ပဋိပက္ခများ ဖြစ်ပွားနေရာ အရှေ့အလယ်ပိုင်းဒေသမှ အင်အားကြီး တပ်မတော်များအကြောင်း

ပဋိပက္ခများ ဖြစ်ပွားနေရာ အရှေ့အလယ်ပိုင်းဒေသမှ အင်အားကြီး တပ်မတော်များအကြောင်း

 

ယမန်နေ့မှအဆက်

    ဒီစစ်ပွဲမှာ အီရန်စစ်သည် ၆ သိန်းအထိနဲ့ အီရတ်စစ်သည် ၅ သိန်းအထိ သေဆုံးခဲ့ရသလို အီရန်အရပ်သား ၁ သိန်းကျော် သေဆုံးခဲ့ရပါတယ်။

အီရန်-အီရတ်စစ်ပွဲကနေ အီရန်ရရှိလိုက်တဲ့ အဓိကသင်ခန်းစာကြီး သုံးခုရှိပါတယ်။ အဲဒါတွေကတော့ -

၁။      စစ်လက်နက်ပစ္စည်းတွေ အတွက်ဆိုရင် အနောက်အုပ်စုအပေါ် မှီခိုလို့မရနိုင်ဘူးဆိုတာ အီရန်သိသွားပါတယ်။ အကြောင်းရင်းက ၁၉၇၉ တော်လှန်ရေးပြီးနောက် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက အီရန်အပေါ် လက်နက်တင်ပို့မှု တားမြစ်လိုက်တဲ့ အတွက်ပါပဲ။

၂။       စစ်ပွဲတစ်ပွဲမှာ ဒရုန်းတွေက အကျိုးရှိဆုံးသော လက်နက်ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းကြီး သိသွားပါတယ်။ အီရန်-အီရတ် စစ်ပွဲကာလအတွင်းမှာ အီရန်နိုင်ငံက သူတို့ရဲ့ပထမဦးဆုံးသော ဒရုန်းကို ထုတ်လုပ် အသုံးပြုနိုင်ခဲ့ပါတယ်။ အဲဒီ    ဒရုန်းကတော့  Mohajer-1 ကင်းထောက်ဒရုန်းပါပဲ။

၃။      ကိုယ့်အသက်ရှင်သန် ရပ်တည်ရေးအတွက် အဖျက်စွမ်းအားပြင်း လက်နက်တွေကို ထုတ်လုပ်ဖို့နဲ့ အသုံးပြုဖို့ မလိုအပ်ဘူးဆိုတဲ့ အကြောင်းကိုလည်း အီရန်တို့က သင်ခန်းစာယူလိုက်နိုင်ပါတယ်။ အီရန် စစ်သည်များနဲ့မြို့ကြီးများကို အီရတ်က ဓာတ်ငွေ့အသုံးပြု တိုက်ခိုက်ခဲ့တဲ့အပေါ်မှာ အီရန်ဘက်က ဘယ်လိုလက်တုံ့ပြန် တိုက်ခိုက်မှုမှမလုပ်ခဲ့ပါဘူး။ ဒါ့အပြင် ဓာတုလက်နက်များ ကွန်ဗင်းရှင်းကို အတည်မပြုမီ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများမှာ သူ့မှာရှိတဲ့ဓာတုလက်နက်များကို ဖျက်ဆီးခဲ့ပါတယ်။ အီရန်ခေါင်းဆောင် အဆက်ဆက်ကလည်း နျူကလီးယားလက်နက်များ အပါအဝင် ဘယ်လိုအဖျက်စွမ်းအားပြင်း လက်နက်တွေကိုမှ ထုတ်လုပ်ခြင်းပြုမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ကတိပေးခဲ့ပါတယ်။

