မိနစ် ၉၀ အတွင်း ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို ထုတ်လုပ်ပြီး လွှတ်တင်နိုင်ပြီ

မိနစ် ၉၀ အတွင်း ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို ထုတ်လုပ်ပြီး လွှတ်တင်နိုင်ပြီ

 

    ယနေ့ခေတ်ဟာ   ဆက်သွယ်ရေး နည်းပညာထွန်းကားလာတဲ့ ခေတ်ဖြစ်တာနဲ့အညီ ကြိုးမဲ့အင်တာနက် ချိတ်ဆက်မှု စနစ်ကလည်း   လျစ်လျူရှုထားလို့ရတဲ့ အရာမဟုတ်တော့ပါဘူး။

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ခြင်းမှသည် အပန်းဖြေရေး၊ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနဲ့ အဆက်မပြတ် ထိတွေ့ဆက်ဆံနိုင်စေရေး အစရှိတဲ့အရာအားလုံးဟာ  မြန်နှုန်းမြင့် အင်တာနက် ကွန်ရက်အပေါ် အခြေခံလာနေတာပါ။

ဒီလိုမျိုး အဆက်ပြတ်မသွားစေတဲ့ ဆက်သွယ်မှုစနစ်က သဘာဝအလျောက် ဖြစ်စေ၊ လူလုပ်ခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေ တစ်ရပ်နဲ့ကြုံဆုံရချိန်မှာ တကယ့်ကို အရေးကြီးပြီး အရေးပါတဲ့လုပ်ငန်းကြီး တစ်ခုဖြစ်လာပါတယ်။

ဆက်သွယ်ရေးကောင်းမှသာ လိုအပ်တဲ့ အကူအညီတွေ မြန်မြန်ဆန်ဆန်ရမယ်။ ဒါမှသာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာမဟုတ်လား။

မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အချို့ကို ကောက်နုတ်ကြည့်ရင် သမားရိုးကျ ဆက်သွယ်ရေးလိုင်းများ  ပြတ်သွားတဲ့ အချိန်မှာ အီလွန်မတ်ရဲ့ Starlink  လိုမျိုး အာကာသအခြေပြု အင်တာနက်စနစ်ကဲ့သို့သော အရာက ထိပ်တန်းနေရာကနေ ပါဝင်လာတာကို တွေ့ရမှာပါ။

ဒါပေမဲ့လည်း ဆက်သွယ်ရေးဂြိုဟ်တု တစ်စင်းတည်ဆောက်ဖို့ဆိုတာ အချိန်များစွာပေးရပြီး လွှတ်တင်ဖို့အတွက်လည်း အချိန်ပေးရပြန်ပါတယ်။

အခုတော့ စပိန်နိုင်ငံ Oberta de Catalunya  တက္ကသိုလ်မှ သုတေသန ပညာရှင်များက ဒီလိုမျိုးအချိန်များစွာ မပေးရစေဖို့အတွက် သရီးဒီပုံထုတ်နည်းပညာကို အသုံးပြုပြီး ရိုးရှင်းတဲ့အဖြေတစ်ရပ်ကို ထုတ်ပေးလိုက်နိုင်ပါပြီ။

အဲဒီအဖြေကတော့ အချိန်အားဖြင့် မိနစ် ၉၀ အတွင်းမှာ ဆက်သွယ်ရေးဂြိုဟ်တု တစ်လုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့လိုက်နိုင်တာပါပဲ။

ဒီနည်းလမ်းကို ရှာတွေ့သူများကတော့ ပညာရှင် ကားလို့မွန်ဂိုဆန်းချက် ဦးဆောင်တဲ့ သုတေသနအဖွဲ့ကဖြစ်ပြီး သူတို့က အလွန်သေးငယ်တဲ့ ဂြိုဟ်တုတစ်လုံးကို မိနစ် ၉၀ အတွင်း သရီးဒီပရင်တာနဲ့ ထုတ်လုပ်နိုင်ပြီး မိုးပျံပူဖောင်းမှာ တပ်ဆင်ကာ ဘေးဒုက္ခတွေ့ရာနေရာမှာ လွှတ်တင်ခြင်းအားဖြင့် ဆက်သွယ်မှုရရှိအောင် ဘယ်လိုမျိုး အသုံးပြုနိုင်မလဲဆိုတာကို ဖော်ပြနိုင်ခဲ့ပါတယ်။

သူတို့ရဲ့စနစ်က အလွန်ကိုရိုးရှင်းပါတယ်။ သူ့မှာ  အဓိက ဆက်စပ်ပစ္စည်း သုံးမျိုးပါဝင်ပါတယ်။ အဲဒီထဲကမှ ပစ္စည်း နှစ်မျိုးဟာ မြေပြင်မှာ ကျန်ရှိခဲ့မှာပါ။

