(၃၁) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၆
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။ အဆိုပါအဖွဲ့အား စစ်ရေးချူပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦး တို့လိုက်ပါသွားကြသည်။
(၃၁)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်ထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့ တပ်မတော်မှ ကာဘိုင်အသင်း၊ ရိုင်ဖယ်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတို အမျိုးသမီး အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။