အီရန်နိုင်ငံဟာ ၁၉၈၀ ပြည့်နှစ်အလွန်ကာလမှသည် ယနေ့အချိန်အထိ များပြားလှစွာသော  ပဋိပက္ခများမှာ ပါဝင်ခဲ့ရပါတယ်။ အစိုးရကိုဖြုတ်ချဖို့ကြံစည်ခဲ့တဲ့ အနောက်အုပ်စုလက်ဝေခံ အကြမ်းဖက်သမားများကို နှိမ်နင်းခဲ့ရသလို ၂၀၀၆ ခုနှစ် အစ္စရေးနဲ့ပဋိပက္ခမှာ ဟစ်ဇဘိုလာတပ်ဖွဲ့တွေကို အကြံပေးခြင်းဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ကာလအတွင်းမှာ ISIS အကြမ်းဖက်စစ်သွေးကြွ အဖွဲ့အပါအဝင် ဂျီဟတ်စစ်ပွဲဆင်နွှဲတဲ့ အကြမ်းဖက်သမားများကို တိုက်ခိုက်ဖို့  ဆီးရီးယားနဲ့ အီရတ်အစိုးရတို့ကို ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှု အများဆုံးက  အီရန်နိုင်ငံပါပဲ။ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ထောက်လှမ်းရေး ဒရုန်းတစ်စင်းက ဟော်မုရေလက်ကြားပေါ်ရှိ လေပိုင်နက်ကို ကျူးကျော် ဝင်ရောက်လာတဲ့အတွက် အီရန်တို့က ပစ်ချခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ အမေရိကန်တို့က  အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူးတစ်ဦးကို အာဖဂန်နစ္စတန် နိုင်ငံလေဆိပ်မှာ လုပ်ကြံလိုက်ပါတယ်။ အဲဒါပြီးတော့ အီရန်ဘက်က အီရတ်ရှိအမေရိကန် စစ်စခန်းများအပေါ် အမြင့်ပျံဒုံးကျည် အစင်းပေါင်း များစွာနဲ့ပစ်ခတ်ခြင်းအားဖြင့် လက်တုံ့ပြန်ခဲ့ပါတယ်။ ကံကောင်းစွာပဲ အဲဒီလိုထိတွေ့ တိုက်ခိုက်မှုတွေက နှစ်နိုင်ငံစစ်ပွဲဖြစ်ပွားစေတဲ့ အထိတော့ မရောက်ခဲ့ပါဘူး။

အီရန်ဟာ အထက်မှာဖော်ပြခဲ့တဲ့ သူရရှိခဲ့တဲ့ သင်ခန်းစာသုံးရပ်ကြောင့် စစ်လက်နက် ပစ္စည်းများကို ပြည်တွင်းမှာသာ ထုတ်လုပ်နိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ ဒါကြောင့် အီရန်သည်  အစ္စရေးကဲ့သို့ပင်  ပြည်တွင်းစစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းကြီးကို ပိုင်ဆိုင်လာရတာပါ။

အီရန်ရဲ့စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုတွေထဲမှာ ကင်းထောက်၊ တိုက်ခိုက်ရေးနဲ့ အသေခံ ဒရုန်းများ အပါအဝင် ဒရုန်းအမျိုးမျိုး၊ အသံနှုန်းလွန်ဒုံးကျည်ဖြစ်တဲ့ Fattah အပါအဝင် အမြင့်ပျံနဲ့အနိမ့်ပျံ ဒုံးကျည်အမျိုးမျိုး၊ Bavar-373 နဲ့ 3rd Khordad တို့လိုမျိုး လေကြောင်းရန်နဲ့ ဒုံးကျည်ရန် ကာကွယ်ရေးစနစ်များ၊ ရေဒါနဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေး စနစ်များ ပါဝင်ပါတယ်။

ဒါ့အပြင် အီရန်နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်နဲ့  မဟာမိတ်များနဲ့ ပူးပေါင်းမှုများက အီရန်တပ်မတော်ရဲ့ စစ်အင်အားကို တောင့်တင်းခိုင်မာနေစေပါတယ်။

