တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဆေးရုံ၊ ဆေးခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ  ဆေးရုံ၊ ဆေးခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၈

      မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာ လှပသော မြို့၊ ရွာ  Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့် အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရ မည်ဖြစ်ပါသည်။

   ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူ အားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ရွာများရှိ ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက် ကုသနေသော လူနာများအား လေကောင်းလေသန့် ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နှင့် မိုင်းခတ်မြို့တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့နယ်၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၄)မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နယ်၌ လည်းကောင်း ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင် များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ဆေးရုံ၊ ဆေးခန်းများရှိ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ဆေးရုံးဝန်းအတွင်း/ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် ခြင်၊ ယင် ပိုးမွှားများ ပေါက်ဖွားမှုမရှိစေရန် ခြင်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။