အမိနိုင်ငံအတွက် သတိပညာဝီရိယ

အမိနိုင်ငံအတွက် သတိပညာဝီရိယ

 

အမိနိုင်ငံအတွက် ကျွန်ုပ်တို့၏ စွမ်းအားသုံးရပ်

    ယခုအချိန်တွင် ကျွန်ုပ်တို့၏ အမိနိုင်ငံအပေါ်  မသမာသောပုဂ္ဂိုလ်၊   အုပ်စု၊ အင်အားစုများက    ပြဿနာမျိုးစုံကို ပရိယာယ်မျိုးစုံဖြင့် အရှိန်အဟုန်မြှင့်တင် ဖန်တီးလျက်ရှိသည်။ ယင်းတို့ဖန်တီးသော ပြဿနာများကို အောင်မြင်စွာ အနိုင်ယူနိုင်မည့် စွမ်းအားသုံးရပ် ကျွန်ုပ်တို့နိုင်ငံသားများတွင် ရှိသည်။ ယင်းစွမ်းအားသုံးရပ်မှာ သတိစွမ်းအား၊ ပညာစွမ်းအားနှင့် ဝီရိယစွမ်းအားတို့ဖြစ်ကြသည်။ ယင်းစွမ်းအားသုံးရပ်ကို အပိုင်းနှစ်ပိုင်းခွဲ၍ အသုံးချခြင်းဖြင့် အမိနိုင်ငံအပေါ်  ဖန်တီးထားသော ပြဿနာများကို အနိုင်ယူနိုင်သည်။ အပိုင်းနှစ်ပိုင်းဆိုရာ၌ ပထမအပိုင်းမှာ သတိစွမ်းအားနှင့်ပညာစွမ်းအားကို ပူးတွဲအသုံးချခြင်းဖြစ်သည်။ ဒုတိယအပိုင်းမှာ ဝီရိယစွမ်းအားကို ထိရောက်စွာ အသုံးချခြင်းဖြစ်သည်။

သတိပညာစွမ်းအားကို အသုံးချမှုအပိုင်း

    သတိပညာစွမ်းအားကို အသုံးချမှုအပိုင်း ဆိုသည်မှာ  ကျွန်ုပ်တို့ အမိနိုင်ငံအပေါ် ဖန်တီးထားသော ပြဿနာများ၏ သတင်းအချက်အလက်များကို  သတိတရားဖြင့် မလွတ်တမ်းဖမ်းယူပြီး  ပညာဖြင့်ဆင်ခြင် သုံးသပ်ခြင်းဖြစ်သည်။  အောက်ဖော်ပြပါ အချက်များကို  သတိပညာဖြင့်  ဆင်ခြင်သုံးသပ်ရမည်။

မြင်ရသောရည်ရွယ်ချက်နှင့်  လျှို့ဝှက်ရည်ရွယ်ချက်

    မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစုများနှင့် နိုင်ငံအချို့သည် ကျွန်ုပ်တို့အမိနိုင်ငံအပေါ် ပြဿနာဖန်တီးရာတွင် မြင်ရသော ရည်ရွယ်ချက်နှင့် လျှို့ဝှက်ရည်ရွယ်ချက် စသည်ဖြင့် ရည်ရွယ်ချက် နှစ်မျိုးဖြင့် ဖန်တီးလေ့ရှိသည်။ မမြင်ရသောရည်ရွယ်ချက်က ကျွန်ုပ်တို့အမိနိုင်ငံအတွက် ပို၍အန္တရာယ်ကြီးမားသည်။ မြင်ရသောရည်ရွယ်ချက်ဆိုသည်မှာ သိသာထင်ရှားသော ရည်ရွယ်ချက်ဖြစ်ပြီး လျှို့ဝှက်ရည်ရွယ်ချက်ဆိုသည်မှာ ပရိယာယ်အမျိုးမျိုးဖြင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်ဖြစ်သည်။  ထို့ကြောင့် အမိနိုင်ငံအပေါ် ဖန်တီးထားသည့် ပြဿနာများ၏ မြင်ရသော ရည်ရွယ်ချက်နှင့် လျှို့ဝှက်ရည်ရွယ်ချက်တို့ကို  သတိပညာကြီးစွာ ဆင်ခြင်သုံးသပ် ဖော်ထုတ်ရမည်။ ဤသို့သတိပညာဖြင့်   ဆင်ခြင်သုံးသပ်ပါက ကျွန်ုပ်တို့အမိနိုင်ငံအပေါ် မည်သို့သော လျှို့ဝှက်ရည်ရွယ်ချက်များဖြင့် ပြဿနာများ ဖန်တီးနေသည်ကို   အချိန်မီဖော်ထုတ်သိရှိနိုင်သည်။

