ကလေးအလုပ်သမားများ မရှိစေရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကာကွယ်ပေး
မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးကို ကိုဗစ်-၁၉ ရောဂါဆိုး ဝင်ရောက်မွှေနှောက် ခဲ့မှုကြောင့် လူသားထုတစ်ရပ်လုံး ဖရိုဖရဲဖြစ် ခဲ့ရသည်။ အဆိုပါကမ္ဘာ့ကပ် ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအတော်များများ၌ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးများ သိသိသာသာ ထိခိုက်ခဲ့ရသည်။ နောက်ဆက်တွဲဆိုးကျိုး တစ်ခုအနေဖြင့် အသက် ၁၈ နှစ်အောက် ကလေးများ စာသင်ခန်း၌ ပညာမသင်ကြား နိုင်ကြဘဲ မိသားစုစားဝတ်နေရေးကို ပခုံး ထမ်းနေကြရသဖြင့် တချို့ကလေးများမှာ လမ်းပျော်များ ဖြစ်နေကြသည်ကိုလည်း တွေ့နေရသည်။
ကလေးဦးရေ ၁၀၀ တွင် ကိုးဦးမှာ အလုပ်သမားများဖြစ်နေကြပြီး တချို့ ကလေးများကလည်း အန္တရာယ်ကိုပင် မမှု တော့ဘဲ မိသားစု စားဝတ်နေရေးကို ပံ့ပိုး လိုစိတ်ဖြင့် အလုပ်လုပ်ကိုင် နေကြရသည်။
မြန်မာနိုင်ငံ၌ ကလေးဦးရေ ၁၂ သန်း ကျော်တွင် ၁ ဒသမ ၁ သန်းကျော်မှာ ကလေးအလုပ်သမားများ ဖြစ်နေသည်ကိုလည်း ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည် ဖော်နေကြသူများ ၏ မှတ်တမ်းပြုစုထားမှု အရ သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးကို အကျိုးပြု နိုင်မည့် လုပ်ငန်းစဉ်များနှင့်အတူ လူမှုဘ၀ အကာအကွယ်များနှင့် ပံ့ပိုးမှုများပေးနိုင် ရန် မဖြစ်မနေလိုအပ်လာသည်။ ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ အားနည်းနေသည်ဟု မှတ်ယူပြီး ဖြည့်ဆည်းကြရန်လိုသည်။ ယင်းအတွက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် (၂၀၁၉-၂၀၂၃) ကို အကောင်အထည်ဖော်၍ လုပ်ငန်းကော်မတီများ ဖွဲ့စည်းလုပ်ကိုင်နေပြီဖြစ်သည်။
နိုင်ငံတော်မှ တာဝန်ရှိသူများ ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားရေး ကော်မတီကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က အမိန့်ကြော်ငြာစာအမှတ် (၃၅၈^၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာ၍ စတုတ္ထအကြိမ်မြောက် အစည်းအဝေး၌ ဆုံးဖြတ်ချက်များချမှတ်ကာ အကောင် အထည်ဖော် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာ၌ (၂၀၁၉-၂၀၂၃) စီမံကိန်းကာလတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ပါ ဆောင်ရွက်ပြီး ရည်မှန်း ချက် ခြောက်ရပ်ကို အကောင်အထည် ဖော်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်များမှာ-
- နှစ်တိုငါးနှစ်စီမံကိန်းကို ခိုင်မာတိကျ သော အခြေခံအချက်များကောက်ယူခြင်း
- အသိပညာပေးခြင်းနှင့် စွမ်းဆောင် ရည်မြှင့်တင်ခြင်း
- ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ပညာသင်ခွင့် အခွင့်အလမ်းများဖန်တီးခြင်း
- ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှု နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ကို ပိုမိုအားကောင်းလာစေခြင်း
- အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံ နေရသော ကလေးအလုပ်သမားများကို ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း
- မိသားစုများအတွက် ပိုမိုကောင်းမွန် သော အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်အခွင့်အလမ်းများရှိစေခြင်းတို့ဖြစ်သည်။
ယင်းရည်မှန်းချက် ခြောက်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ကို အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
