၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက် 

 

နေပြည်တော် နိုဝင်ဘာ ၁၇

    ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့် ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊   ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ    အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်း မိသားစုများနှင့်   အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။

    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့်  အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် သုံးယောက်တွဲနှင့် တစ်ဦးချင်း ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် ကိုးယောက်တွဲပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြသည့် ပြည်နယ်နှင့်   တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ၏ သရုပ်ပြမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက  ကိုးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်နှင့် တတိယဆုရရှိသည့်  ကချင်ပြည်နယ်အသင်းတို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက Physical Fitness Dance ပြိုင်ပွဲတွင်   ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလးတိုင်း ဒေသကြီးနှင့် တတိယဆုရရှိသည့်  ရှမ်းပြည်နယ် အသင်းတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က သုံးယောက် တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့်   ကချင်ပြည်နယ်၊  ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့ကို လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်      ပိုးရယ်အောင်သိန်းက တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက တံခွန်စိုက်ဆုဖလားရရှိသည့်   ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့်  တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်က ၂၀၂၃ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲများတွင် အဆင့် (၄)၊ (၅)၊ (၆) ရရှိခဲ့ကြသည့် ပြည်နယ်နှင့်   တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်၊ အားကစားလှုပ်ရှားမှုများတွင်   စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌  ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသမီးအသင်း (၁၄) သင်းတို့မှ   အားကစားသမား စုစုပေါင်း ၂၃၄  ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။