အဓိကရည်ရွယ်ချက်နှင့် သာမညရည်ရွယ်ချက်

    မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစုနှင့် နိုင်ငံအချို့သည် ကျွန်ုပ်တို့၏ အမိနိုင်ငံအပေါ်ပြဿနာ ဖန်တီးရာတွင်  အဓိကရည်ရွယ်ချက်နှင့်  သာမညရည်ရွယ်ချက်ဟူ၍ ရည်ရွယ်ချက်နှစ်မျိုးဖြင့် ဖန်တီးလေ့ရှိသည်။ အဓိကရည်ရွယ်ချက် ဆိုသည်မှာ ယင်းတို့အနေဖြင့်  မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်မည့် ရည်မှန်းချက် ပန်းတိုင်ကြီးဖြစ်သည်။ သာမညရည်ရွယ်ချက်ဆိုသည်မှာ ယင်းတို့အနေဖြင့် သာမန်မျှသာအရေးထားသည့် ရည်မှန်းချက် ပန်းတိုင်ငယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် အမိနိုင်ငံအပေါ် ဖန်တီးထားသည့် ပြဿနာများ၏ အဓိကရည်ရွယ်ချက်နှင့် သာမညရည်ရွယ်ချက်တို့ကို သတိပညာကြီးစွာ ဆင်ခြင်သုံးသပ် ဖော်ထုတ်ရမည်။  ဤသို့သတိပညာဖြင့် ဆင်ခြင်သုံးသပ်ပါက ကျွန်ုပ်တို့အမိနိုင်ငံအပေါ် မည်သို့သောအဓိက ရည်ရွယ်ချက်ဖြင့် ပြဿနာဖန်တီးနေသည်ကို အချိန်မီဖော်ထုတ်သိရှိနိုင်သည်။

ရေတိုရည်ရွယ်ချက်နှင့် ရေရှည်ရည်ရွယ်ချက်

    မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံအချို့သည် ကျွန်ုပ်တို့၏ အမိနိုင်ငံအပေါ် ပြဿနာဖန်တီးရာတွင် ရေတိုရည်ရွယ်ချက်နှင့် ရေရှည်ရည်ရွယ်ချက်စသည်ဖြင့် ရည်ရွယ်ချက်နှစ်မျိုးဖြင့် ပြဿနာဖန်တီးလေ့ရှိသည်။

ရေတိုရည်ရွယ်ချက်ဆိုသည်မှာ ကျွနု်ပ်တို့ အမိနိုင်ငံအနေဖြင့်  ပစ္စုပ္ပန်ကာလတွင် ထိခိုက်ဆုံးရှုံးမှု အမျိုးမျိုး အမြန်ဆုံးဖြစ်ပေါ်နေစေရန်ဖြစ်သည်။ ရေရှည်ရည်ရွယ်ချက် ဆိုသည်မှာ  ကျွန်ုပ်တို့အမိနိုင်ငံအနေဖြင့် နောင်အနာဂတ် ကာလတွင်မှ   ဆိုးကျိုးအမျိုးမျိုး ဖြစ်ပေါ်လာစေရန်ဖြစ်သည်။

