဖြေရှင်းကြရန်လိုသည်။   ပြည်သူ့တာဝန်ကို  မီးဘေးသာမက သဘာဝဘေးဖြစ်စဉ်များတွင်ပါ သက်စွန့်ကြိုးပမ်းထမ်းရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်များ၏    တာဝန်ထမ်းဆောင်မှုများကို လေ့လာကြည့်သောအခါ ဤသို့တွေ့ရှိမှတ်သားရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ခရိုင်မီးသတ် စခန်းလေးခု၊ မြို့နယ်မီးသတ်စခန်း ၃၆ ခု၊ နယ်မြေမီးသတ်စခန်း ၂၃ ခု စုစုပေါင်း မီးသတ်စခန်း ၆၃ ခု ဖွင့်လှစ်ထားပြီး ထို မီးသတ်စခန်း ၆၃ ခုတွင် မီးငြှိမ်းသတ်ရေး ယာဉ် ၁၃၂ စီး၊ ရေသယ်ယာဉ် ၄၇ စီး၊မီးသတ်စက်ယာဉ် ၁၃ စီး၊  အထောက်အကူ ပြုယာဉ် ၄၅ စီးနှင့်အတူ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုပြုနိုင်ရန် အုပ်ချုပ်ရေးယာဉ်ခုနစ်စီး ဖြင့် မီးဘေးကိစ္စဟူသမျှအတွက် ၂၄ နာရီအချိန်ပြည့်  နိုးကြားစွာရှိနေကြောင်း  သိရသည်။  ထို့ကြောင့်  ပြည်သူများအနေဖြင့် အရေးကြုံပါက  ပူးပေါင်းနိုင်ရန်  လိုအပ်

သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနအနေဖြင့် (Standard Operating Procedure-S.O.P)  များရေးဆွဲ၍  မီးလောင်မှုပေါ်မူတည်ပြီး Level 1,2,3,4,5 ဟူသည့် အဆင့်လိုက်စနစ်တကျ ငြှိမ်းသတ်မှုများနှင့် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ သတိပြုဆင်ခြင်ကြခြင်းသည်လည်း မီးဘေးရှောင်ခြင်းဖြစ်သည်ကို သတိပြုကြရန်သာလိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့များ၏ နှစ်အလိုက် မီးလောင်ဆုံးရှုံးမှုများကို မှတ်တမ်းပြုထား ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆုံးရှုံးမှုများကို မှတ်တမ်းပြုထားခြင်းများရှိသော ကြောင့်  မီးဘေးကြောင့် ဆုံးရှုံးမှုများကို ပြည်သူများထံ   အသိပေးပြီး   အလားတူအဖြစ်မျိုးမှ ကင်းဝေးစေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ တာဝန်ရှိတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အသက်ကိုပင် မငဲ့ညှာဘဲ မီးလောင်ပြင်၌ စွန့်စွန့်စားစား မီးငြှိမ်းသတ်နေမှုများသည် ပြည်သူ့ဘဝကို စောင့်ရှောက်နေခြင်းဖြစ်၍ ပြည်သူများအနေဖြင့်   မီးဘေးအန္တရာယ်ကို အစဉ်သတိပြုဆင်ခြင်ကြကာ မီးဘေးလုံခြုံသော  မြို့၊  ရွာများ  ဖြစ်ကြစေလိုကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။

မြမဉ္စူဝေ(ကျုံမငေး)