အရင်ဆုံး ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ပစ္စည်း ပစ္စယတွေအားလုံးကို ကိုယ်လွှတ်တင်မယ့်နေရာဆီ ရွှေ့ပြောင်း နေရာချရပါမယ်။

ပြီးတဲ့အခါ သရီးဒီပရင်တာကို အသုံးပြုပြီး CubeSat လို့ခေါ်တဲ့ အသေးစားဂြိုဟ်တုကို ပရင့်ထုတ်ပါမယ်။ အဲဒီနောက်မှာတော့ မိုးပျံပူဖောင်းမှာ ဂြိုဟ်တုကို တပ်ဆင်ပြီး ကိုယ်လိုချင်တဲ့နေရာမှာ လွှတ်တင်ရပါမယ်။

CubeSat ရဲ့အလုပ်လုပ်ပုံက မြေပြင်မှာရှိတဲ့   ထုတ်လွှင့်ရုံနှစ်ခုကို ချိတ်ဆက်ပါမယ်။  တစ်နည်းပြောရရင် ထပ်ဆင့်လွှင့် ကိရိယာအနေနဲ့ ဆောင်ရွက်တာပါ။ ဒီလိုနည်းနဲ့ မြေပြင်မှာရှိတဲ့သူတွေကို ဆက်သွယ်မှု ရစေမှာဖြစ်ပါတယ်။

ဒီစနစ်အတွင်းမှာပါတဲ့ အစိတ်အပိုင်းများ အားလုံးက အဝေးရောက် (Long Range) ရေဒီယိုနည်းပညာကို အသုံးပြု ထားတာပါ။ ဒါကြောင့် ကျယ်ပြန့်လှတဲ့ နယ်မြေအတွင်းမှာ   ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်မှာပါ။

အဲဒီ CubeSat  တွေကို ဆိုလာပြားများနဲ့ တွဲဖက်ပြီးတော့လည်း အသုံးပြုနိုင်ပါသေးတယ်။ ဒါဆိုရင် အချိန်ကာလ တစ်ခုကြာမြင့်တဲ့အထိ ကောင်းစွာ အသုံးပြုနိုင်စေမှာပါ။

သုတေသနပညာရှင်များရဲ့   အခုနည်းလမ်းက ကိုယ်လိုချင်တဲ့ အရွယ်အစားကို ချိန်ညှိပြီး ဂြိုဟ်တုကို ထုတ်လုပ်နိုင်စေဦး မှာဖြစ်ပါတယ်။

ဒါ့အပြင် အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့နေရာရှိ ဆက်သွယ်ရေးစခန်းတွေက အကြီးအကျယ် ပျက်စီးသွားတာမျိုး ဒါမှမဟုတ် လုံးဝအသုံးပြုလို့ မရတော့တာမျိုး ဖြစ်တဲ့အခါမျိုးကျရင် ဆက်သွယ်ရေးစနစ် ပိုမိုကောင်းမွန်စေဖို့အတွက်   CubeSat ဂြိုဟ်တုအများအပြားကို ထုတ်လုပ်ပြီး လွှတ်တင်ရမှာဖြစ်ပါတယ်။

သုတေသနပညာရှင်များ အနေနဲ့ CubeSat ဂြိုဟ်တုကိုရွေးချယ်ပြီး ပရင့်ထုတ်ရခြင်း ရည်ရွယ်ချက်က သူ့ရဲ့အရွယ် အစားသေးငယ်မှု၊  ကရိကထမများဘဲ ဖြန့်ကြက်နိုင်မှု၊ ပြန်လည်ရယူနိုင်မှုတို့ကြောင့်ပါပဲ။

CubeSat  ဂြိုဟ်တုကို မိုးပျံပူဖောင်းနဲ့ လွှတ်တင်ဖို့အတွက် သတ်မှတ်လမ်းကြောင်းကိုတော့  ကွန်ပျူတာကနေ စောင့်ကြည့်ပြီး လမ်းကြောင်းရေးဆွဲ ပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ အဲဒီဂြိုဟ်တုတွေမှာ  ဂျီပီအက်(စ်)တွေ  တပ်ဆင်ပေးလိုက်နိုင်တာကြောင့်လည်း ဆက်သွယ်ရေး လိုင်းတွေ ပုံမှန်အတိုင်း ပြန်ရသွားပြီဆိုတဲ့ အချိန်မှာ သူတို့ကိုပြန်လည် သိမ်းဆည်းနိုင်ဖို့အတွက် တည်နေရာကို အလွယ်တကူ သိရှိနိုင်စေမှာပါ။

လက်ရှိအချိန်မှာတော့  သုတေသန ပညာရှင်များဟာ ဂြိုဟ်တုကို လွှတ်တင်ဖို့အတွက် ကြာမြင့်မယ့်အချိန်ကိုလျှော့ချနိုင် စေဖို့နဲ့ ဒီနည်းလမ်းကို အသုံးပြုနိုင်မယ့် နေရာတွေကိုတိုးမြှင့်ဖို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။