အဖိုးတန်သော အခမဲ့သင်တန်း
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းသည် မြို့ပြတွင်နေထိုင်ကြသည်။ မည်သည့်အရပ်ဒေသတွင် နေထိုင်ကြသူများဖြစ်စေ မိမိတို့၏သား၊ သမီးများအား အတတ်ပညာနှင့်သက်ဆိုင်သည့် ပညာရပ်များအား စဉ်ဆက်မပြတ်သင်ကြားစေကြသည်။
အများဆုံးသင်ကြားစေသည့် သင်တန်းများမှာ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်းများနှင့် ဂျပန်စကားပြောသင်တန်းတို့ပင်ဖြစ်သည်။ အဆိုပါ သင်တန်းများသည် မိမိတို့၏သားသမီးများအတွက် အတတ်ပညာ တိုးပွားစေသည့် သင်တန်းများဖြစ်သောကြောင့် သင်ယူကြစေလိုသည်။ မိဘများက သားသမီးများအား ထိုသို့သင်တန်းတက်ခိုင်းစေသည့် ရည်ရွယ်ချက်များမှာ ကိုယ်ပိုင်ဘဝရပ်တည်၍ မိမိခြေထောက်ပေါ်တွင် ရပ်တည်စေရန်အတွက် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အထောက်အကူပြု စေလိုသည့်အတွက် ဖြစ်သည်။ မိဘများ သတိမထားမိသည်မှာ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(ပုံမှန်)နှင့် (ကာလတို)သင်တန်းများဖြစ်သည်။
အထက်တွင် ရေးသားခဲ့သည့်အတိုင်း မိဘများသည် သားသမီးများကိုယ်ပိုင်ဘဝရပ်တည်၍ မိမိခြေထောက်ပေါ် ရပ်တည်သည့် လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် အထောက်အကူဖြစ်စေလိုကြသည်။ ဒီထက်ပို၍ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်ငယ်များ ဖြစ်လာစေလိုပါက အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားစေသည်က အဓိကအချက်ပင်ဖြစ်သည်မှာ မှန်ကန်သော ရွေးချယ်မှုဖြစ်သည်ကို သိစေလိုသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးလှပေသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဦးတည်ချက်များချမှတ်ကာ လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးဟူ၍ ချမှတ်ထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် ပြည်သူများပညာရေးဖွံ့ဖြိုးစေရေး မဖြစ်မနေအားပေးမြှင့်တင်ကြရမည်ဖြစ်ပေသည်။
ပြည်သူများဟုဆိုရာတွင် လူငယ်လူရွယ် အမျိုးသား၊ အမျိုးသမီး မျိုးဆက်သစ်လူငယ်များအားလုံး ပါဝင်သည်။ မျိုးဆက်သစ် လူငယ်များသည် နိုင်ငံ၏အင်အား၊ နိုင်ငံ၏စွမ်းအား၊ နိုင်ငံ၏အရင်းအမြစ်များပင်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအတွက် အသင့်ဖြစ်နေစေရန် အသိပညာ၊ အတတ်ပညာရပ်များအပြင် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုပါ တတ်မြောက်ထားကြရန် အထူးလိုအပ်သည်ဟု သုံးသပ်မိပါသည်။
အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုသည်မှာ မိမိတတ်မြောက်သည့်ပညာရပ်သည် ကိုယ်ပိုင်ဘဝရပ်တည်ရန်၊ မိသားစုဝင်ငွေရရှိရန်၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များထူထောင်ရန်တို့အတွက် လိုအပ်သည့်ဝင်ငွေ ရှာဖွေနိုင်သည့် ပညာရပ်ဖြစ်သည်။ သူနာပြုသင်တန်းကျောင်း၊ ဆရာအတတ်သင် သင်တန်းကျောင်း၊ စက်မှုနည်းပညာ သင်တန်းကျောင်းများသည် လူအများစု၊ နယ်ပယ်စုံမှသိသော အသက်မွေး ဝမ်းကျောင်းသင်တန်းများပင်ဖြစ်သည်။ အများပြည်သူများသိရန် လိုအပ်နေသည့် ပြည်သူဗဟိုပြု အခမဲ့အသက်မွေးဝမ်းကျောင်းပညာသင်တန်းများအား နှစ်စဉ်စဉ်ဆက်မပြတ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအောက်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ၁၃ ကျောင်းတို့မှ နှစ်ရှည်(ပုံမှန်)သင်တန်းနှင့် (ကာလတို)သင်တန်းများအဖြစ် သင်ကြားပေးလျက်ရှိပါသည်။
လူအများစုသည် မိမိတို့၏သား၊ သမီး၊ မိမိတို့ ကိုယ်တိုင်တက်ရောက်နေသော သင်တန်းများသည် မည်ကဲ့သို့ အဆင့်မြင့်သည်၊ မည်မျှငွေကြေး၊ သင်တန်းကြေးပေးရသည်ကို ကြွားဝါလိုကြသည်။ ဂုဏ်ဖော်ပြောလိုကြသည်။ ကျွန်ုပ်တို့၏သိပ္ပံနှင့်သင်တန်းကျောင်းမှဖြန့်ဝေသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများသည် ရိုးရှင်း၍ အဆင့်မြင့်သည်။ တက်ရောက်သော သင်တန်းသား၊ သင်တန်းသူတိုင်း အမှန်တကယ် တတ်မြောက်ရေးကို ဦးတည်သည်၊ ပြည်သူကိုဗဟိုပြုသည်၊ အတန်းပညာဆုံးခန်းတိုင်အောင်မသင်ရသော မျိုးဆက်သစ်လူငယ်များအား ဦးတည်သည်။ ယင်းသင်တန်းများသည် အခကြေးငွေကောက်ခံခြင်း၊ ပေးသွင်းရခြင်းမရှိသည့် အဖိုးတန်သောအခမဲ့သင်တန်းများဖြစ်သည်။ ဤသည်ကို သိပ္ပံနှင့် သင်တန်းကျောင်းများမှ သင်တန်းဆင်း၍ တစ်နိုင်တစ်ပိုင်လုပ်ငန်းထူထောင်လျက်ရှိသော လုပ်ငန်းရှင်များ၊ ပုံမှန်လုပ်ငန်းမှ တိုးချဲ့လုပ်ကိုင်လာနိုင်သည့် လုပ်ငန်းရှင်များက သက်သေထူနိုင်သည်။
ထိုကဲ့သို့ လုပ်ငန်းရှင်များကိုလည်း နှစ်စဉ်ဆတက်ထမ်းပိုး ပိုမိုတိုးပွားလာစေလိုသည်။
၂၉-၃-၂၀၂၃ ရက်နေ့ နေပြည်တော်ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ပညာရေးညီလာခံ(၂၀၂၃) အကြိုညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပညာသင်ယူမှုအခွင့်အလမ်းများမြှင့်တင်ရေး၊ သက်မွေးပညာ စဉ်ဆက်မပြတ် သင်ယူလေ့ကျင့်ရေး၊ အတတ်ပညာရှင်များမွေးထုတ်ရေးအစရှိသည့် အချက်များအား အခြေခံ၍ ဆွေးနွေးတင်ပြစေလိုကြောင်း သိရှိခဲ့ရပါသဖြင့် အသက်မွေးဝမ်းကျောင်းကဏ္ဍသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ရေးနှင့် ပတ်သက်၍ ယခုကျောင်းများတွင် နိုင်ငံတော်၏လိုအပ်ချက်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို သင်ကြားလေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် သက်မွေးပညာရပ်များကို သင်ကြားပေးရုံသာမက လက်တွေ့လုပ်ငန်းခွင်မှာ လေ့ကျင့်နိုင်ရန်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership)ကို ချိတ်ဆက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် အလေးထား ပြောကြားခဲ့ပါသည်။
