မြန်မာအသင်းပါဝင်ယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲကို မန္တလေးမြို့၌ကျင်းပရန်လျာထား

မန္တလေး၊ ဘောလုံး

မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမ အဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို မန္တလေးမြို့၌ကျင်းပရန် လျာထားကြောင်း    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အောက်တိုဘာလက ၂၀၂၂ အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲများအတွက်  အိမ်ရှင်နိုင်ငံများ ရွေးချယ်ခဲ့ရာ မြန်မာအသင်းယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များကို   မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားခြင်း ဖြစ်သည်။

ပထမအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံအပါအဝင် သြစတြေးလျ၊ တရုတ်၊ လာအို၊ တရုတ် (တိုင်ပေ)၊ မွန်ဂိုလီးယား၊  စင်ကာပူနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က အိမ်ရှင်အဖြစ်  လက်ခံကျင်းပ ခွင့်ရရှိထား သည်။

“အာရှဖလား  ယူ-၂၀  အမျိုးသမီးခြေစစ်ပွဲကို မန္တလေးမြို့မှာ ကျင်းပဖို့ လျာထားပါတယ်။ ပြိုင်ပွဲကိုတော့ ၂၀၂၁ ခုနှစ်မတ်လအတွင်းမှာ ကျင်းပဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတယ်။ လက်ရှိ တော့ အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့ ယူ-၁၇ နဲ့ ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနှစ်ခုမှာ ယူ-၂၀ ပြိုင်ပွဲကို မန္တလေးမြို့မှာ ကျင်းပဖို့လျာထားပြီး ယူ-၁၇ ပြိုင်ပွဲကျင်းပဖို့ကိုတော့ မသတ်မှတ်ရသေးဘူး”ဟု ၎င်းကပြောသည်။

အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ၂၀၂၁ ခုနှစ် မတ် ၁၃ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ရာ အသင်းပေါင်း  ၃၄ သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုရှစ်ခုစီခွဲ၍ ကျင်းပမည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲများကို သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယခင်က အာရှယူ-၁၉    အမျိုးသမီး ပြိုင်ပွဲအဖြစ် ကျင်းပလေ့ရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် သက်တမ်းတစ်နှစ်တိုးမြှင့်၍ ယူ-၂၀ ပြိုင်ပွဲ အဖြစ် ပြောင်းလဲကျင်းပခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲကို နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး   ၂၀၀၂  ခုနှစ်၊ ၂၀၀၇ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ခြေစစ်ပွဲအဆင့် အောင်မြင်ခဲ့သည်။

ကိုရဲ