လမစေ့မီ ကလေးမွေးဖွားခြင်းအကြောင်း သိကောင်းစရာ

 

လမစေ့မီ ကလေးမွေးဖွားခြင်းအကြောင်း သိကောင်းစရာ

လမစေ့မီ ကလေးမွေးဖွားခြင်းသည် မိခင်ရော ကလေးအတွက်ပါ ဆိုးရွားသောသက်ရောက်မှုဖြစ်စေတတ်သည်။ ထို့ပြင် ဝမ်းနည်းစရာကောင်းသည်မှာ   အသက်ငါးနှစ်အောက် ကလေးငယ်များသေဆုံးရခြင်း၏ အဓိက အကြောင်းရင်းသည်  လမစေ့မီ  မွေးဖွားလာသော ကလေးများဖြစ်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် လမစေ့မီ ကလေးမွေးဖွားခြင်းဆိုင်ရာ အသိပညာကို မြှင့်တင်ရန်၊ ၎င်းင်းကိုကာကွယ်ရန်နှင့် လမစေ့မီမွေးဖွားလာသောကလေးတွင် ဖြစ်တတ်သောနေ့စဉ်နေ့တိုင်း မိဘများတွေ့ကြုံနေရသည့် အခက်အခဲများကိုဖြေသိမ့်ဆွေးနွေးရန် ရည်ရွယ်၍ကျန်းမာရေးပညာရှင်များက နှစ်စဉ် နိုဝင်ဘာလ ၁၇ ရက်ကို World Prematurity Day (ကမ္ဘာလုံးဆိုင်ရာ လမစေ့မီကလေးမွေးဖွားခြင်းနေ့)အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျန်းမာရေးအသိပညာများ ဖြန့်ဝေလျက်ရှိသည်။

လမစေ့မီ ကလေးမွေးဖွားခြင်းဆိုသည်မှာ ကိုယ်ဝန် ၃၇ ပတ်မပြည့်မီ မွေးဖွားခြင်းကို ခေါ်သည်။ ပုံမှန်အားဖြင့် အပတ် ၄၀ ခန့်မျှ ကိုယ်ဝန်ဆောင်ပြီး မွေးဖွားခြင်းကို လစေ့သည်ဟုခေါ်သည်။ လမစေ့မီမွေးဖွားသော ကလေးများသည် မိခင်၏ဝမ်းဗိုက်ထဲတွင် ကြီးထွားချိန် တိုတောင်းသည့်အတွက်   မွေးဖွားပြီးချိန်တွင်လည်း နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။  လေ့လာမှုမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁၅ သိန်းပမာဏရှိ ကလေးများ လမစေ့ဘဲ မွေးဖွားနေကြောင်း၊ တိုးတက်ခေတ်မီနေသော အင်္ဂလန်နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် ပျမ်းမျှ မီးနေသည် ၁၃ ဦးလျှင် တစ်ဦးနှုန်း လမစေ့မီ ကလေးမွေးဖွားသည့် ဖြစ်စဉ်ကိုတွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသောနိုင်ငံများတွင်  ဏမနာအေကမငအပ  ပြဿနာအများအပြား တွေ့ကြုံနေရကြောင်း သိရသည်။ သို့ပါ၍ လမစေ့မီ ကလေးမွေးဖွားခြင်းအကြောင်း ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို စာရေးသူက ကျန်းမာသုတတစ်ရပ်အနေဖြင့် အောက်ပါအတိုင်း ရေးသားအကြံပြုလိုက်ပါသည်။

ကိုယ်ဝန်ဆောင်ကာလများ

ကိုယ်ဝန်ဆောင်ကာလကို   ဆေးပညာနည်းအရ ကိုယ်ဝန်ပထမသုံးလပတ်၊ ကိုယ်ဝန် ဒုတိယသုံးလပတ်၊ ကိုယ်ဝန်တတိယသုံးလပတ်အဖြစ်   အပိုင်းသုံးပိုင်းခွဲခြားသတ်မှတ်လေ့ရှိသည်။

ကိုယ်ဝန်ပထမသုံးလပတ်

•လေးပတ်   -        သန္ဓေသားလောင်းစတင်ဖြစ်ပေါ်ပြီး အင်္ဂါအစိတ်အပိုင်းများ          စတင်ပေါ်ထွက်လာသည်။

