သွားကျန်းမာရေးဆိုင်ရာ ခံတွင်းဝေဒနာအမျိုးမျိုး

 

သွားကျန်းမာရေးဆိုင်ရာ ခံတွင်းဝေဒနာအမျိုးမျိုး

 

ခံတွင်းဝေဒနာတချို့က  ခန္ဓာကိုယ်ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ သွားကိုက်တာကို လူတိုင်း ခံစားဖူးပါတယ်။  ကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ်။ အစားအသောက်စားတဲ့အချိန်   သွားကိုက်လာတယ်ဆိုရင်တော့ သွားနဲ့ခံတွင်းဆရာဝန်နဲ့  ချက်ချင်းပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ သွားပိုးစားနေလို့၊ သွားမှာ အပေါက်ဖြစ်နေလို့  သွားနာ၊ သွားကိုက်တာဆိုရင် အိမ်တွင်းနည်းလမ်းတွေအသုံးပြုပြီး သုံးရက်လောက်စောင့်ကြည့်ပြီး  မသက်သာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

အပေါ်သွားကိုက်တာက နှာခေါင်းတွင်းရှိ ရိုးတွင်းလေအိတ်ငယ်တွေထဲ ပိုးဝင်လို့ဖြစ်နိုင်ပါတယ်။ အပေါ်သွားရဲ့အမြစ်ပေါ်မှာ   နှာခေါင်းတွင်းရှိ ရိုးတွင်းလေအိတ်ငယ်တွေ တည်ရှိနေပါတယ်။

သွားဖုံးကနေသွေးယိုတာဖြစ်နိုင်ပါတယ်။ သွားဖုံးကနေ သွေးထွက်တာက ပုံမှန်မဟုတ်ပါဘူး။ သွားတိုက်တိုင်း  သွားဖုံးကနေ သွေးထွက်တာ၊ သွားကြားပွတ်ကြိုးသုံးတိုင်း    သွားဖုံးကနေသွေးထွက်တာတွေက သွားဖုံးရောဂါတစ်ခုခုရှိနေလို့   ဖြစ်နိုင်တာကြောင့်  အိမ်တွင်းကုသနည်းတစ်မျိုးမျိုးကို  အသုံးပြုသင့်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို တစ်နေ့နှစ်ကြိမ်ပြုလုပ်သင့်ပါတယ်။ ခံတွင်းမှာရောဂါဖြစ်ရင်  ဗက်တီးရီးယားပိုးတွေက     သွားဖုံးသွေးယိုတာကိုဖြစ်စေပါတယ်။ ဗက်တီးရီးယားပိုးတွေက    သွေးစီးကြောင်းထဲဝင်ပြီး သွေးကြောတွေရောင်ရမ်းစေလို့  နှလုံးကိုထိခိုက်စေပါတယ်။  လေ့လာမှုတွေအရ သွားဖုံးရောဂါနဲ့ လမစေ့ဘဲကလေးမွေးဖွားမှု ဆက်စပ်နိုင်ခြေရှိတယ်လို့ တွေ့ရှိထားပါတယ်။

သွားကျိုးပြီးသွားပိုးစားတာတွေဖြစ်ရင် ခန္ဓာကိုယ်ကျန်းမာရေးထက် စိက်ကျန်းမာရေးကိုစစ်ဆေးသင့်ပါတယ်။ စိတ်ဖိစီးမှုများလို့ သွားကြိတ်တာကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် မေးရိုးကြွက်သားတွေတင်းပြီး ညအိပ်ချိန်မှာ သွားကြိတ်တာဖြစ်နိုင်ပါတယ်။ခေါင်းကိုက်တာ၊ မေးရိုးညောင်းတာနဲ့ မေးရိုးနဲ့ဆက်တဲ့နေရာ ပျက်စီးတာတွေဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေဖျောက်လိုက်တာက  အကောင်းဆုံးကုသနည်းဖြစ်ပါတယ်။ အိပ်ရာမဝင်မီ  စိတ်ကိုငြိမ်းချမ်းအောင်ဘာသာရေးလုပ်သင့်ပါတယ်။     နွားနို့ပူပူတစ်ခွက်သောက်သင့်ပါတယ်။ သွားကြိတ်တာရှောင်ဖို့  သွားအကာတပ်ပြီး အိပ်သင့်ပါတယ်။

သတ္တုအရသာရှိတာဖြစ်တတ်တယ်။ ဆေးသောက်ပြီးတဲ့အခါ လျှာပေါ်မှာ သတ္တုအရသာလိုမျိုးရတတ်ပါတယ်။ Histamine တားဆေး၊ ပဋိဇီဝပိုးသတ်ဆေး(Antibiotics)  နဲ့   နှလုံးရောဂါကုသဆေး တချို့သောက်သုံးပြီး တဲ့အခါ    ရရှိတတ်ပါတယ်။   သွားဖုံးရောဂါတချို့ရဲ့ လက္ခဏာလည်း    ဖြစ်တတ်တယ်။  

