တိမ်တိုက်ထဲမှာ တောင်တွေ့လာရတဲ့ မိုက်ခရိုပလတ်စတစ် မိုးလေဝသပုံစံကိုပါ ပြောင်းလဲစေနိုင်
ပလတ်စတစ်ကို လူသားတွေ အသုံးပြုမှုက တစ်ဖက်မှာ ကောင်းကျိုးတွေရှိသလို တခြားတစ်ဖက်မှာလည်း ဆိုးကျိုးတွေများစွာရှိပါတယ်။ အခုတော့ ဆိုးကျိုးတွေက ပိုများနေတယ်လို့ ဆိုရမလားပါပဲ။
အရင်တုန်းက ပလတ်စတစ်တွေကို နေရာတကာမှာ တွေ့ရတဲ့အတွက် သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်ဆိုပြီး တော့ပဲ လူသိများခဲ့တာပါ။
အခုတော့ သုတေသီတွေရဲ့ လေ့လာချက်တွေအရ ပလတ်စတစ်တွေကို မိမိတို့ မထင်မှတ်ထားတဲ့ နေရာကနေတောင်မှ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီလိုတွေ့ရှိမှုဟာလည်း သဘာ၀ ပတ်ဝန်းကျင်ကိုသာမက မိမိတို့ရဲ့ မိုးလေဝသပုံစံကိုတောင် ပြောင်းလဲသွားစေနိုင်တယ်လို့ ဆိုပါတယ်။
ဘယ်မှာတွေ့လဲဆိုတော့ မိုးပေါ်က တိမ်တိုက်ထဲမှာပါတဲ့။ ဘာတွေကို တွေ့ရှိရလည်းဆိုရင် မိုက်ခရိုပလတ်စတစ်တွေပါတဲ့။ မိုက်ခရိုပလတ်စတစ်ဆိုတာ ပလတ်စတစ် အမှုန်အမွှားတွေကို ပြောတာပါ။
အရွယ်အစားအားဖြင့် အလွန်သေးငယ်ပြီး ပုံစံမျိုးစုံရှိတဲ့ နှစ်ပေါင်းများစွာကြာသည့်တိုင် မပြိုကွဲနိုင်သော မိုက်ခရိုပလတ်စတစ်တွေကို ပင်လယ်ရေအောက်ကြမ်းပြင်မှသည် တောင်ပေါ်ရှိ နှင်းထုများနဲ့ မြို့ကြီးများပေါ်ရှိ လေထုများအထိ ပါဝင်တဲ့နေရာပေါင်းစုံမှာ တွေ့ရှိလာရပါပြီ။
ဒါကြောင့် မိုက်ခရိုပလတ်စတစ်များဟာ မကြာသေးတဲ့အချိန်ကနေစပြီး အခုအချိန်အထိ ကမ္ဘာကြီးကိုဒုက္ခအပေးဆုံး အရာတစ်ခုလို့ ပြောရင်လည်းမမှားပါဘူး။
တရုတ်နိုင်ငံမှ သုတေသနပညာရှင် ယန်ဝမ်းဦးဆောင်တဲ့ သုတေသီများဟာ တိမ်တိုက်ဖြစ်ပေါ်မှုမှာ မိုက်ခရိုပလတ်စတစ် တွေရဲ့ပါဝင်တဲ့ အခန်းကဏ္ဍနဲ့ နောက်ဆက်တွဲအနေနဲ့ မိုးလေဝသအပေါ် ဘယ်လိုမျိုးသက်ရောက်စေတယ်ဆိုတာကို လေ့လာပြီး တွေ့ရှိချက်ကို အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီနေရာမှာ မိုက်ခရိုပလတ်စတစ် အကြောင်းကို နည်းနည်းအသေးစိတ် ပြောရပါမယ်။ မိုက်ခရိုပလတ်စတစ်ဆိုတာ အရွယ်အားဖြင့် ၅ မီလီမီတာအောက် သေးပါတယ်။
အဝတ်အထည်များ၊ အထုပ်အပိုးများ၊ ကားဘီးတာယာများအစရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေကနေ မိုက်ခရိုပလတ်စတစ်တွေက ထွက်ရှိလာတာပါ။
သိပ္ပံပညာရှင်များက လေထုအတွင်းရှိ မိုက်ခရိုပလတ်စတစ်များ အကြောင်းကို ဖော်ထုတ်သိရှိနိုင်ရုံသာမကဘဲ သူတို့အနေနဲ့ တိမ်တိုက်ဖြစ်ပေါ်မှုမှာ ဘယ်လိုနေရာကနေ ပါဝင်နေတယ်ဆိုတာကိုပါ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် မကြာသေးခင်က သိပ္ပံပညာရှင်များ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ဂျပန်နိုင်ငံ တောင်တန်းဒေသရှိ တိမ်တိုက်များရဲ့မျက်နှာပြင်ကနေ ပလတ်စတစ်အမှုန်များကို တွေ့ရှိလိုက်တယ်ဆိုပြီး ထုတ်ပြန်လာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ယန်ဝမ်းနဲ့သုတေသန ပညာရှင်များက အသေးစိတ်လေ့လာမှုတွေ လုပ်နိုင်ဖို့အတွက် တောင်ပေါ်ဒေသရှိ တိမ်တိုက်တွေထဲမှာ ပလတ်စတစ် အမှုန်များကို လိုက်လံရှာဖွေခဲ့ကြပါတယ်။