ထို့ကြောင့်  အမိနိုင်ငံအပေါ်ဖန်တီးထားသည့် ပြဿနာများ၏ ရေတိုရည်ရွယ်ချက်နှင့် ရေရှည်ရည်ရွယ်ချက်တို့ကို သတိပညာကြီးစွာ ဆင်ခြင်သုံးသပ်ဖော်ထုတ်ရမည်။ ဤသို့သတိပညာကြီးစွာ ဆင်ခြင်သုံးသပ် ဖော်ထုတ်ပါက ကျွန်ုပ်တို့အမိနိုင်ငံ အပေါ်မည်သို့သော   ရည်ရွယ်ချက်ဖြင့် ပြဿနာဖန်တီးထားသည်ကို အချိန်မီဖော်ထုတ်သိရှိနိုင်သည်။

အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန်အကြောင်းတရား

    မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံအချို့သည်   ကျွန်ုပ်တို့၏ အမိနိုင်ငံအပေါ် ပြဿနာဖန်တီးရာတွင် အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန်အကြောင်းတရား စသည့်အကြောင်းတရား နှစ်မျိုးဖြင့် ပြဿနာဖန်တီးလေ့ရှိသည်။   အတိတ်အကြောင်းတရားဆိုသည်မှာ ရှေးယခင် အတိတ်ကာလကရှိခဲ့သည့် အငြိုးအတေးများ၊ ရန်လိုမှုများဖြစ်ကြသည်။ ပစ္စုပ္ပန်အကြောင်းတရား ဆိုသည်မှာ ယခုပစ္စုပ္ပန်ကာလတွင်မှ ဖြစ်ပေါ်လာသည့်  အငြိုးအတေးများ၊   ရန်လိုမှုများဖြစ်ကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့အမိနိုင်ငံအပေါ် ဖန်တီးထားသည့် ပြဿနာများ၏ အတိတ်အကြောင်း တရားနှင့် ပစ္စုပ္ပန်အကြောင်းတရားများကို သတိပညာကြီးမားစွာ ဆင်ခြင်သုံးသပ်ရမည်။ ဤသို့သတိပညာကြီးစွာ ဆင်ခြင်သုံးသပ်ပါက  ကျွန်ုပ်တို့အမိနိုင်ငံအပေါ် မည်သို့သောအတိတ် အကြောင်းတရားနှင့် မည်သို့သောပစ္စုပ္ပန် အကြောင်းတရားများကို အခြေခံ၍ပြဿနာများ ဖန်တီးထားသည်ကို အချိန်မီဖော်ထုတ်သိရှိနိုင်သည်။

အခြေအနေတစ်ခုအား အမြတ်ထုတ်သုံးစွဲခြင်း

    မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံအချို့သည် ကျွန်ုပ်တို့၏အမိနိုင်ငံတွင် ဖြစ်ပေါ်နေသော  အခြေအနေတစ်ရပ် သို့မဟုတ် အားနည်းချက်တစ်ရပ်ကို အမြတ် ထုတ်အသုံးချပြီး  ပြဿနာဖန်တီးလေ့ရှိသည်။ ထို့ကြောင့်  ကျွန်ုပ်တို့အမိနိုင်ငံအပေါ် ဖန်တီးထားသည့် ပြဿနာများအား ကျွန်ုပ်တို့အမိနိုင်ငံ၏ မည်သည့်အခြေအနေများကို အမြတ်ထုတ်သုံးစွဲပြီး ဖန်တီးထားသည်ကို သတိပညာကြီးစွာ ဆင်ခြင်သုံးသပ်ရမည်။ ဤသို့သတိပညာကြီးစွာ ဆင်ခြင်သုံးသပ်ပါက မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံအချို့အမြတ်ထုတ် အသုံးချနေသည့် အမိနိုင်ငံ၏ အခြေအနေများကို အချိန်မီဖော်ထုတ် သိရှိနိုင်သည်။

ပြဿနာပါဝင်ကျရောက်နေသည့် နယ်ပယ်

    မသမာသော ပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံအချို့သည် ကျွန်ုပ်တို့၏ အမိနိုင်ငံအပေါ်  ပြဿနာဖန်တီးရာတွင် ယင်းတို့၏  စိတ်ကြိုက်နယ်ပယ်များကို   ရွေးချယ်၍ ပြဿနာဖန်တီးလေ့ရှိသည်။ ဥပမာ ကျွန်ုပ်တို့ အမိနိုင်ငံ၏   နိုင်ငံရေး၊    စစ်ရေး၊ စီးပွားရေး နယ်ပယ်များကို ရွေးချယ်၍ ယင်းနယ်ပယ်များနှင့် ဆိုင်သော ပြဿနာများကို ဖန်တီးလေ့ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အမိနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများသည် မည်သည့်နယ်ပယ်များတွင် ကျရောက်နေသည်ကို သတိပညာ ကြီးစွာဆင်ခြင် သုံးသပ်ဖော်ထုတ်ရမည်။

ဤသို့သတိပညာကြီးစွာ ဆင်ခြင်သုံးသပ် ဖော်ထုတ်ပါက မသမာသော ပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံတို့အနေဖြင့် ကျွန်ုပ်တို့အမိနိုင်ငံ၏ မည်သည့်နယ်ပယ်များကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည်ဆိုသည်ကို အချိန်မီဖော်ထုတ် သိရှိနိုင်သည်။

ပြဿနာတွင် ပါဝင်နေသူများ၏ သမိုင်းကြောင်း

    မသမာသောပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစု၊ နိုင်ငံအချို့သည်  ကျွန်ုပ်တို့၏အမိနိုင်ငံအတွင်းရှိ ပြည်တွင်း သစ္စာဖောက်များနှင့် ဆက်သွယ်ကာ   ပြဿနာအမျိုးမျိုးကို ဖန်တီးလျက်ရှိသည်။  ထို့ကြောင့် ကျွန်ုပ်တို့ အမိနိုင်ငံအပေါ်   ဖန်တီးထားသော ပြဿနာများနှင့်ပတ်သက်၍ အချက်လေးချက်ကို   သတိပညာကြီးစွာ  ဆင်ခြင်သုံးသပ် ဖော်ထုတ်ရမည်။   ယင်းအချက်များမှာ ပြဿနာတွင် မည်သည့်ပြည်တွင်း သစ္စာဖောက်များ ပါဝင်နေသနည်း။ ပါဝင်ပတ်သက်နေသော ပြည်တွင်းသစ္စာဖောက်များ၏ အတိတ်သမိုင်းကြောင်း မည်သို့ရှိခဲ့သနည်း။ ပြည်တွင်းသစ္စာဖောက်များသည် ကျွန်ုပ်တို့အမိနိုင်ငံအပေါ် မည်ကဲ့သို့ သောသဘောထားမျိုးရှိပြီး   မည်ကဲ့သို့ရပ်တည်နေကြသနည်း။  ပြည်တွင်းသစ္စာဖောက်များသည် မည်ကဲ့သို့ရှင်သန်ရပ်တည်ပြီး  မည်သည့်ပြည်ပ အင်အားစုများ၏ သြဇာခံအဖြစ် ရောက်ရှိနေကြသနည်းဆိုသည့် အချက်များကို သတိပညာကြီးစွာ ဆင်ခြင်သုံးသပ်ရမည်။ ဤအချက်များကို သတိပညာကြီးစွာ ဆင်ခြင်သုံးသပ်ပါက ကျွန်ုပ်တို့၏အမိနိုင်ငံတွင်  ဖြစ်ပေါ်နေသော ပြဿနာများ၏ မမြင်ရသောလျှို့ဝှက်အပိုင်းကို မှန်ကန်စွာ ထိုးထွင်းသိမြင်နိုင်မည်ဖြစ်သည်။

