ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့ ကိုယ်တိုင်သိရှိဆင်ခြင်စို့
ကမ္ဘာပေါ်၌ ဆီးချို၊ သွေးချိုရောဂါ သည် ကပ်ရောဂါတစ်ရပ်အနေဖြင့် ဖြစ်ပွားလျက်ရှိသော ပြည်သူ့ကျန်းမာရေး အဓိက ပြဿနာတစ်ရပ်ဖြစ်သည်။ ဆီးချို၊ သွေး ချိုရောဂါကြောင့် ခန္ဓာကိုယ်၏သွေးကြော ငယ်များထိခိုက်ကာ ကျောက်ကပ်ပျက်စီး ခြင်း၊ မျက်စိကွယ်ခြင်း၊ အာရုံကြောများပျက်စီး၍ ခြေလက်ထုံနာကျင်နာဖြစ်ခြင်း၊ ဆီးချိုအပြင် ယင်းနှင့်ဆက်နွှယ်နေသောသွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်းတို့ ကြောင့် သွေးကြော ကြီးများ ထိခိုက်ကာ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ ခံစားရသည်။ ထို့ပြင် ဆီးချို၊ သွေးချိုရောဂါသည် တခြား မကူးစက်နိုင်သော ရောဂါများဖြစ်သည့် လေဖြတ်လေငန်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါများ၊ နှလုံးအား နည်းရောဂါ၊ ကျောက်ကပ်ရောဂါတို့နှင့် ယှဉ်တွဲဖြစ်သည်ကို တွေ့ရသည်။
ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုအခြေအနေ
အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ် (IDF)၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့ သည့် ကိန်းဂဏန်းများအရ ကမ္ဘာပေါ်၌ အသက် ၂၀ မှ ၇၉ နှစ်အရွယ်အတွင်း ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနေသူ ၅၃၇ သန်းရှိပြီး လူ ၁၀ ဦးလျှင် တစ်ဦးတွင် ဆီးချို၊ သွေးချိုရောဂါရှိနေသည်ကို တွေ့ရ သည်။ ထက်ဝက်နီးပါးခန့်သည် မိမိတွင် ဆီးချို၊ သွေးချိုရောဂါရှိနေသည်ကို မသိရှိကြောင်း တွေ့ရှိရသည်။ ဆီးချို၊ သွေးချို ရောဂါအပါအဝင် တခြားနာတာရှည် မကူးစက်နိုင်သောရောဂါအမျိုးမျိုးသည် ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားသူအရေအတွက် များပြားလာသည်ကို တွေ့ရသည်။ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၆၄၃ သန်း၊ ၂၀၄၅ ခုနှစ်တွင် လူဦးရေ ၇၈၃ သန်းအထိ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားသူ တိုးတက်များပြားလာမည်ဟု ပညာရှင်များက ခန့်မှန်းတွက် ချက်ထားကြသည်။ ဆီးချို၊ သွေးချိုရောဂါ ကြောင့် ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ လူပေါင်း ၆ ဒသမ ၇ သန်း သေဆုံးခဲ့ ကြောင်းတွေ့ရှိရပြီး ယင်းသည် ငါးစက္ကန့်တွင် လူတစ်ဦးနှုန်း သေဆုံးခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ၌ ပြုလုပ် ခဲ့သော အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ မကူးစက်နိုင်သော၊ အဓိက ရောဂါများဖြစ်စေနိုင်သော အန္တရာယ်ရင်းမြစ် အကြောင်းရင်းများဆိုင်ရာ သုတေသနစာတမ်း (WHO STEP Survey)အစီရင်ခံစာအရ အသက် ၂၅ နှစ်မှ ၆၅ နှစ်အတွင်း ဆီးချို၊ သွေးချို ရောဂါဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင် နှုန်း တစ်နည်းအားဖြင့် ၁၀ ဦးတွင် တစ်ဦး ရှိပြီး Prediabetes ဟုခေါ်သော ကနဦး ဆီးချိုအဆင့်မှာ မြန်မာပြည်သူ ၁၉ ဒသမ ၇ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ငါးဦးတွင် တစ်ဦးရှိနေသည်ကို