အဲဒီလိုပူးပေါင်းမှုတွေထဲမှာ ဆီးရီးယားနဲ့ လက်ဘနွန်မှ ဟစ်ဇဘိုလာတပ်ဖွဲ့နဲ့ လုံခြုံရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုကြောင့် အီရန်နိုင်ငံဟာ မြေထဲပင်လယ် ကမ်းရိုးတန်းများအထိ သူ့ရဲ့စစ်အင်အားကို ဖြန့်ကြက်နိုင်သလို လက်ရှိကမ္ဘာ့ပင်လယ် ရေကြောင်းကုန်သွယ်မှုရဲ့   အသက်သွေးကြောသဖွယ်ဖြစ်တဲ့ ဟော်မုရေလက်ကြားကိုလည်း ပိတ်ချလိုက်နိုင်စွမ်း ရှိလာပါတယ်။

တကယ်လို့များ အီရန်ဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ ပဋိပက္ခပြင်းပြင်းထန်ထန် ဖြစ်လာပြီဆိုရင် သူ့ရဲ့ကမ်းရိုးတန်း ကာကွယ်ရေးစနစ်များနဲ့ တခြားဒုံးကျည်များကို အသုံးပြုပြီး ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တို့ရဲ့ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထားနိုင်စွမ်းရှိပါတယ်။

အဲဒီကနေမှတစ်ဆင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဖြစ်သွားအောင် ဖန်တီးနိုင်စွမ်းဟာ အီရန်မှာရှိနေတာကြောင့် အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဒုတိယမြောက် စစ်အင်အားအကြီးဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

တူကီယဲ

    တူကီယဲ (ယခင် တူရကီ) နိုင်ငံဆိုတာ အမေရိကန်ဦးဆောင်တဲ့ NATO အဖွဲ့ထဲဝင်နိုင်ငံဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာ စစ်ရေးအင်အားအရဆိုရင် အမေရိကန်ပြီးရင် ဒုတိယမြောက် အကြီးဆုံးပါ။ ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသမှာ စစ်အင်အားကြီးမားတဲ့တပ်မတော်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

တန်းပြည့်စစ်မှုထမ်းအင်အား ၃၅၅၂၀၀ နဲ့ အရန်စစ်မှုထမ်းအင်အား ၃၇၈၇၀၀ ပိုင်ဆိုင်ထားတဲ့ တူကီယဲတပ်မတော်ဟာ ဒေသတွင်းမှာ စစ်စခန်းများစွာကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီအတွက်ကြောင့် တူကီယဲရဲ့စစ်ရေးအရ ထောက်ပံ့မှုဟာ ဒေသတွင်းမှာ တော်တော်လေး တာသွားတဲ့ အနေအထားရှိပါတယ်။

IISS   ရဲ့ထုတ်ပြန်ချက်အရဆိုရင် အဲဒီစစ်မှုထမ်း အင်အားတွေထဲကမှ ကြည်းတပ်မှာ ၂၆၀၂၀၀၊ လေတပ်မှာ ၅၀၀၀၀ နဲ့ ရေတပ်မှာ ၄၅၀၀၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ဘက်မဟုတ်တဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့အင်အားကလည်း ၁၅၆၈၀၀ အထိရှိပါတယ်။ အဲဒီထဲမှာတော့ ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ ပါဝင်ပါတယ်။ ပဋိပက္ခဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့ကို ကြည်းတပ်မှာ တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်နိုင်ပါတယ်။

တူကီယဲအစိုးရက ၂၀၂၃ ခုနှစ်အတွက် ကာကွယ်ရေးနဲ့ လုံခြုံရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ အသုံးပြုထားပါတယ်။

တူကီယဲအနေနဲ့ ပြည်တွင်းမှာ စစ်ဘက်-စက်မှုအခြေခံလုပ်ငန်းများကို ရွက်ကုန်ဖွင့် ဆောင်ရွက်နေပြီး နာမည်ကျော်ကင်းထောက်နဲ့ တိုက်ခိုက်ရေး ဒရုန်းများမှသည် စစ်ရေယာဉ်များ၊ အမြင့်ပျံဒုံးကျည်များ၊ ATAK ရဟတ်ယာဉ်များ၊ Altay ပင်မတိုက်ပွဲဝင်တင့်များအထိကို ကိုယ်တိုင် ထုတ်လုပ်နေတာပါ။

