တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်း ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၆
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက် ကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျောက်ဖြူမြို့ STUDENTS HOSTEL ၌ အခြေပြု၍ ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၄၅ ဦး၊ ခွဲစိတ်ရောဂါ ၄၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၄၆ ဦး၊ အရိုးရောဂါ ၁၃၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၂၁၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၉ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦး စုစုပေါင်း ၈၂၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ ၁ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ဆေးဝါးလာရောက်ကုသမှုခံယူသည့် ဒေခံပြည်သူများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထိုသို့ ကျန်းမာရေးဆောင်ရွက်ပေးမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံ များကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
ဒေါ်ခင်မိုးဦး၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၊ ကျောက်ဖြူမြို့
အန်တီရဲ့ရောဂါက ခန္ဓာကိုယ်မှာ အသီးလေးတွေနည်းနည်းပေါက်ပြီး ယားနေလို့ပါ။ အဲဒါ တပ်မတော်နယ်လှည့်ဆေးကုအဖွဲ့က ရောက်လာပြီးကုသပေးနေတယ်လို့ ကြားတဲ့ အတွက် လာပြီးကုသတာပါ။ ရောဂါဖြစ်နေတာက ခြောက်လလောက်ကြာသွားပါပြီ။ အပြင်မှာဆေးကုရင် ငါးသိန်းခြောက်သိန်းလောက်ကုန်မှာပါ။ ဒီမှာဆိုရင် ပိုက်ဆံလည်း တစ်ပြားမှမကုန်ဘူး။ အလကားကုပေးတယ်။ သောက်ဆေးတွေလည်းပေးတယ်။ အဲဒါ ကြောင့် လာကုတာပါ။ ဆေးကုသပေးတဲ့ ဆရာဝန်လေးတွေကလည်း မျက်နှာလေးတွေက ချိုချိုသာသာနဲ့ ကုသပေးပါတယ်။ လူနာတွေကိုလည်း နွေးနွေးထွေးထွေးဆက်ဆံပါတယ်။ အဲဒါကြောင့်လည်း လူတွေကလာပြီး ဆေးကုသကြတာများတယ်။ အခုလိုလာရောက် ကုသပေးတဲ့အတွက် ဝမ်းသာကြည်နူးခံစားရပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း အခုလိုဘဲလာရောက်ကုသပေးကြပါတယ်။ အရင်နှစ်တွေကလည်း အခုလို ဘဲ လာရောက်ကုသပေးကြပါတယ်။ တစ်နှစ်မှာ နှစ်ခါသုံးခါလောက်ရောက်ကြပါတယ်။ ရောက်တိုင်းလည်း လူတွေအများကြီး လာရောက်ကုသကြပါတယ်။ နိုင်ငံတော်အကြီး အကဲတွေနဲ့ ဆေးကုသပေးတဲ့ ပါရဂူကြီးတွေကို အထူးဘဲကျေးဇူးတင်ရှိပါတယ်။ ကျန်းမာ ကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးဘယာကင်းရှင်းကြပါစေ၊ အန္တရာယ်ကင်းလို့ဘေးရှင်း ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။