-ငါးပတ်       -        ကလေး၏နှလုံးစတင်ခုန်လာသည်။

-ခြောက်ပတ်          -        မျက်နှာသွင်ပြင်ပေါ်လာပြီး         ခြေလက်များစ ဖြစ်လာသည်။

-၁၀ ပတ်      -        ဦးနှောက်၊ အသည်း၊ ကျောက်ကပ်၊ အူ စသည့်အတွင်းအင်္ဂါများ စတင်ဖြစ်ပေါ်လာသည်။

-၁၂ ပတ်      -        အာထရာဆောင်းရိုက်ချိန်တွင် သန္ဓေသား၏ နှလုံးခုန်သံကို စတင်ကြားနိုင်သည်။

ကိုယ်ဝန်ဒုတိယသုံးလပတ်

-၁၄ ပတ်      -        ကျောက်ကပ် စတင်အလုပ်လုပ်ပြီး ကလေးက စတင်ဆီးသွားနိုင်သည်။ လက်မကို ပါးစပ်ဖြင့် စုပ်နေသည်။

-၁၆ ပတ်      -        အာထရာဆောင်း   ရိုက်ပြီး ယောကျ်ားလေး၊ မိန်းကလေး သိရှိနိုင်သည်။

-၁၈ ပတ်      -        မိခင်ဗိုက်ထဲတွင် စတင်လှုပ်ရှား၊   ကန်ကျောက်လာသည်။

-၂၄ ပတ်      -        ကိုယ်အင်္ဂါအစိတ်အပိုင်းများ လျင်မြန်စွာ ဖွံ့ဖြိုးလာပြီး ကလေး၏ကိုယ်အလေးချိန် တစ်ပေါင်ခန့်ရှိလာသည်။

-၂၇ ပတ်      -        အဆုတ်ကောင်းစွာဖွံ့ဖြိုးလာပြီး  မျက်လုံးအဖွင့်၊  အပိတ်လည်း လုပ်တတ်လာသည်။

ကိုယ်ဝန်တတိယသုံးလပတ်

-၂၈ မှ ၃၂ ပတ်-      ကလေး လျင်မြန်စွာဖွံ့ဖြိုးလာပြီး   သုံးပေါင်ခန့်ရှိလာသည်။

                             မျက်တောင်၊ လက်သည်း၊ ခြေသည်းများလည်း   ဖွံ့ဖြိုးလာသည်။

-၃၄ ပတ်      -        အဆုတ်နှင့် အာရုံကြောစနစ်       ဆက်လက်ဖွံ့ဖြိုးပြီး   အသားအရေလည်း  ချောမွတ်နူးညံ့

                             လာသည်။

-၃၇ ပတ်      -        စောစောမွေးသူများက    ဤကာလတွင်    မွေးဖွားသည်။

                             သို့သော်        ကလေး၏ ဦးနှောက်အပြည့်အဝ ဖွံ့ဖြိုးရန်   အချိန်လိုအပ်နေသေးသည်။

-၃၉ ပတ်      -        ဤကာလသည် နေ့စေ့လစေ့ ကလေးအား မွေးဖွားသည်။

-၄၁ ပတ်      -        နောက်ကျမွေးသော ကလေးက ဤကာလတွင်မှ မွေးဖွားသည်။

ကိုယ်ဝန်တတိယသုံးလပတ်တွင် ဝမ်းဗိုက်သာမက ရင်သားနှင့်ပေါင်တို့တွင် အကြောပြတ်ရာများ ဖြစ်ပေါ်နိုင်သည်။ အကြောပြတ်ခြင်းကို သက်သာစေရန် သံလွင်ဆီ သို့မဟုတ် အရေပြားအစိုဓာတ်ထိန်း Moisturizer နေ့စဉ် လိမ်းပေးနိုင်သည်။