အဲဒီပလတ်စတစ်အမှုန်တွေအနေနဲ့ အဲဒီနေရာကို ဘယ်လိုနည်းနဲ့ ရောက်သွားတယ်ဆိုတာ သိရှိနိုင်ဖို့ ကွန်ပျူတာပုံစံများကို အသုံးပြုတွက်ချက်ပြီး အမှုန်တွေကဘယ်လိုမျိုး လွှမ်းမိုးထားတယ်၊ တိမ်တွေကို ဘယ်လိုမျိုး ထိနေတယ်ဆိုတာတွေကို ဖော်ထုတ်ကြပါတယ်။
သုတေသနပညာရှင်များက နှိုက်နှိုက်ချွတ်ချွတ် လေ့လာမှုများ လုပ်ဆောင်တဲ့အခါ မိုက်ခရိုပလတ်စတစ် တည်ရှိမှုပမာဏနဲ့ တိမ်တိုက်တွေရဲ့ သိပ်သည်းမှု၊ အမြင့်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်လျက်ရှိနေတယ် ဆိုတာကို သိလိုက်ရပါတယ်။
အထူးသဖြင့် တိမ်တိုက်ကအနိမ့်မှာရှိပြီး တိမ်တိုက်ရဲ့ သိပ်သည်းမှုကလည်း အလွန် ကိုများပြားနေတယ်ဆိုရင် အဲဒီတိမ်တိုက် မှာ ပလတ်စတစ်အမှုန်တွေ အလွန်အမင်း ပါဝင်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။
ဒီတိမ်တိုက်တွေက မိုးလေဝသအပေါ် သက်ရောက်မှုလည်း ရှိပါတယ်။ ဘယ်လိုသက်ရောက်မှုတွေရှိလည်း ဆိုတာကိုတော့ သုတေသနက ဆက်လက်ဖော်ပြထားပါတယ်။
တိမ်တိုက်တစ်ခုမှာ ခဲဓာတ်၊ မာကျူရီဓာတ်၊ အောက်ဆီဂျင်ဓာတ်တို့က တိမ်တိုက် ရဲ့ဖြစ်ပေါ်တိုးတက်မှုကို ပိုမိုလွယ်ကူ အဆင်ပြေစေမှာဖြစ်ပြီး မိုက်ခရိုပလတ်စတစ်များနဲ့ လေထုဖြစ်ပေါ်မှုတို့ကြားက ရှုပ်ထွေးတဲ့ အပြန်အလှန်နားလည်မှုကို သုတေသီတွေက တွေ့ရှိထားတာပါ။
ယန်ဝမ်းနဲ့အဖွဲ့ဟာ ကွန်ပျူတာ ပုံစံတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ပလတ်စတစ် အမှုန်တွေက ဘယ်ကနေ ရောက်လာတာလဲဆိုတာ ကိုသိနိုင်ဖို့ ကွန်ပျူတာပုံစံတူ တုပပြုလုပ် ထားတာပါ။
အဲဒီလိုမျိုးနည်းနဲ့ ပဟေဠိကိုအဖြေထုတ်ခဲ့ရာမှာ လူဦးရေထူထပ်လှတဲ့ နေရာများမှ တိုက်ခတ်လိုက်တဲ့ လေပြင်းတွေက ပလတ် စတစ်အမှုန်တွေကို တိမ်တိုက်တွေဆီရောက်ရှိစေတယ်ဆိုတာကို သိရှိလိုက်ပါတယ်။
ဒီလိုမျိုးတိမ်တိုက်တွေပေါ်ကို မိုက်ခရိုပလတ်စတစ်တွေ ရောက်ရှိလာခြင်းဟာ ခဲဓာတ်၊ မာကျူရီဓာတ်၊ အောက်ဆီဂျင် ဓာတ်တို့ပိုမိုပါဝင်တဲ့ တိမ်စိုင်တိမ်ခဲအဖြစ်ကို ရောက်ရှိစေပါတယ်။
သေချာတာတစ်ခုကတော့ တိမ်တိုက် ပေါ်မှာ မိုက်ခရိုပလတ်စတစ်များကို တွေ့ရှိရခြင်းက မိုးလေဝသပုံစံများကိုပါ ပြောင်းလဲစေနိုင်တယ် ဆိုတာပါပဲ။
ဒါကြောင့် မိမိတို့လူသားတွေအနေနဲ့ ဖြစ်နိုင်ရင် ပလတ်စတစ် အသုံးအဆောင် ပစ္စည်းများအသုံးပြုမှုကို တတ်နိုင်သမျှ ရှောင်ရှားခြင်းအားဖြင့် မိမိတို့ရဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ကြပါစေလို့ တိုက်တွန်း လိုက်ရပါတယ်။
သီရိချို