တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၇

     တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ နယ်မြေခံ သင်တန်း ကျောင်း စက်ပစ်ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူ များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသား၊ အမျိးသမီး ပစ္စတိုထိလဲပစ်ခတ်စဉ်၊ အမျိုးသား ကာဘိုင်ထိလဲပစ်ခတ်စဉ်များ ယှဉ်ပြိုင်ပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

       အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ  ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် နိုဝင်ဘာလ ၁၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။