ခံတွင်းသန့်ရှင်းရေးကို  ဂရုတစိုက်လုပ်ဆောင်ဖို့လိုပါတယ်။   ဇင့်ဓာတ်ချို့တဲ့ရင်လည်း  ဖြစ်တတ်တယ်။

သက်သတ်လွတ်စားသုံးသူတွေမှာ ပိုပြီးဖြစ်တတ်တာကို တွေ့ရပါတယ်။ ကမာကောင်၊ အမဲသား၊  ကဏန်း၊ ဇင့်ဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာ၊ ဝက်သားတွေကနေ ဇင့်ဓာတ်ကို ကြွယ်ဝစွာ ရရှိနိုင်ပါတယ်။

သွားမှာ  အရောင်စွန်းထင်းတာဖြစ်နိုင်ပါတယ်။

သွားအရောင်ညိုတာ၊ ဝါတာတွေက ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါနဲ့ဝိုင်အနီသောက်တာတွေကြောင့်လည်း ပါဝင်ပါတယ်။   ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်ပါဝင်တဲ့ သွားတိုက်ဆေးက သွားမှာရှိတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တယ်။ သွားမှာ အမည်းစက်၊ အညိုစက်တွေရှိနေတာ၊ အနီရောင်၊ အပြာရောင်သန်းနေတာမျိုးတွေတွေ့ရရင် သွားနဲ့တာ၊ သွားကျိုးချင်တာမျိုးဖြစ်နိုင်လို့ သွားနဲ့ခံတွင်းဆရာဝန်ထံ ပြသစစ်ဆေးသင့်ပါတယ်။ သွားမှာ  အဖြူစက်၊ အဝါစက်၊ အညိုစက်နဲ့အပေါက်၊  အချိုင့်တွေရှိနေတာက အူသိမ်ရောဂါနဲ့ဆက်စပ်နေပါတယ်။ အူသိမ်ရောဂါရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ   သွားကြွေလွှာနဲ့ ပတ်သက်တဲ့ပြဿနာတချို့ ခံစားနေရတာကို  တွေ့ရှိရပါတယ်။  အူသိမ်ရောဂါရှိသူတွေက အာဟာရချို့တဲ့ပြီး သွားကြွေလွှာဖွံ့ဖြိုးမှုကို ထိခိုက်စေတာတွေ့ရပါတယ်။ ပဋိဇီဝဆေးဖြစ်တဲ့ Tetracycline  ဆေးကလည်း ကလေးသွားကြွေလွှာကို အရောင်ပြောင်းစေပါတယ်။

ခံတွင်းအနာဖြစ်တာဖြစ်နိုင်ပါတယ်။ ခံတွင်းထဲမှာဖြစ်ဖြစ်၊  ပါးစပ်အပြင်မှာဖြစ်ဖြစ် အနာဖြစ်နိုင်တယ်။စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ၊ ဓာတ်မတည့်တာနဲ့  သံဓာတ်၊ ဖောလစ်အက်စစ်၊  ဗီတာမင်ဘီတွဲစတာတွေ ချို့တဲ့လို့လည်းဖြစ်နိုင်ပြီး  အက်စစ်ဓာတ်ပါဝင်တဲ့ အချဉ်စာတွေနဲ့ အစပ်စာတွေ အလွန်အကျွံ စားသောက်တာကြောင့်လည်း    ဖြစ်တတ်ပါတယ်။

ရေယုန်ဗိုင်းရပ်စ်ကြောင့် နှုတ်ခမ်းပေါ်မှာ  အရည်ကြည်ဖုပုံစံနဲ့  ရေယုန်ပေါက်တာဖြစ်တတ်ပါတယ်။ နှစ်လလောက်အတွင်းမှာ အနာကျက်ပြီး ပျောက်ကင်းသွားတတ်ပေမယ့် အနာက အနီရောင်၊ အဖြူရောင်ပြောင်းတာ၊  ရောင်ရမ်းတာတွေရှိရင်   ဆရာဝန်နဲ့အမြန်ဆုံးပြသပြီး   စစ်ဆေးမှုခံယူသင့်တယ်။   အလိုအလျောက် ခုခံအားစနစ်တိုက်ခိုက်မှုကြောင့် ဖြစ်တဲ့ရောဂါ ဒါမှမဟုတ် ခံတွင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

လျှာမှာ အဖြူဖုလေးတွေကြီးလာတာဖြစ်တတ်ပါတယ်။ ကြည့်လိုက်ရင် လျှာပေါ်မှာ အဖြူရောင်အလွှာ တစ်လွှာကပ်နေသလိုမျိုး      တွေ့ရတတ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ အာခေါင်ခြောက်တာနဲ့ ဆေးဝါးသောက်သုံးရတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဗက်တီးရီးယားတွေ ပေါက်ပွားမှုများ လာတာကြောင့် ဖြစ်တာဆိုတော့  ကလေးငယ်တွေမှာတွေ့ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ကြည့်ရင်  လျှာနောက်ဘက် ဆီက အဖြူရောင်အဖုလေးတွေ ရောင်ရမ်းနေတာက(HIV/AIDS) ဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်။ အပြာရောင်ဖြစ်ရင် သွေးခဲဖတ်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ပြင်  ခံတွင်းကင်ဆာလည်းဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး။