ဝီရိယစွမ်းအားကိုအသုံးချရမည့်အပိုင်း

    ဝီရိယစွမ်းအားကို အသုံးချရမည့်အပိုင်းဆိုသည်မှာ ဤသို့ဖြစ်သည်။ ကျွန်ုပ်တို့အမိနိုင်ငံ၏  ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကို သတိပညာဖြင့် ဆင်ခြင်သုံးသပ်သည့်အခါ ကြီးစွာသော အသိတရားနှင့်  သတိတရားဖြစ်ပေါ်လာသည်။ ယင်းသို့ဖြစ်ပေါ်လာသောအသိနှင့်  သတိတရားကြောင့်   ယခုပစ္စုပ္ပန်တွင် အမြန်ဆုံးအရေးယူ ဆောင်ရွက်ရမည့်   အချက်များကို လည်းကောင်း၊ အနာဂတ်ကာလအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များကို လည်းကောင်း မှန်ကန်စွာသိရှိလာသည်။   ဤသို့သိရှိသည့်အတိုင်း ဝီရိယကြီးမားစွာ ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။  အောက်ဖော်ပြပါ အချက်များကို ဝီရိယကြီးမားစွာ ဆောင်ရွက်ရမည်။

ပစ္စုပ္ပန်ကာလကို သတိပညာဖြင့်ဆင်ခြင်        

    ကျွန်ုပ်တို့အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကို သတိကြီးမားစွာ ဆင်ခြင်သုံးသပ်ပြီး အဖိုးတန်သတင်း အချက်အလက်များကို မပြတ်ဖမ်းယူနေရမည်။ ဖမ်းယူရရှိသော သတင်းအချက်အလက်များကို ပညာဖြင့် အစဉ်မပြတ် ဆင်ခြင်သုံးသပ်နေရမည်။ ဤသို့ဆင်ခြင် သုံးသပ်သည့်အခါ အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကို အရှိအတိုင်း   အမှန်အတိုင်း သိမြင်လာသည်။

ဤသို့ အမှန်အတိုင်းသိမြင်လာမှုကြောင့် ပစ္စုပ္ပန်ကာလတွင်   အမိနိုင်ငံအတွက် မည်သည့်အရာများကို  အဓိကထား၍ မပျက်မကွက် လုပ်ဆောင်ရမည်ဆိုသည်ကို ထိုးထွင်းသိမြင်သည်။ ဤသို့ ထိုးထွင်းသိမြင်သည့်အတိုင်း ဝီရိယကြီးစွာ မပျက်မကွက် ကြိုးပမ်းဆောင်ရွက်သည်။

အနာဂတ်ကို ကြိုတင်မြော်တွေးဆင်ခြင်

    ကျွန်ုပ်တို့အမိနိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေ အရပ်ရပ်ကို  မှန်ကန်ပြည့်စုံစွာ သိရှိပြီးသည်နှင့်တစ်ပြိုင်နက်  အမိနိုင်ငံ၏အနာဂတ် ဖြစ်တန်ရာခြေအမျိုးမျိုးကို   အသိသတိကြီးမားစွာ ကြိုတင်မြော်တွေးရမည်။ ဤကဲ့သို့ ကြိုတင်မြော်တွေးပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဝီရိယကြီးမားစွာ မပျက်မကွက် ကြိုးပမ်းလုပ်ဆောင်ရမည်။ ဤသို့ကြိုးပမ်းဆောင်ရွက်ပါက အနာဂတ်ကာလအတွက်  ကျွန်ုပ်တို့ကကြိုတင်၍ အသင့်အနေအထားတွင် ရောက်ရှိနေပြီးဖြစ်သည်။

အတွေ့အကြုံတိုင်းထံမှ သင်ခန်းစာများရယူအတွေ့အကြုံသည်  အကောင်းဆုံးသော ဆရာဖြစ်သည်ဟူ၍ အဆိုရှိသည်။