လမစေ့သောကလေးများတွင် တွေ့ရသောလက္ခဏာများ

ကလေးသည်  ခေါင်းနှင့်ကိုယ်နှိုင်းစာသော်  ခန္ဓာကိုယ်သေးနေခြင်း၊ ကလေး၏ခန္ဓာကိုယ်တွင် အဆီတစ်သျှူးများ ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် စုတ်ချွန်းချွန်းဖြစ်နေခြင်း၊ တစ်ကိုယ်လုံးတွင် ငယ်မွေးများကျန်နေခြင်း၊ ကလေး၏ ခန္ဓာကိုယ်တွင် အဆီတစ်သျှူးများ ဖွံ့ဖြိုးမှုနည်းခြင်းကြောင့် ကိုယ်အပူချိန်ကျဆင်းခြင်း၊ အသက်ရှူမဝခြင်း၊ နှလုံးအဆုတ်နှင့်သွေးလည်ပတ်မှုများ ပုံမှန်အတိုင်းမဖြစ်နိုင်ခြင်း၊ စုပ်ခြင်း သို့မဟုတ် မျိုချခြင်း စသည့်တုံ့ပြန်မှုများ အားနည်းသေးခြင်းကြောင့် မိခင်နို့တိုက်ရန် လွန်စွာခက်ခဲခြင်း စသည့် လက္ခဏာတို့ကို လမစေ့သောကလေးများတွင် အများဆုံးတွေ့ရတတ်သည်။ အကယ်၍ လမစေ့မီ မွေးဖွားပါက တိုက်ရမည့် ဆေးများကို သေချာစွာသိထားရမည်။ အိမ်တွင် ကလေးကို သေသေချာချာ အနီးကပ်စောင့်ရှောက်ခြင်း၊ အောက်ဆီဂျင်များ စနစ်တကျပေးခြင်းတို့ကိုပြုလုပ်ရန် လိုအပ်သည်။ လမစေ့မီ မွေးဖွားသောကလေးများသည်    တခြားကလေးများထက်ရောဂါကူးစက်နိုင်ခြေပိုများသောကြောင့် ၎င်းတို့ကို လူနေထူထပ်သောနေရာများသို့  ခေါ်ဆောင်သွားခြင်းကို ရှောင်ကြဉ်ပါ။ ထို့ပြင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပြီးမှ ကလေးကိုထိပါ။ ချီပါ။

လမစေ့မီ မွေးဖွားခြင်းကို ဖြစ်စေသောအကြောင်းများ

လမစေ့မီ မွေးဖွားခြင်းကိုဖြစ်စေသော အကြောင်းများစွာရှိသော်လည်း အများစုသည် အကြောင်းရင်းမရှိဘဲ အလိုလိုဖြစ်လာနိုင်သည်။ သို့သော် တချို့မှာ ကလေးမွေးအောင်ဆေးသွင်းခြင်း၊ မိခင်၏ကျန်းမာရေးပြဿနာနှင့် တခြားကိစ္စများကြောင့် စောစောစီးစီးဗိုက်ခွဲမွေးခြင်း စသည်တို့ကြောင့်ဖြစ်နိုင်သည်။ အဖြစ်များစေသော အကြောင်းများမှာ ကိုယ်ဝန်ဆောင်သော အကြိမ်အရေအတွက်များခြင်း၊ ကူးစက်ရောဂါပိုးဝင်ခြင်း၊ သွေးတိုး၊ ဆီးချို စသည့် နာတာရှည်ရောဂါများဖြစ်ခြင်း၊ မျိုးရိုးဗီဇလိုက်ခြင်း၊ ယခင်ကလည်း လမစေ့ဘဲ ကလေးမွေးဖွားဖူးခြင်း၊ အမြွှာကိုယ်ဝန်ဆောင်ဖူးခြင်း၊ ကိုယ်ဝန် တစ်ယောက်နှင့်တစ်ယောက်ကြားတွင် ခြောက်လအောက်သာခြားပြီး   ကိုယ်ဝန်ထပ်ဆောင်ခြင်း၊ သားအိမ်ပြင်ပတွင် မျိုးအောင်ပြီး ရသောကိုယ်ဝန် ဖြစ်ခြင်း၊ မိခင်၏သားအိမ်၊ သားအိမ်ခေါင်းနှင့် အချင်းတို့တွင် ချို့ယွင်းချက်ရှိခြင်း၊ မိခင်ကိုယ်တိုင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် တစ်ဆင့်ခံဆေးလိပ်ငွေ့ မကြာခဏရှူမိခြင်း၊ တရားမဝင်ဆေးများ သုံးစွဲခြင်း၊  အစာအာဟာရချို့တဲ့ခြင်း၊  ကိုယ်ဝန်ဆောင်ကာလရင့်လာသော်လည်း  ကိုယ်အလေးချိန်မတက်လာခြင်း၊  ရေမြွှာရည်နှင့်  မိခင်၏မွေးလမ်းကြောင်းတွင် ကူးစက်ရောဂါများဝင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သည် အဝလွန်ခြင်း သို့မဟုတ် ပိန်လွန်းခြင်း၊ မိမိချစ်ရသောမိသားစုဝင်တစ်ဦးကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်း၊ အိမ်တွင်းရေးအရှုပ်အရှင်းများဖြစ်ခြင်း စသည်တို့ကြောင့် စိတ်သောကများခြင်း၊ ကိုယ်ဝန်တစ်ကြိမ် ပျက်ကျဖူးခြင်း သို့မဟုတ် အကြိမ်ကြိမ်ဖြစ်ဖူးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် ထိခိုက်ဒဏ်ရာရခြင်း စသည့် အခြေအနေအမျိုးမျိုးကြောင့် လမစေ့မီ ကလေးမွေးဖွားခြင်းကို ဖြစ်စေသည်။