တွေ့ရသည်။ သေသေချာချာ ထိထိရောက်ရောက် ကာကွယ်ကုသမှုမပြုလုပ်လျှင် ကနဦးဆီးချိုရှိသူများ၏ သုံးပုံတစ်ပုံသည် လာမည့်ငါးနှစ် အတွင်း ဆီးချို၊ သွေးချိုနှင့် နှလုံးရောဂါများ ဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် အသက် ၂၅ နှစ်မှ ၆၅ နှစ်ကြား မြန်မာနိုင်ငံသားများတွင် သွေးတိုးရောဂါ ဖြစ်ပွားနေသူ ၂၆ ရာခိုင်နှုန်း၊ သွေးတွင်း အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင် နှုန်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲသူ ၅၄ ဒသမ ၄ ရာခိုင်နှုန်း၊ အဝလွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း ရှိနေသည်ကိုလည်း WHO STEP Survey အရသိရှိရသည်။ ဆေးလိပ်သောက်လျှင် အဓိက မကူးစက်နိုင်သောရောဂါများဖြစ်သည့် အဆုတ် ကင်ဆာ၊ နာတာရှည်လေပြွန်ရောင်ရောဂါနှင့် အဆုတ်ပွရောဂါများဖြစ်ရန် အလား အလာများလျက် ရှိသကဲ့သို့ ဆီးချို၊ သွေးချို ရောဂါရှိသူများတွင် နှလုံးသွေးကြောရောဂါ များ၊ လေဖြတ်လေငန်း ရောဂါများနှင့် ခြေ ထောက်သွေးကြောကျဉ်းကာ ခြေထောက် ပုပ်ရောဂါများဖြစ်နိုင်သည်။ အဝလွန်သူများတွင်လည်း ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ သည်းခြေရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အရိုးအဆစ်ရောင် ရောဂါ၊ သားအိမ်နံရံကင်ဆာ၊ ရင်သား ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ စသည့်နာတာရှည် မကူးစက်နိုင် သောရောဂါများ ဖြစ်နိုင်ခြေအလွန်များသည်။
ကိုယ်ဝန်ဆောင်ဆီးချို
ဒေသတွင်းကောက်ယူခဲ့သည့် သုတေသနများမှ တွက်ချက်ဆန်းစစ်ချက် (နြအေ-ညေေူပျငျ)များအရ ကိုယ်ဝန်ဆောင်ဆီးချို (Meta-analysis) မိခင်အရေအတွက်သည် အရှေ့တောင်အာရှဒေသ ၌ ကိုယ်ဝန်ဆောင် မိခင်များ၏ ၃၀ ရာခိုင် နှုန်းအထိရှိကြောင်း တွေ့ရသည်။ ကိုယ်ဝန် ဆောင်ဆီးချိုရောဂါသည် မိခင်နှင့်ကလေး သေဆုံးမှုမြင့်မားစေသည့်အပြင် မွေးပြီး မိခင်များတွင် ရောဂါရှိ၊ မရှိ မှန်မှန် စမ်းသပ်ခြင်းမပြုလျှင်၊ အစားအသောက် အနေအထိုင်မဆင်ခြင်လျှင် နောင်တွင် ဆီးချို၊ သွေးချိုရောဂါဖြစ်လာမည့်အလား အလာများသည်။ မွေးလာမည့်ကလေး သည်လည်း အသက်အရွယ်ကြီးလာသည် နှင့်အမျှ အဝလွန်နိုင်ခြေ၊ ဆီးချို၊ သွေးချို ရောဂါဖြစ်နိုင်ခြေများသည်ကို တွေ့ရသည်။ ထို့ကြောင့် မိခင်လောင်းများသည် နောင်မျိုးဆက်များ ကျန်းမာသန်စွမ်းစေ ရန် အဝမလွန်အောင်၊ ဆီးချို၊ သွေးချို ရောဂါမဖြစ်အောင် ကာကွယ်နေထိုင်ကြ ရမည်ဖြစ်သည်။
ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားရသည့်အကြောင်းရင်းများ
