နေပြည်တော်၊ ယာဉ်တိုက်မှု
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းမကြီးရဲစခန်းအပိုင်၌ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ကုန်တင်ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၄၄/၃)နှင့်(၃၄၄/၄) အကြားတွင် ယာဉ်မောင်း သန်းကျော်ဦး ကျောက်ဆည်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN-6M/-----၊ GE 13 NISSAN DIESEL ၁၈ ဘီးယာဉ်သည် ကျောက်ဆည်အဆင်းလမ်းမှ အမြန်လမ်း ရန်ကုန်ဘက်အခြမ်း တစ်ဖက်ယာဉ်ကြောသို့ဖြတ်ကွေ့စဉ် နေပြည်တော်မှမန္တလေးသို့ အမြန်လမ်းမကြီးလမ်းအတိုင်းယာဉ်မောင်း ဇော်ဝင်းထွန်း ပြင်ဦးလွင်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-6F/-----ISUZU ယာဉ်က ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပေါ်ရာသို့ စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များနှင့် အခင်းဖြစ်နေရာသို့ လမ်းမကြီးဆောက်လုပ်ရေး (ပြင်/ထိန်း) အဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ NISSAN DIESEL ၁၈ ဘီးယာဉ်ပေါ်ပါရှိသူများမှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ISUZU ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းသန်းကျော်ဦးအား စကားအင်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၂၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(နေပြည်တော်)