ပါးစပ်ကနေ အနံ့ဆိုးထွက်တတ်ပါတယ်။ ကြက်သွန်ဖြူစားလို့    ခံတွင်းက   အနံ့ထွက်တာမျိုးရှိသလို ဗက်တီးရီးယားတွေ     ပေါက်ပွားတာကြောင့်လည်း ခံတွင်းအနံ့ဆိုးဖြစ်စေပါတယ်။  နံနက်တစ်ကြိမ်၊  ညတစ်ကြိမ် သွားတိုက်ဆေးနဲ့   သွားတိုက်သင့်ပါတယ်။

တစ်နေ့တစ်ကြိမ်    သွားကြားပွတ်ကြိုးအသုံးပြုတာ၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာ ပြုလုပ်သင့်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ရောဂါရှိတာ၊ ဆီးချိုသွေးချိုကိုထိန်းမရတာ၊   စားချဉ့်ပြန်ရောဂါရှိတာ၊ ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ခံတွင်းနံ့က သစ်သီးနံ့ဖြစ်နေရင် ဆီးချိုသွေးချိုရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။  ခန္ဓာကိုယ်မှာ   အင်ဆူလင်ဟော်မုန်းမလုံ လောက်ရင်   သကြားကိုစွမ်းအင်အဖြစ် မပြောင်းလဲနိုင်လို့ အဆီကိုဖြိုခွဲပြီး  စွမ်းအင်အဖြစ် ပြောင်းလဲရပါတယ်။ အဆီကိုဖြိုခွဲတဲ့အခါ ဘေးထွက်ပစ္စည်းအဖြစ် ကီတုန်းထွက်လာပြီး ခံတွင်းအနံ့က သစ်သီးအနံ့ထွက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးဂရုစိုက်ဖို့ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးကိုသာ သတိပြုတတ်ကြပြီး သွားကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြတယ်။ နေ့စဉ်နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဖလူအိုရွိုက်  (Fluoride) ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်တာ၊ အိပ်ရာဝင်ခါနီး သွားတိုက်ပြီးရင် အစာမစားတာ၊   အစာစားပြီးတိုင်း စားကြွင်းစားကျန်မကျန်အောင်    တစ်နေ့သုံးကြိမ် ပလုတ်ကျင်းတာ စတဲ့အလေ့အကျင့်ကောင်းလေးတွေ ကို  ကလေးဘဝကတည်းက  ပျိုးထောင်လေ့ကျင့်ပေးမှသာ  အသက်ကြီးလာတာနဲ့အမျှ   သွားနဲ့ခံတွင်းကျန်းမာရေး ကောင်းနိုင်မှာပါ။ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်ရင် ငယ်စဉ်ဘဝမှာ မသိသာပေမယ့် အသက်ကြီးလာရင် ဒုက္ခပေးတတ်တယ်။

ခံတွင်းအနံ့ဆိုးထွက်နေရင် လူမှုဆက်ဆံရေးမှာ အဆင်မပြေနိုင်ပါဘူး။   စနစ်တကျသွားမတိုက်တာ ကြောင့် သွားချေးတွေ ကျန်နေတာကနေ  သွားချေးကျောက်တွေဖြစ်သွားပြီး သွားဝါတာ၊ ခံတွင်းအနံ့ဆိုး ထွက်တာ၊ သွားဖုံးထဲပိုးဝင်တာ၊ သွားဖုံးသွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။

အံဆုံးပုံမှန်အနေအထားနဲ့ ပေါက်ခြင်းမရှိတဲ့သူတွေမှာ  အံဆုံးပေါက်တဲ့အရှိန်နဲ့ အပေါ်ယံသွားဖုံးရောင်ရမ်းတာ၊ သွားဖုံးပြည်တည်တာ၊ အံဆုံးအနေအထား မမှန်တာတွေကြောင့်    ပါးစောင်ခဏခဏတိုက်မိပြီး ပါးစောင်အနာဖြစ်တာ၊ ရောဂါပိုးဝင်တာတွေ ဖြစ်လာနိုင်တယ်။

အချုပ်အားဖြင့်ဆိုရရင် ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်နဲ့  ခြောက်လတစ်ခါ သို့မဟုတ် တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးသင့်ပါတယ်။ သွားနဲ့ပတ်သက်လို့ ကိုက်ခဲတာတွေ  ခဏခဏဖြစ်နေရင် အလုပ်အကိုင်၊ အစားအသောက်ပျက်တာတွေနဲ့  အိပ်ရေးပျက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ခံတွင်းဝေဒနာ တစ်ခုခုရှိတယ်ဆိုရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့ သေချာစစ်ဆေးပြီး ကုသသင့်ပါကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။       ။

     ဒေါက်တာလွင်သန့်