လူသားများအနေဖြင့် လူမှုဘဝကို နေ့ စဉ် ရုန်းကန်နေကြရမည်ဖြစ်သော်လည်း အများစုမှာ ဆင်းရဲမှုဒဏ်ကို ခံစားနေကြရ၍ ကလေးငယ်များ ဘဝသည်လည်း ဆင်း ရဲမှုဒဏ်ကို ခံစားနေကြရ၏။ ထို့ကြောင့် ဆင်းရဲမှုလျှော့ချခြင်းနှင့် လူသားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်စေမှုတို့သည် သူတို့ ဘဝအတွက် စိန်ခေါ်မှုသဖွယ်ဖြစ်နေ၏။ ထိုသို့မညီမျှမှုများနှင့် ဘဝအရေးကို ဖြေ ရှင်းရန်မှာ ပူးပေါင်းလက်တွဲမှုနှင့်အတူ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် လက်ခံ ပြီး ကလေးအလုပ်သမားများအရေးကို ကာကွယ်ပေးနိုင်ရန်လိုသည်။ ယင်းအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ကျွမ်းကျင် မှုနှင့် အလုပ်အကိုင်ရရှိမှုမြှင့်တင်ပေးခြင်း၊ လူငယ်များ အလုပ်အကိုင် ရရှိရေးအလေး ထားဆောင်ရွက်ခြင်း၊ ဘေးကင်းသည့် ရွှေ့ပြောင်းလုပ်ကိုင်မှုရှိခြင်း ဟူသော မူဝါဒများကို ဦးစားပေးလုပ်ငန်းအဖြစ် အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းအတိုင်းအတာကို ကြည့် ၍ စစ်တမ်းကောက်ယူခဲ့ရာ နိုင်ငံတစ်နိုင်ငံ ၌ ဆင်းရဲမှု ၁ ရာခိုင်နှုန်းတိုးလာသည်နှင့် အမျှ ကလေးအလုပ်သမား ၈ ဒသမ ၇ ရာခိုင်နှုန်းရှိလာမည်ဖြစ်ပြီး ကလေး ၁၀ ဦးတွင် တစ်ဦးမှာ ကလေးအလုပ်သမား ဖြစ်နေနိုင်သည်။
စစ်တမ်းစာရင်းအရ ၂၀၁၆ ခုနှစ်က ကမ္ဘာပေါ်၌ ကလေးအလုပ်သမား ၁၅၂ သန်းခန့်သာရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် တွင် သန်းပေါင်း ၁၆၀ အထိရှိလာသည်။ လေးနှစ်တာကာလအတွင်း ကလေးအလုပ် သမား ရှစ်သန်းကျော် တိုးလာပြီး ယင်းတို့ အနက် ၆ ဒသမ ၉ သန်းခန့်သည် အန္တရာယ် ရှိသော လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေ ကြရကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ ၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်း ကလေးအလုပ် သမား ၈ ဒသမ ၉ သန်းနီးပါးရှိလာပြီး ပိုမိုများပြားလာသည်ကိုတွေ့ရသည်။
သို့ပါ၍ ကလေးအလုပ်သမားတိုးပွား လာမှုကို ထိန်းချုပ်နိုင်ရန် ပြည့်စုံသည့် လူမှုအကာအကွယ်ရှိခြင်း၊ ဆင်းရဲသော မိသားစုများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးခြင်း၊ အရွယ်ရောက် ပြီးသူများအတွက် သင့်လျော်သော အလုပ် အကိုင်များပေးခြင်း၊ စာသင်ကျောင်းများ သို့ ကလေးငယ်များအားလုံး ရောက်ရှိပညာ သင်ကြားစေခြင်း စသောလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ကြရမှာဖြစ်ပြီး လုပ်ငန်းကဏ္ဍများအလိုက် ပူးပေါင်းဆောင် ရွက်ကြမှသာ ကလေးအလုပ်သမား များပြားလာခြင်းကို ဟန့်တားနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားရေး ကော်မတီ၏လုပ်ဆောင်ချက်များတွင် မိဘ ပြည်သူများပါ ပူးပေါင်းပါဝင်ကြရန်လို သည်။ လုပ်ငန်းစီမံချက် ကာလတိုစီမံကိန်း များဆောင်ရွက်နေခြင်းကိုလည်း သက်ဆိုင် ရာ ကော်မတီများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ချိတ်ဆက်၍ အလေးထား ဆောင်ရွက်ကြရန်လိုသည်။ သို့မှသာ ကလေးများဘ၀ အခြေတကျဖြစ်လာမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာကြီး၌ ကလေးအလုပ်သမား ပပျောက်သွားမှသာ ကလေးများဘ၀ အနာဂတ်ကောင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ကလေးများရှိရာ နိုင်ငံများ၏အနာဂတ် လှပစည်ပင်ဖွံ့ဖြိုး စေရန် ကလေးအလုပ်သမား မရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။ ။