တူကီယဲနိုင်ငံက  မကြာသေးခင်က လုပ်ဆောင်ထားတဲ့ စစ်ဆင်ရေးများဆိုရင်လည်း ယေဘုယျအားဖြင့် အောင်မြင်မှု ရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ကာ့တပ်ဖွဲ့အပေါ် အောင်မြင်မှု ရရှိထားတာပါ။

တူကီယဲတပ်မတော်က  ပြည်ပနိုင်ငံတွေမှာလည်း စစ်စခန်းတွေကို အခြေစိုက် ထားနိုင်ပါသေးတယ်။ အဲဒီနိုင်ငံတွေထဲမှာ  အယ်ဘေးနီးယား၊  အဇာဘိုင်ဂျန်၊ ဘော့စနီးယား၊ အီရတ်၊ ကိုဆိုဗို၊ လစ်ဗျား၊ မြောက်ဆိုက်ပရပ်၊ ကာတာ၊ ဆိုမာလီယာနဲ့ ဆီးရီးယားတို့ ပါဝင်ပါတယ်။

ဒါကြောင့် အရှေ့အလယ်ပိုင်း အရေးတွေမှာ တူကီယဲနိုင်ငံရဲ့ ပါဝင်ပတ်သက်မှု၊ ကူညီထောက်ပံ့မှုတွေက တော်တော်လေးကို တာသွားတယ်လို့ပြောရတာပါ။ ဒီအတွက် ကြောင့်လည်း အရှေ့အလယ်ပိုင်းမှာတတိယ မြောက်စစ်အင်အား အကြီးဆုံး တပ်မတော်ဟာ  တူကီယဲနိုင်ငံမှာရှိတယ်လို့ ဆိုရတာဖြစ်ပါတယ်။

အခုဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာဆိုရင် တူကီယဲက ပါလက်စတိုင်းနဲ့ ဟားမတ်တို့အပေါ် သံတမန်ရေးအရ ကူညီထောက်ပံ့ပေးမှုကို ဂရုတစိုက်နဲ့ ပြောဆိုနေတာတွေ့ရပြီး တစ်ချိန်တည်းမှာပဲ အမေရိကန် ဒါမှမဟုတ် အစ္စရေးရဲ့ ရန်သူအဖြစ် ရှုမြင်မခံရစေရေးအတွက်လည်း လုပ်ဆောင်နေရပါတယ်။

အီဂျစ်

    အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ အိမ်နီးချင်းအဖြစ် တည်ရှိနေပြီး အရှေ့အလယ်ပိုင်း ဒေသမှာ စစ်အင်အားအကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Global Firepower Index  ရဲ့ ၂၀၂၃ ခုနှစ်ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၄၅ နိုင်ငံထဲမှာ အီဂျစ်တပ်မတော်က ကမ္ဘာ့အဆင့် ၁၄ မှာရှိပါတယ်။

အီဂျစ်တပ်မတော်အနေနဲ့ တန်းပြည့်စစ်မှုထမ်း ၄၃၈၅၀၀ နဲ့ အရန်အင်အား ၄၇၉၀၀၀ ရှိကာ ကြည်းတပ်မှာ သန္ဓေစစ် သည် ၉၀၀၀၀  မှ  ၁၂၀၀၀၀  ကြားနဲ့ စစ်မှုမထမ်းမနေရစနစ်ဖြင့် ဝင်ရောက်စစ်မှုထမ်းသူ ၁၉၀၀၀၀ မှ ၂၂၀၀၀၀ ကြားရှိပါတယ်။

လေတပ်မှာတော့ တန်းပြည့်စစ်မှုထမ်း အင်အား  ၃၀၀၀၀  နဲ့ အရန်အင်အား ၂၀၀၀၀၊ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့မှာ တန်းပြည့်စစ်မှုထမ်း ၈၀၀၀၀ နဲ့ အရန်အင်အား ၇၀၀၀၀၊ ရေတပ်မှာ တန်းပြည့်စစ်မှုထမ်း ၁၈၅၀၀ နဲ့ အရန် အင်အား ၁၄၀၀၀ ရှိပါတယ်။