ကိုယ်ဝန်ဆောင်အတွက် နေထိုင်စားသောက်မှုပုံစံများ

တစ်ချိန်တည်းမှာ အများကြီးမစားပါနှင့်။ အကြိမ်ရေခွဲ၍ နည်းနည်းနှင့် ခဏခဏစားပေးပါ။ ကျန်းမာရေးနှင့် ညီညွတ်မျှတအောင်စားပါ။ ကဖင်းဓာတ်ပါသော အစားအသောက်များဖြစ်သည့် လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာနှင့် အားဖြည့်အချိုရည်များကိုရှောင်ကြဉ်ပါ။ တစ်ဆင့်ခံဆေးလိပ်ငွေ့မရှူရှိုက်မိပါစေနှင့်။

ကညွတ်များများစားပါ။ ကညွတ်က ဖောလစ်အက်စစ်ကြွယ်ဝသဖြင့် သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း၊  ကိုယ်ဝန်ဆောင်ချိန်  စိတ်ဓာတ်ကျခြင်းကို သက်သာခြင်း၊ အစာခြေနှုန်းမြန်ဆန်သဖြင့် ကိုယ်ဝန်ဆောင်ချိန် အစာမကြေဖြစ်ခြင်းမှ သက်သာစေခြင်းစသည်ဖြင့် ကောင်းကျိုးပြုသည်။ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်၍ အစားမဝင်သူများနှင့် သံဓာတ်အားဆေး မသောက်သုံးသူများက ကိုယ်ဝန်ဆောင်ချိန် သွေးအားနည်းရောဂါဖြစ်နိုင်ခြေများသဖြင့်    သတိပြုစေလိုသည်။ ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်းမဖြစ်အောင် သံဓာတ်ပါသောအားဆေးသောက်ပါ။ ရေများများသောက်ပါ။ ပက်လက်မအိပ်ပါနှင့်။ ပက်လက်အိပ်ခြင်းက  နှလုံးသို့သွားသော  သွေးပြန်ကြောကိုဖိမိသည့်အတွက် မူးဝေတတ်သည်။ ကြာမြင့်စွာထိုင်၊ လှဲနေရာမှ ရုတ်တရက် မတ်တတ်ရပ်ခြင်း မလုပ်ပါနှင့်။ ဆေးလိပ်၊ အရက်ရှောင်ပါ။ မတ်မတ်ထိုင်ပါ။ မတ်မတ်ရပ်ပါ။ အမြဲလှဲမနေပါနှင့်။ သို့သော် ခပ်ကြာကြာမတ်တတ်ရပ်ခြင်းမျိုး ရှောင်ပါ။ ပက်လက် သို့မဟုတ် လှဲနေရာမှထသည့်အခါ ဘေးဘက်ကို ဖြည်းဖြည်းစောင်းပါ။ လက်မောင်းကိုအားပြုပြီး ဖြည်းဖြည်းထပါ။