ကျွန်ုပ်တို့၏ အမိနိုင်ငံအပေါ် ဖန်တီးထားသော ပြဿနာများကို  ရင်ဆိုင်ဖြေရှင်းနေခြင်းသည် အတွေ့အကြုံအမျိုးမျိုးကို ရယူနေခြင်းသဘောဖြစ်သည်။  အတွေ့အကြုံဆိုသည်မှာ   ခံစားရုံသက်သက်မဟုတ်၊ ဘဝသင်ခန်းစာအမျိုးမျိုး၊ အသိပညာ အမျိုးမျိုး ဖော်ထုတ်ရယူရာနေရာဖြစ်သည်။

ထို့ကြောင့်  ကျွန်ုပ်တို့အမိနိုင်ငံအပေါ်  ဖန်တီးထားသော    ပြဿနာများကို ဖြေရှင်းရင်း  ဘဝသင်ခန်းစာ အမျိုးမျိုးကိုရယူကြရမည်။ 

ထို့ပြင် သဘောတရား၊  နိယာမစသည့်  အသိပညာရပ်များကိုလည်း ဝီရိယကြီးမားစွာ ဖော်ထုတ်ရယူနေကြရမည်။  ဤသို့  ဝီရိယကြီးမားစွာ ဖော်ထုတ်ရယူနေပါက ကျွန်ုပ်တို့၏ ဉာဏစွမ်းရည်မြင့်မားလာမည်။ ဉာဏစွမ်းရည် မြင့်မားလာပါက အမိနိုင်ငံအပေါ် ဖန်တီးထားသော  ပြဿနာမှန်သမျှကို  အောင်မြင်စွာ ဖြေရှင်းအနိုင်ယူနိုင်မည်။

အသိပညာဗဟုသုတများကို ကြိုးပမ်းရှာဖွေ

    အသိပညာဗဟုသုတများကို ဝီရိယကြီးမားစွာ စဉ်ဆက်မပြတ်ရှာဖွေ စုဆောင်းနေခြင်းသည် ကျွန်ုပ်တို့၏ ဉာဏစွမ်းရည်ကို မြင့်မားအောင် မြှင့်တင်ပေးနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံနှင့်လူမျိုး၏ အဆင့်အတန်းကို မြင့်မားအောင်မြှင့်တင်ပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ဝီရိယကြီးမားစွာ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် ရှာဖွေစုဆောင်းနေကြရမည်။ ဤသို့ ဝီရိယကြီးမားစွာ စဉ်ဆက်မပြတ် ရှာဖွေစုဆောင်းနေပါက ကျွန်ုပ်တို့၏ဉာဏစွမ်းရည်မြင့်မားလာမည်။ ဉာဏစွမ်းရည် မြင့်မားလာပါက အမိနိုင်ငံအပေါ် ဖန်တီးထားသော ပြဿနာများ၏ မမြင်ရသော လျှို့ဝှက်အပိုင်းကို ကျွန်ုပ်တို့ကမှန်ကန်စွာ ထိုးထွင်းသိမြင်သည်။ အမိနိုင်ငံအပေါ်လိမ်ညာမှု၊ လှည့်စားမှု၊ ပရိယာယ်ဆင်မှု အမျိုးမျိုးတို့နှင့် ပတ်သက်၍  အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်ပြီး အောင်မြင်စွာ အနိုင်ယူနိုင်သည်။

စည်းလုံးညီညွတ်မှုအားကို တည်ဆောက်ညီညွတ်ခြင်းသည် အင်အား၊ စည်းလုံးညီညာအောင်ကြောင်းဖြာဟူသော အဆုံးအမရှိသည်။