ဆီးချို၊ သွေးချိုရောဂါအပါအဝင် မကူး စက်နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်စားသောက်မှုမရှိသည့် လူနေမှုပုံစံများဖြစ်သော ကိုယ် လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ကျန်းမာရေး နှင့်မညီညွတ်သော အစားအစာများစားသုံးခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့်ဖြစ်သည်။ မကူးစက်နိုင်သောရောဂါ များ၏ နောက်ဆက်တွဲ ရောဂါများကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်းတို့ကို ခံစားနေကြရ သည့်အတွက် ပြည်သူလူထုမှာ အရွယ်မတိုင်မီသေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်းတို့ကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ဝေဒနာရှင်များ၏ မိသားစု တိုင်းတွင် လူနာကိုကုသရသည့် စရိတ်ကုန်ကျမှုနှင့်ဆက်စပ်ပြီး လူမှုစီးပွား ဒုက္ခများ ခံစားကြရရုံ သာမက အလုပ်လုပ် ကိုင်နိုင်စွမ်းလျော့နည်းလာ၍ နိုင်ငံတော် အနေဖြင့်လည်း ဆေးကုသစရိတ်များ ကြောင့် တိုင်းပြည်ဝင်ငွေ သန်းနှင့်ချီ၍ ဆုံးရှုံးနေရခြင်း စသည့်လူမှုဒုက္ခမျိုးစုံခံစား လာရသည်။
ရောဂါမဖြစ်ပွားအောင်ကာကွယ်နိုင်သည့်နည်းလမ်းများ
ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်ဟူသော ဆောင်ပုဒ်နှင့်အညီ ထိုရောဂါများမဖြစ်ပွားစေရန် လူတစ်ဦးချင်း တစ်ယောက်ချင်းကိုယ်တိုင်က မိမိတို့၏အပြုအမူ၊ အနေအထိုင်များကို ကျန်းမာရေးနှင့် ညီညွတ်သော ပုံစံများဖြစ်အောင် ပြောင်းလဲနေထိုင်ရန် လိုအပ်သည်။
အာဟာရမျှတသော အစားအစာများကို မှန်ကန်သောပမာဏ၊ အချိုးအစားများ အတိုင်း စုံလင်စွာ စားသောက်ခြင်း၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသောအစားအစာ များစားသုံးခြင်းကိုရှောင်ကြဉ်ခြင်း၊ ရေဆာ လျှင် အချိုရည်မသောက်ဘဲ ရေကိုသာ သောက်ခြင်း၊ ခန္ဓာကိုယ်အဝမလွန်အောင် ထိန်းခြင်း၊ သွက်လက်တက်ကြွသော လူနေမှုပုံစံနှင့်နေထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား မှုလေ့ကျင့်ခန်းများကို တစ်ရက်လျှင် မိနစ် ၃၀၊ တစ်ပတ်လျှင် မိနစ် ၁၅၀ ပြုလုပ်ခြင်း၊ ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း၊ အိပ်ရေး၀၀အိပ်စက်ခြင်း၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ တီဗွီ စသည် တို့ကို အလွန်အကျွံအသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရာရာအပြုသဘောမြင်ကာ ယောနိသော မနသိကာရ မှန်ကန်စွာနှလုံး သွင်း၍ စိတ်အေးချမ်းသာအောင် နေထိုင် ခြင်းတို့ဖြင့် ဆီးချို၊ သွေးချိုရောဂါအပါ အဝင် မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုကို ၈၀ ရာခိုင်နှုန်းခန့် ကာကွယ်နိုင် ကြောင်း သုတေသန စာတမ်းများတွင် ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရမှ အလေးပေးဆောင်ရွက်ချက်များ
ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်ပတ်ဝန်းကျင် ဖန်တီးပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစား အသောက်များဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်း၊ ကျန်းမာရေး အသိပညာများ ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့အောင် အထူးအလေးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆီးချို၊ သွေးချိုရောဂါအပါအဝင် မကူး စက်နိုင်သော ရောဂါများကို ကာကွယ်ရန် ပထမအဆင့်အနေဖြင့် ကျန်းမာရေးအသိ ပညာမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒုတိယ အဆင့်အနေဖြင့် ဆောလျင်စွာရောဂါရှာ ဖွေခြင်းနှင့် လိုအပ်လျှင် လွှဲပြောင်းကုသခြင်း၊ တတိယအဆင့်အနေဖြင့် ရောဂါကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ ကို ဆောင်ရွက် ပေးလျက်ရှိသည်။ လူငယ်လူရွယ်များမှစပြီး ကျန်းမာရေးနှင့်ညီ ညွတ်သောအလေ့အကျင့်များ ပေါ်ထွန်း လာစေရန် ကျောင်းတွင်းကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှု အသိပညာမြှင့်တင်ခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်ကြော်ငြာများကို တားမြစ်ခြင်း၊ သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်များပိုမိုစားသုံးရန် အသိပညာပေးခြင်း၊ ဆေးရွက်ကြီးနှင့်ယမကာများ ကို အခွန်တိုးမြှင့်ခြင်းနှင့် ကောက်ခံရရှိ သော အခွန်အခဘဏ္ဍာငွေကို ရောဂါ တိုက်ဖျက်ရေးအတွက် အသုံးပြုခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော သဘာ၀ ပတ်ဝန်းကျင်ဖြစ်စေရန်စီမံခြင်း၊ စား သောက်ကုန်ထုတ်လုပ်မှုတွင် သကြားနှင့် အငန်လျှော့ချခြင်း၊ ဆိုးဆေးနှင့်တခြား ဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိစေရန် ကန့်သတ်တားမြစ်ခြင်းတို့ကို ဦးစားပေး လုပ်ငန်းများအဖြစ် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း အခြေခံကျန်းမာရေးဝန်ထမ်းများကို ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ကုသရေး လုပ်ငန်းဆိုင်ရာ သင်တန်းများပေးခြင်း၊ ပြည်သူ့ဆေးရုံများ၌ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါကာကွယ်ကုသရေးဆိုင်ရာ ညွှန်ကြားချက် များ ပြုစုထုတ်ဝေခြင်း၊ ပြည်သူလူထုအား မီဒီယာပေါင်းစုံမှ စဉ်ဆက်မပြတ်အသိပညာ ပေးခြင်းတို့အပြင် လိုအပ်သည့်အခြေခံ ဆေးဝါးများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်နေပြည် သူလူထုအနေဖြင့် ဆီးချို၊ သွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီစေရန် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဆင့်မှ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ မြို့နယ်များရှိ ဒေသန္တရကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများ၌ ဆီးချို၊ သွေးချိုရောဂါနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကို ၂၀၁၇ ခုနှစ်မှစတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်ခဲ့သည်။ အဆိုပါဆေးခန်းများ ၌ ဆီးချို၊ သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေး ပေးခြင်း၊ ကုသပေးခြင်း၊ ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ လိုအပ်လျှင်လွှဲပြောင်းပေးခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်မှုပုံစံရရှိစေရန် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
