Joy Masters 8 Ball ဖိတ်ခေါ်ပြိုင်ပွဲ၌ ဘုန်းမြင့်ကျော် ၃၂ ဦး ရှုံးထွက်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

ရန်ကုန်၊ Pool

တရုတ်နိုင်ငံ၌ နိုဝင်ဘာ ၁၂ ရက်မှ ၂၀ ရက်အထိကျင်းပသည့် Joy Masters 8 Ball ဖိတ်ခေါ်ပြိုင်ပွဲ၌  မြန်မာ့ လက်ရွေးစင်  Pool  ကစားသမား  ဘုန်းမြင့်ကျော်သည်  ၃၂ ဦး ရှုံးထွက်အဆင့်တွင် ပြိုင်ဘက် တရုတ်ကစား သမားကိုရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ဘုန်းမြင့်ကျော်သည်   ယင်းပြိုင်ပွဲကို လက်ရည်စစ်ပွဲအဆင့်မှ   ယှဉ်ပြိုင်ခဲ့ရပြီး လက်ရည်စစ်ပွဲအောင်မြင်ခဲ့ကာ ၆၄ ဦးရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ၆၄ ဦးရှုံးထွက်အဆင့်ကို   ဖြတ်ကျော်နိုင်ခဲ့သော်လည်း ၃၂ ဦး ရှုံးထွက်အဆင့်၌ ပြိုင်ဘက် တရုတ်ကစားသမားကို (၇-၉) ပွဲဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် မူလက နိုဝင်ဘာ ဒုတိယပတ်တွင် Elite Tour နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ရ မည်ဖြစ်သော်လည်း ပြိုင်ပွဲကာလ နောက်ဆုတ်ခဲ့သည့်အတွက် Joy Masters 8 Ball ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ၌ ချန်ပီယံဖြစ်သည့် ကစားသမားကို ငွေကျပ် သိန်း ၂၀၀ နှင့်ညီမျှသည့်ပမာဏ ချီးမြှင့်ခဲ့သည်။ Joy Masters 8 Ball ဖိတ်ခေါ်ပြိုင်ပွဲကို လစဉ်ကျင်းပနေခြင်းဖြစ်ပြီး ဘုန်းမြင့်ကျော်သည် စက်တင်ဘာလနှင့် အောက်တိုဘာလတို့အတွင်းက ကျင်းပခဲ့သည့် Joy Masters ပြိုင်ပွဲနှစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့်ပွဲစဉ်တွင် ၁၆ ဦးရှုံးထွက်အဆင့်၊ အောက်တိုဘာအတွင်းက  ကျင်းပ ခဲ့သည့် ပွဲစဉ်တွင် ၃၂ ဦးရှုံးထွက်အဆင့်တို့ဖြင့်သာ ကျေနပ်ခဲ့ရသည်။                     

 ကိုရဲ