သတိထားရမည့် ဗီတာမင်အေ

ဗီတာမင်အေက ရေတွင်ပျော်ဝင်လွယ်သော ဗီတာမင်အမျိုးအစားမဟုတ်သည့်အတွက်  ခန္ဓာကိုယ်က အလွယ်တကူ စွန့်ထုတ်ရန် ခက်ခဲသည်။ အကယ်၍ ခန္ဓာကိုယ်ထဲတွင် ဗီတာမင်အေ အများအပြား စုပြုံလာခြင်းကို  ဗီတာမင်အေအဆိပ်အတောက်ဖြစ်ခြင်းဟု ခေါ်ဆိုသည်။ ကိုယ်ဝန်အစောပိုင်းကာလ ကိုယ်ဝန် ပထမသုံးလပတ်တွင် ဗီတာမင်အေ အလွန်အကျွံစားသုံးမိပါက သန္ဓေသား၏အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်ပြီး မွေးရာပါချို့ယွင်းမှုများဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်အစောပိုင်းကာလတွင် ဗီတာမင်အေအများအပြား မသောက်သင့်ပေ။ ကြက်အသည်း၊ ဝက်အသည်း စသည့်အသည်းများတွင်  ဗီတာမင်အေများစွာပါရှိသဖြင့်  ဆင်ခြင်စားသောက်သင့်သည်။ ထို့ပြင် မုန်လာဥနီ၊ လိမ္မော်သီး၊ နွားနို့၊ ပဲပင်ပေါက်၊ ဟင်းနုနယ်၊ ကိုက်လန် စသည်တို့ကလည်း ဗီတာမင်အေအရင်းအမြစ်ဖြစ်၍ အလွန်အကျွံ မစားသင့်ပေ။

အချုပ်အားဖြင့်ဆိုသော် လမစေ့မီ ကလေးမွေးဖွားခြင်းဖြစ်ပေါ်စေသော အဓိကအကြောင်းများတွင် ရေမြွှာရည်ပိုးဝင်ခြင်းကြောင့် ဖြစ်သည်။ အပြင်းဖျားခြင်း၊ ရင်တုန်ခြင်း၊ ချွေးစေးထွက်ခြင်း၊ ဝမ်းဗိုက် အထိမခံနိုင်အောင် နာကျင်ခြင်းနှင့် မိန်းမကိုယ်မှ အနံ့ဆိုးသောအချွဲများဆင်းခြင်းသည်   ရေမြွှာရည်ပိုးဝင်သော လက္ခဏာများဖြစ်၍ သတိထားသင့်သည်။ ထို့ပြင် လမစေ့မီ ကလေးမွေးဖွားခြင်းမှ ကာကွယ်ရန် ပိုမိုဂရုစိုက်စောင့်ရှောက်သင့်သော   မိခင်လောင်းအုပ်စုများမှာ ဆီးချိုရောဂါရှိသူ (မူလ ဆီးချိုရောဂါနှင့် ကိုယ်ဝန်

ဆောင် ဆီးချိုရောဂါ)၊ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသူများ၊ ကိုယ်ဝန်ဆိပ်တက်သူများ၊ အမြွှာကိုယ်ဝန် ဆောင်ထားရသူများ၊ အသက် ၁၇ နှစ်အောက်နှင့် အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်သူများ၊ ယခင်ကလေးဆုံးရှုံးဖူးသူများဖြစ်ကြသည်။ ကိုယ်ဝန်ဆောင်ချိန် သဘောသဘာဝအရ ဟော်မုန်းအတက်အကျ၊ အပြောင်းအလဲ မြန်ဆန်မှုကြောင့် မိခင်လောင်းတွင် စိတ်တိုဒေါသထွက်ခြင်း၊ ဝမ်းနည်းနေခြင်း၊ စိုးရိမ်ပူပန်နေခြင်း စသည့်စိတ်ခံစားမှုအမျိုးမျိုး ဖြစ်လေ့ရှိသည်။ ထိုအခြေအနေမျိုးတွင် ဖခင်လောင်းနှင့် ကျန်မိသားစုဝင်များက နားလည်ပေးပြီး ဖေးမကူညီပေးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 

ပေါက်ပေါက်