ကျေးလက်၊ မြို့ပြခွဲခြားမှုမရှိစေဘဲ အတန်းပညာရပ်အား ဆုံးခန်းတိုင်အောင်မသင်ကြားနိုင်သည့် လူငယ်လူရွယ်များ ပညာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင်စေရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများသည် အဓိက တက်ရောက်သင့်သည့်ပညာရပ်တစ်ခုပင်ဖြစ်သည်။ ပညာမရှိ သူ၏ဝန်ထမ်း ဆိုသည့် ရှေးစာဆိုအတိုင်းမဖြစ်စေရေး လူတိုင်းအသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်မြောက်သင့်သည်။ လူတိုင်းတွင် အသက်မွေးဝမ်းကျောင်းပညာ တက်ရောက်ခွင့်အခွင့်အရေးရှိသည်။
ထိုအခွင့်အရေးအား အမိအရ ဖမ်းဆုပ်နိုင်မှသာလျှင် ကိုယ်ပိုင်ဘဝရပ်တည်နေနိုင်မည်ဖြစ်သည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တတ်မြောက်သည် ဆိုပါက သင်ယူရသည့်ပညာရပ်အား အမှန်တကယ် စိတ်ပါဝင်စားမှုရှိစွာ သင်ယူရမည်၊ အမှန်တကယ်တတ်မြောက်ရမည်၊ သင်ယူသည့်ပညာရပ်နှင့် ကိုယ်ပိုင် စိတ်ကူးပေါင်းစပ်နိုင်ရမည်၊ သင်ယူပြီးသည့် ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း အမှန်တကယ် ဆောင်ရွက်နိုင်ရမည်၊ တတ်မြောက်ထားသည့် ပညာရပ်ဖြင့် ကိုယ်ပိုင်ဘဝ ရပ်တည်နိုင်မည်ဖြစ်သည်။
မည်သည့်ပညာရပ်ကိုမဆိုသင်ယူပါက စိတ်ပါဝင်စားမှုရှိ၊ မရှိပေါ်မူတည်၍ ရလဒ်များ အမျိုးမျိုးကွဲပြား နိုင်သည်ဖြစ်သဖြင့် မိမိကိုယ်တိုင်ပေါ်တွင် မူတည်ပါသည်။ လူ့ဘဝကိုဖြတ်သန်းကြရာတွင် ခရီးသွား တစ်ယောက် လမ်းဆုံလမ်းခွ ရောက်နေသကဲ့သို့ပင် ရွေးချယ်စရာမျိုးစုံရှိနေပါသည်။ မှန်ကန် တဲ့လမ်းအား ရွေးချယ်မိမှသာ မိမိလိုရာခရီးကိုရောက်နိုင်မည်ဖြစ်သည်။ လမ်းမှားရွေးချယ်မိပါက ဘဝတစ်ခုလုံး လမ်းဆုံးသွားနိုင်သည်။ မိမိစိတ်ကြိုက်လမ်းအား ရွေးချယ်ပိုင်ခွင့်ရှိသည်။ မည်သူမဆို အမျိုးသား၊ အမျိုးသမီးတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်လာကြမည်ဖြစ်သည်။ ဖခင်ဖြစ်ပါက အိမ်ထောင်ဦးစီး၊ မိခင်ဖြစ်ပါကအိမ်ရှင်မ၊ သမီးအကြီးဖြစ်ပါက အစ်မကြီး အမိရာ၊ သားအကြီးဖြစ်ပါက အစ်ကိုကြီးအဖရာ ဖြစ်ကြရမည်ဖြစ်သည်။
ဆိုလိုသည်မှာ ဦးဆောင်သူတစ်ဦးဖြစ်လာပါက မှန်ကန်သည့်လမ်းကြောင်း ရွေးချယ်ကြရန်သာလိုသည်။ ရှေးစာဆိုအရ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည် ဟူသောစာဆိုသည် မိမိကိုယ်တိုင်အတွက်၊ မိမိအား မှီခိုအားကိုးရမည့်သူများအတွက်၊ မိမိပတ်ဝန်းကျင်မှလူအများစုအတွက် ပံ့ပိုးပေးနိုင်သည့်မှန်ကန်သည့် ဘဝလမ်းကြောင်း ရွေးချယ်မှုကိုဆိုလိုသည်၊ အိမ်သာမှသာလျှင် ဧည့်လာနိုင်မည် ဖြစ်ပါသည်။