မြို့ပြနေပြည်သူများအတွက် ပြည်သူ့ ဆေးရုံများ၌ ဆီးချို၊ သွေးချိုရောဂါစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ဆေးဝါးပံ့ပိုး ပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိသည့်အပြင် ဆီးချို၊ သွေး ချိုဝေဒနာရှင်များတွင် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပွားခြင်း ရှိ၊ မရှိကို စောစီးစွာသိရှိနိုင်ရန်နှင့် ကာကွယ် ကုသနိုင်ရန် ဆီးချို၊ သွေးချိုပညာပေး ကုသမှုဆေးခန်းများကို မြို့ကြီးတချို့ရှိ ပြည်သူ့ဆေးရုံကြီးများ၌ဖွင့်လှစ်၍ အထူး ကုဆရာဝန်ကြီးများပါဝင်သည့် အဖွဲ့များက စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ တစ်စတစ်စကြီးထွားလာသည့် ဆီးချို၊ သွေးချိုရောဂါ၏ ခြိမ်းခြောက်မှုအန္တရာယ် ကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေး နေ့ ကို ၁၉၉၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ဆီးချို၊ သွေးချိုရောဂါ ကုထုံးအသစ်တစ်ခု ဖြစ်သည့် အင်ဆူလင်ဆေးကို ၁၉၂၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည့် ကနေဒါသမားတော်ကြီး ဆာဖရက်ဒီရစ်ဘင်(န်)တင်းကို ဂုဏ်ပြုသော အားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် နိုဝင်ဘာလ ၁၄ ရက်ကို ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ထိန်းသိမ်းရေး နေ့(World Diabetes Day))အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆီးချိုရောဂါနှင့်နှီးနွှယ် သော နောက်ဆက်တွဲရောဂါများ၏ ဆိုး ကျိုးသက်ရောက်မှုများ၊ ဆီးချိုနှင့်ပတ်သက် သော မှန်ကန်သည့် သတင်းအချက်အလက်များ လက်လှမ်းမီစေရေးနှင့် အချိန်မီ ကာကွယ်ကုသရေး စသည့်ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူလူထုအတွင်း သေချာစွာရရှိစေရန် မီးမောင်းထိုးပြလို၍ ကျင်းပခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၄ ရက် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့တွင် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက်၊ မြန်မာ နိုင်ငံ ဆီးချိုနှင့်ဟော်မုန်းရောဂါပညာရှင်များအဖွဲ့(MSEM)တို့မှ ဦးဆောင်ကာ ဆီးချိုရောဂါ ပညာပေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် လက်တွဲ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဆီးချို၊ သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်ရေးဆောင်ပုဒ်မှာ Know your risk, Know your response ဖြစ် သည်။ မြန်မာဘာသာဖြင့် ဆီးချို၊ သွေးချို အန္တရာယ်ကာကွယ်ဖို့၊ ကိုယ်တိုင်သိရှိ ဆင်ခြင်စို့ဟု ဘာသာပြန်ဆိုထားသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ပုဒ်များသည် လူတိုင်း ဆီးချို၊ သွေးချိုစောင့် ရှောက်မှုအခွင့်အလမ်းရရှိရေး (Access to Diabetes care) အတွက် အဓိကရည် မှန်းချက်ထားရှိသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF) ၏ ရည်မှန်းချက်မှာ နိုဝင်ဘာလကို ဆီးချို၊ သွေးချိုရောဂါ သတိပြုစေရေးလ (Diabetes Awareness month) အဖြစ်သတ်မှတ်၍ ဆီးချို၊ သွေးချိုရောဂါဆိုင်ရာ လှုပ်ရှားမှုများကို ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့တွင် အလေးပေး၍ ပြုလုပ်ကြရန်ဖြစ်သည်။ လူတိုင်း ဆီးချို၊ သွေးချိုရောဂါဖြစ်နိုင်ခြေရှိသည်ကို သတိ ရှိရန်အရေးကြီးသည့်အတွက် ဦးတည် ချက်ထား၍ လှုပ်ရှားဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ဆီးချို၊ သွေးချိုရောဂါဖြစ်နိုင်ခြေများသူများ