အီဂျစ်နိုင်ငံဟာ ၁၉၇၃ ခုနှစ် အောက် တိုဘာလက သူ့ရဲ့မြေပေါ်မှာ စစ်ပွဲကြီးတစ်ပွဲကို ဆင်နွှဲခဲ့ရပါတယ်။ အီဂျစ်တပ်ဖွဲ့တွေဟာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ၊ ဆိုင်းနိုင်းကျွန်းဆွယ်မှာ လုပ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲ အစရှိတဲ့စစ်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အီဂျစ်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံရှိကာ နိုင်ငံအတွက်လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း အများအပြားကို ပြည်ပကနေသာ အဓိကမှာယူနေရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာတော့ အီဂျစ်နိုင်ငံက တခြားနိုင်ငံများနည်းတူ အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုထားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုကို သူ့ရဲ့နယ်စပ်ကနေတစ်ဆင့် ဆောင်ရွက်လျက်ရှိပါ တယ်။

ဆော်ဒီအာရေဗျ

    ဆော်ဒီအာရေဗျနိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပဉ္စမမြောက် စစ်အင်အားကြီးနိုင်ငံအဖြစ်ကို ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် အဆင့် ၂၂ ရှိပါတယ်။

၂၀၂၂ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်က ဒေါ်လာ ၆၉ ဒသမ ၁ ဘီလီယံရှိပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာကွယ်ရေး အသုံးစရိတ်သုံးစွဲမှု အများဆုံးထိပ်တန်း ၁၀ နိုင်ငံထဲမှာ တစ်နိုင်ငံအဖြစ် ပါဝင်ပါတယ်။

ဒါပေမဲ့ တပ်မတော်တစ်ရပ်လုံးမှာ တန်းပြည့်စစ်မှုထမ်း အင်အား ၂၅၇၀၀၀ ရှိကာ ကြည်းတပ်မှာ ၇၅၀၀၀၊ ရေတပ်မှာ ၄၀၅၀၀၊ လေတပ်မှာ ၂၅၀၀၀၊ လေကြောင်းရန်ကာကွယ်ရေးမှာ ၁၆၀၀၀ နဲ့ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့မှာ ၂၅၀၀ ရှိပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံက ငွေကြေးချမ်းသာတဲ့ နိုင်ငံဖြစ်တဲ့အလျောက် သူ့အတွက်လိုအပ်တဲ့ စစ်လက်နက်ပစ္စည်း စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို အမေရိကန်နိုင်ငံကနေ တင်သွင်းနေတာပါ။ ဒါ့အပြင် ပြင်သစ်နဲ့ စပိန်နိုင်ငံတို့ဆီက နေလည်း စစ်လက်နက်ပစ္စည်းများ တင်သွင်းလျက်ရှိပါတယ်။

သူ့အနေနဲ့တင်သွင်းနေတဲ့ စစ်လက်နက်ပစ္စည်းများထဲမှာ အေဘရမ်တင့်များ၊ ဘရတ်လေတိုက်ယာဉ်များ၊ အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ပတ်ထရီးယော့ဒုံးစနစ်များနဲ့ တခြားအဆင့်မြင့် စစ်လက်နက်ပစ္စည်းများ ပါဝင်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ အနေနဲ့ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲကာလအတွင်း အမေရိကန်တို့နဲ့ ပူးပေါင်းကာ အောင်နိုင်သူတစ်ဦးအဖြစ် ထွက်ပေါ်လာပြီး စစ်ဆင်ရေးတော်တော်များများမှာလည်း အနောက်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိဂါဇာ အရေးမှာတော့ ဆော်ဒီအာရေဗျနိုင်ငံက တခြားနိုင်ငံများနည်းတူ ချက်ခြင်းအပစ်အခတ်ရပ်စဲဖို့ကို တောင်းဆိုထားတာ တွေ့ရပါတယ်။

Ref: Sputnik