နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်သူများအား ယနေ့တွင်မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ် နိုင်ငံသို့လွှဲပြောင်းပေးခဲ့မှု အခြေအနေများ၊ ၁၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်န

နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်သူများအား ယနေ့တွင်မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ် နိုင်ငံသို့လွှဲပြောင်းပေးခဲ့မှု အခြေအနေများ၊ ၁၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုအခြေအနေများအား နိုင်တော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြော ကြားချက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၉

          ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက် နေထိုင်တဲ့သူတွေကို ဥပဒေနဲ့အညီဆောင်ရွက်ပြီး လွှဲပြောင်းပေးတဲ့အခြေအနေတွေ ရှိပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား (၉၃၅)ဦး၊ အမျိုးသမီး (၈၂)ဦး၊ စုစုပေါင်း(၁၀၁၇)ဦးကို ဥပဒေနဲ့အညီစစ်ဆေးပြီးတော့ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ပြောလိုပါတယ်။

          တိုက်ပွဲဖြစ်စဉ်တွေအနေနဲ့ကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ နမ့်စလပ်မှာရှိတဲ့ လုံခြုံရေးနေရာတွေကို Drone နဲ့ Drop Bomb တွေ တော်တော် များများ လာချခဲ့တာရှိပါတယ်။ နမ့်ခမ်းမှာလည်း ထိတွေ့တိုက်ပွဲရှိခဲ့ပါတယ်။ ရခိုင် ပြည်နယ်ဘက်မှာတော့ ထရွန်အိုင်စခန်းကိုလာရောက်ပစ်ခတ်ခဲ့တာရှိတယ်။ နယ်ခြားစောင့်ရဲတွေ အခြေပြုတဲ့ အလယ်သံကျော်ရဲ့တောင်ဖက် ကိုးတန်ကောက် စခန်းကို လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ ကယားပြည်နယ်မှာတော့ လွိုင်ကော် အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ဒီနေရာမှာ ထူးခြားချက် ကတော့ ပထမဦးဆုံး ရခိုင်ပြည်နယ်ထဲမှာ အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ ထရွန်အိုင်၊ နုန်းဘူး စတဲ့အဲဒီစခန်းတွေက မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်း ဖောက်နေတဲ့ ကုလားတန်မြစ်ဘက်စုံစီမံကိန်းလုပ်နေတဲ့ လုံခြုံရေးစခန်းတွေဖြစ်ပါ တယ်။ AA အနေနဲ့ ဒီနေရာတွေကို အဓိကထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားဖြစ်‌စေတဲ့ အကြောင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနယ်မြေကအဓိကအားဖြင့် ချင်း တိုင်းရင်းသားမျိုးနွယ်စုတွေ ခူမီးတိုင်းရင်းသားမျိုးနွယ်စုနေတဲ့နေရာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပလက်ဝနဲ့ပလက်ဝမြောက်ဘက်ဒေသတွေမှာ နေထိုင်တဲ့ဒေသခံ တွေ အနေနဲ့ကလည်း AA ကို အထူးဆန့်ကျင်ရှုတ်ချကြောင်း ပြောကြားလာ တာတွေရှိပါတယ်။

          အဓိကကတော့ အဲဒီနယ်မြေမှာဖွံ့ဖြိုးတိုးတက်မှုမရှိအောင်၊ အဲဒီ နယ်မြေပိတ်ဆို့အောင် အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ တိုင်းရင်းသားအချင်းချင်း နှိပ်ကွပ်ဖို့အတွက်ဆောင်ရွက် နေတာမျိုးဖြစ်ပါတယ်။ ဒါတွေကိုတော့ ကျွန်တော်တို့ အနေနဲ့ ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နောက် တစ်ခုကတော့ ကျွန်တော်မနေ့ကပြောခဲ့တဲ့ နမ့်ခမ်းမှာဆိုရင် ကာကင်းကုန်းကို လာရောက်တိုက်ခိုက်ခဲ့တယ်။ တပ်မတော်ကပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက် TNLA အနေနဲ့ အကျအဆုံးများစွာရှိခဲ့တယ်။ တော်တော်လေး အကျအဆုံးများ ပါတယ်။  ထုံးစံအတိုင်းပါဘဲ သူတို့အကျအဆုံးရှိပြီဆိုရင် အရင်တုန်းကသုံးနေကျ အတိုင်းဘဲ အသံထွက်လာပါတယ်။ အဆိပ်ဓာတ်ငွေ့နဲ့တိုက်ခိုက်တယ် ဆိုတာမျိုး တွေ ပြောလာကြတာကို တွေ့ရပါတယ်။ နမ့်စလပ်မှာရှိနေတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နမ့်ခမ်းမှာရှိနေတဲ့ ရှေ့တန်းလုံခြုံရေးစခန်းတွေအနေနဲ့ ရန်သူကိုရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ပြီး တန်ပြန်ချေမှုန်းခဲ့တဲ့အတွက် ရန်သူ့ဘက်မှာအကျအဆုံးများစွာ ရှိပါ တယ်။

          ဒီအတွက်လည်း ရန်သူကိုကြံ့ကြံ့ခံ ခုခံတိုက်ခိုက်ပြီး တန်ပြန်တိုက်စစ် ဆင်နွဲခဲ့တဲ့ အရာရှိ၊ စစ်သည်၊ ရဲမေ အားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော် အကြီးအကဲများအားလုံးက အသိအမှတ်ပြုဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ တပ်မတော်အနေနဲ့ ကျူးကျော်သူတွေရဲ့ ကျူးကျော်စစ်ကို  တန်ပြန်ချေမှုန်း နေတာဘဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နယ်မြေဒေသများလုံခြုံရေး တို့အတွက် အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါတယ်။ အခုအချိန်မှာလည်း ဒီတာဝန်ကို ထမ်းဆောင်လျှက်ရှိပါတယ်။ သမိုင်းပေးတာဝန်တွေကျေပွန်ခဲ့တဲ့ တပ်မတော်အနေနဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း နိုင်ငံတော်အမြန်ဆုံးပြန်လည် တည်ငြိမ်အေးချမ်းအောင်၊ သောင်းကျန်းသူအဖျက်သမားတွေကို အမြန်ဆုံးချေမှုန်း နိုင်အောင် ဆောင်ရွက်လျှက်ရှိကြောင်း ပြောလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါ တယ်။