အမှန်တရား၏ တန်ဖိုးကိုအမှားတွေ့မှသာ ရှာဖွေတွေ့ရှိနိုင်သည်။
စည်းကမ်း၏ တန်ဖိုးကို တရားဥပဒေစိုးမိုးမှုမရှိ ပရမ်းပတာဖြစ်မှသိမြင်လာနိုင်သည့်အခါ ပြုပြင်ရန် အတော်နောက်ကျနေပေပြီ။ ကျန်းမာခြင်း၏ တန်ဖိုးကိုရောဂါဖြစ်မှသိကြသည်။ လူပုံအလယ်မှာ အနှိမ်ခံမှ၊ လူတန်းစေ့မနေရတော့မှပညာ၏တန်ဖိုး(အသိပညာ၊ အတတ်ပညာ)ကို သိကြမည်ဖြစ်သည်။ မည်သည့် တန်ဖိုးကိုမဆို အသိအမှတ်ပြုတတ်သူများသည် မိမိ၏တန်ဖိုးမြှင့်တင်သူသာဖြစ်သည်။ ထိုတန်ဖိုးရှိသည့် အဖိုးတန်လူတစ်ဦးဖြစ်စေရန် ယုံကြည်ချက်နှင့် အောင်မြင်မှုရှိရန် ကြိုးစားဆောင်ရွက်ရမည်။ အထက်ဖော်ပြပါ အချက်များ ပြည့်စုံပြီးအောင်မြင်သော လူတစ်ဦးဖြစ်စေရန်အတွက် အမျိုးသား/အမျိုးသမီး၊ ဆင်းရဲ/ချမ်းသာ၊ လူတန်းစားမရွေးတစ်ပြေးညီ အခွင့်အရေးရှိသည်။ ထိုအခွင့်အရေးအား အတန်းပညာဆုံးခန်းမတိုင်သော်လည်း အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်ပါက ဆောင်ရွက်နိုင်သည်။
ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ ခေတ်နှင့်လျော်ညီသည့် ပညာရပ်တစ်ခုဖြစ်ခြင်း၊ လက်တွေ့နယ်ပယ်တွင် ဘဝရပ်တည်မှုအတွက် ပြန်လည်အသုံးချနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားနိုင်ခြင်း၊ တက်ရောက်သည့် အချိန်အလကား မဖြစ်စေခြင်းတို့အပြင် သင်တန်းကြေး အခမဲ့ဖြစ်သည့် သင်တန်းများအား စိတ်ပါဝင်စားစွာ တက်ရောက်လိုပါက ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ စစ်ကိုင်း-မန္တလေးလမ်းမကြီးဘေး ရေတွင်းညီနောင်ရပ်ကွက် အမရပူရမြို့နယ် မန္တလေးတိုင်းဒေသကြီး ဖုန်း-၀၂-၄၀၇၀၄၂၈၊ ၀၂-၄၀၅၉၉၆၄၊၀၉-၄၄၄၀၀၆၁၇၂၊ ၀၉-၄၂၈၃၂၀၂၃၅၊ ၀၉-၄၀၂၅၇၃၉၁၈၊ ၀၉-၄၂၀၇၁၂၈၃၁ (သင်တန်းရေးရာ)တို့၌ သိလိုသည်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စားကောင်းသောက်ဖွယ်ထမင်းတစ်နပ်ကို မထင်မှတ်ဘဲ စားသောက်ရသည်ဆိုလျှင် မိမိချစ်ခင်သောမိဘ၊ သူငယ်ချင်း၊ ချစ်သူစသည်တို့ကို စိတ်ထဲမှ ဖျတ်ခနဲသတိရတတ်စမြဲ။ သူတို့ကိုပါဤဝိုင်းတွင် အတူပါဝင်စားစေချင်စမ်းပါဘိ။ လှပဆန်းကြယ်သော လက်ရာမြောက်လှသည့် ပန်းချီကားတစ်ချပ်ကို ကြည့်ရှု ခံစားရင်းစိတ်ထဲတွင် ကြည်နူးနှစ်သက်သောပီတိကို တငြိမ့်ငြိမ့်အရသာတွေ့မိသည်ဆိုပါစို့။ မိမိချစ်ခင်သော သူငယ်ချင်း၊ မိတ်ဆွေ၊ ဝါသနာတူနှင့် ချစ်ခင်သူစသည့်သူများကို အတူလာပြီးကြည့်ရှုခွင့်ရစေလိုသော ခံစားမှုမျိုးဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်အား အခမဲ့တက်ရောက်နိုင်သည် ဟူသောအကြောင်းကို အဖိုးတန်သော အခမဲ့သင်တန်းများဟု အမည်ပေး၍ ရေးသား တင်ပြလိုက်ရပါသည်။ ။