• မိသားစုဝင်ထဲတွင် ဆီးချို၊ သွေးချို ရောဂါရှိခြင်း
• ကိုယ်အလေးချိန် များလွန်းခြင်း (အထူးသဖြင့် ဝမ်းတွင်းအဆီများ လွန်းခြင်း)
• အသက် ၄၅ နှစ်အထက်ဖြစ်ခြင်း
• ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် လူ့ဘဝနေထိုင်မှုဟန်များရှိခြင်း
• ကိုယ်ဝန်ဆောင်စဉ် ဆီးချို၊ သွေးချို ရောဂါရှိခဲ့ဖူးခြင်း
• ယခင်က ဆီးချို၊ သွေးချိုရောဂါ
ကနဦးအဆင့်များရှိသည်ဟု စမ်းသပ် သတ်မှတ်ခံထားရခြင်း
ဆီးချို၊ သွေးချိုရောဂါစစ်ဆေးသည့် နည်းလမ်းများ
အောက်ပါစစ်ဆေးချက်တစ်ခုခုတွေ့ရှိပါက ဆီးချို၊ သွေးချိုရောဂါရှိသည်ဟု သတ်မှတ်နိုင်သည်။
• Fasting Plasma Glucose (FPG) (ည ၁၀ နာရီနောက်ပိုင်း ဘာမျှမစား ဘဲ နောက်တစ်နေ့နံနက်စောစော စစ်သည့်သွေးချို)- ၁၂၆ မီလီဂရမ်/ဒက်ဆီလီတာနှင့်အထက်
• 2HPP after OGTT (၇၅ ဂရမ် ဂလူးကို့စ်သောက်ပြီး နှစ်နာရီအကြာ တွင် စစ်သည့်သွေးချို) - ၂၀၀ မီလီ ဂရမ်/ဒက်ဆီလီတာနှင့်အထက်၊
• HbA1C (သုံးလပျမ်းမျှသွေးချို)
- ၆ ဒသမ ၅ နှင့်အထက်ဆီးချို၊ သွေးချိုရောဂါ ကုသမှုနည်းလမ်းများ
• အစာအာဟာရဖြင့်ကုသခြင်း
• ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
• သွေးတွင်းသကြားဓာတ်များ လျော့ နည်းကျဆင်းစေသောဆေးများဖြင့် ကုသခြင်း
• အင်ဆူလင်ဟော်မုန်းဓာတ် ဆေးထိုး ၍ကုသခြင်း
သင့်အနေဖြင့် ဆီးချို၊ သွေးချိုကာကွယ် ရေးလှုပ်ရှားမှုများတွင်ပါဝင်လိုပါက ဆီးချို၊ သွေးချိုရောဂါရှိ၊ မရှိ နီးစပ်ရာကျန်းမာ ရေးဌာနများသို့သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများ၏ညွှန်ကြားမှုခံယူပြီး ဆီးချို၊ သွေးချိုရောဂါ ရှိ၊ မရှိစစ်ဆေးခြင်းတွင် ပါဝင်နိုင်သည်။ သို့မှသာ သင့်လူ့အဖွဲ့ အစည်း၏ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွား မှုအန္တရာယ်ကိုလျှော့ချနိုင်ပေမည်။ ဆီးချို၊ သွေးချိုရောဂါ အသိပညာ ဗဟုသုတ တိုးတက်စေရန် ကျန်းမာရေးဝန်ထမ်းများ၏ ပညာပေးဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်သင့်သည်။ ကျန်းမာစေသောလူနေမှု အလေ့အကျင့်များကို လေ့လာမွေးမြူ ထိန်းသိမ်းခြင်းဖြင့် အမျိုးအစား(၂) ဆီးချို၊ သွေးချိုရောဂါနှင့် ယင်း၏နောက်ဆက်တွဲရောဂါများ မဝင်ရောက်နိုင်အောင် အများအားဖြင့် ဟန့်တား ကာကွယ်နိုင်သည်။ ထို့ကြောင့် ကမ္ဘာ့ဆီးချို၊ သွေးချို ထိန်းသိမ်းရေး အခါသမယတွင် ဌာနတိုင်း၊ မြို့ နယ်တိုင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်း၌ ဆီးချို၊ သွေးချိုရောဂါကာကွယ် ထိန်းသိမ်းရေးလှုပ်ရှားမှုများကို စည်းရုံးကျင်းပကာ အားလုံးတက်ကြွစွာ ပါဝင်နိုင်စေရေးအတွက် နှိုးဆော်တိုက်တွန်းရေး သားလိုက်ရပါသည်။
ပါမောက္ခ ဒေါက်တာကိုကို