ယခုအချိန်တွင် မသမာသော ပုဂ္ဂိုလ်၊ အုပ်စု၊ နိုင်ငံအချို့ ကျွန်ုပ်တို့အမိနိုင်ငံအလုံးစုံ ပျက်သုဉ်းအောင် ပြဿနာမျိုးစုံ ဖန်တီးနေသည်။ ဤသို့သော အချိန်အခါမျိုးတွင် ကျွန်ုပ်တို့နိုင်ငံသား အားလုံးသည် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နေထိုင်ကြရမည်။  အဘယ်ကြောင့်ဆိုသော် ယင်းတို့၏ အဖျက်အမှောင့် လုပ်ရပ်အားလုံးကို အနိုင်ယူချေဖျက်ပစ်နိုင်ရန်မှာ ကျွန်ုပ်တို့အားလုံး စည်းလုံးညီညွတ်မှု ရှိနေရန် လိုအပ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်  ကျွန်ုပ်တို့နိုင်ငံသား အားလုံးက သတိ၊ ပညာ၊ ဝီရိယကို အခြေခံထားပြီး   ပြည်တွင်းစည်းလုံး ညီညွတ်မှုအားကို  တည်ဆောက်ကြရမည်။ ပြည်တွင်းစည်းလုံး ညီညွတ်မှုအားကို   တည်ဆောက်နိုင်မှသာ  ကျွန်ုပ်တို့အမိနိုင်ငံအပေါ် တိုက်ခိုက်ဖျက်ဆီးမှု၊   ထိန်းချုပ်လွှမ်းမိုးမှု မှန်သမျှကို  အောင်မြင်စွာ ရင်ဆိုင်အနိုင်ယူနိုင်မည်ဖြစ်သည်။

သတိ၊ ပညာ၊ ဝီရိယသည်သာ အားကိုးရာ ယခုအခါ ပြည်တွင်းသစ္စာဖောက်ပုဂ္ဂိုလ်၊ အုပ်စု၊ အင်အားစုများသည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကာ ကျွန်ုပ်တို့အမိနိုင်ငံ အလုံးစုံပျက်သုဉ်းရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ဤကဲ့သို့သော အခြေအနေနှင့် အချိန်အခါမျိုးတွင်ကျွန်ုပ်တို့ နိုင်ငံသားများ  ဆောင်ရွက်ရမည့် တစ်ခုတည်းသော အဓိကအချက်မှာ ကျွန်ုပ်တို့၏ သတိ၊ ပညာ၊   ဝီရိယဟူသောစွမ်းအား သုံးရပ်ဖြင့် အစဉ်ပြုမူနေထိုင်သွားကြရန် လိုသည်။ သို့မှသာ ကျွန်ုပ်တို့၏  အတွေးအခေါ်၊   အယူအဆ၊ အသိအမြင်များ မြင့်မားလာမည်။ အရည်အချင်းနှင့် စွမ်းဆောင်ရည်များ မြင့်မားလာမည်။ အမြော်အမြင်ရှိစွာ    စည်းစည်းလုံးလုံး နေထိုင်မှုကြောင့်   ပြည်တွင်းစည်းလုံး ညီညွတ်မှုအား မြင့်မားလာမည်။ ဤသို့အတွေးအခေါ်၊ အယူအဆ အသိအမြင်များမြင့်မားလာမှု၊ အရည်အချင်းနှင့် စွမ်းဆောင်ရည်များ မြင့်မားလာမှု၊ ပြည်တွင်းစည်းလုံး ညီညွတ်မှုအား မြင့်မားနေမှု စသည့်အချက်များကြောင့်  ကျွန်ုပ်တို့အမိနိုင်ငံ  အလုံးစုံမပျက်သုဉ်းဘဲ    အလုံးစုံတိုးတက် အောင်မြင်မည်။ ကမ္ဘာတည်သရွေ့ ကျွန်ုပ်တို့   အမိနိုင်ငံဆက်လက် တည်တံ့ခိုင်မြဲမည်။

ထို့ကြောင့်  ကျွန်ုပ်တို့အမိနိုင်ငံ    တိုးတက်အောင်မြင်ရေး၊ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေရေးအတွက် ကျွန်ုပ်တို့အားလုံး အချိန်တိုင်းသတိ၊ ပညာ၊ ဝီရိယစွမ်းအားသုံးရပ်ဖြင့်  နေထိုင်သွားကြပါစို့ဟုဆန္ဒပြုရင်း    နိဂုံးချုပ်အပ်ပါသည်။   ။