ကလေးသူငယ်များ ဘဝသာယာရေး ကောင်းစွာ ဖြည့်ဆည်းစောင့်ရှောက်ပေး

ကလေးသူငယ်များ ဘဝသာယာရေး ကောင်းစွာ ဖြည့်ဆည်းစောင့်ရှောက်ပေး

(ကမ္ဘာ့ကလေးများနေ့ ဂုဏ်ပြုဆောင်းပါး)

 

    ကလေးသူငယ်အရွယ်ဟူသည် မိဘအုပ်ထိန်းသူတို့၏ ပြုစုစောင့်ရှောက် မြေတောင်မြှောက်ပေးမှုကို ခံယူရသော ကာလအပိုင်းအခြားဖြစ်သည်။ ထိုသို့ ထိန်းသိမ်းစောင့်ရှောက်မှုကို ကောင်းစွာ ခံယူရရှိသော ကလေးသူငယ်များသည် ဘဝခရီးတစ်လျှောက်လုံး၌ အဆင်ပြေညီညွတ်စွာ  ရှင်သန်ရပ်တည်ကျော်ဖြတ် နိုင်စွမ်းရှိကြသည်။ ကလေးသူငယ်ဘဝသည် အချိန်တန်လျှင်စားမည်၊ ကစားမည်၊ အိပ်မည်၊ သင်ယူမည်ဖြစ်ပြီး အပူအပင်ကင်းသည့်အတွက် အပူအပင်ကင်းသည့် ကလေးဘဝကို ပြန်လည်တသအောက်မေ့ကြသူ များစွာရှိသည်။သို့ရာတွင် ကလေးသူငယ်တိုင်း ထိုသို့အပူအပင်ကင်းစွာ နေထိုင်ဖြတ်သန်းရသည် မဟုတ်ပေ။ အခြေအနေ အကြောင်းကြောင်းကြောင့် အရွယ်နှင့်မမျှအောင် ဒုက္ခမျိုးစုံ ခံစားနေရရှာသော  ကလေးသူငယ် အမြောက်အမြားရှိသည်။

ထို့ကြောင့် အနာဂတ်၏ အခြေခံစွမ်းအားများဖြစ်ကြသော ကလေးသူငယ်တိုင်း ဘဝသာယာရေးအတွက် သက်ဆိုင်သူများအပါအဝင် အားလုံးကကောင်းစွာ ဖြည့်ဆည်းစောင့်ရှောက်ပေးရန် အထူးလိုအပ်သည်။

ကလေးသူငယ်အရွယ်ဟု ဆိုလိုက်သည်နှင့် မြန်မာမှုအရ  အပိုင်းအခြား နှစ်ရပ်တွေ့ရသည်။ မြန်မာမှုအရ မွေးစမှအသက်ရှစ်နှစ်ပြည့်သည်အထိ ရှေးဦးအရွယ်ကလေးသူငယ်ဟု သတ်မှတ်ပြီး ဆက်လက်၍ အသက် ၁၈ နှစ်မပြည့်သေးသောသူကို ကလေးသူငယ်အဖြစ် သတ်မှတ်သည်။ ထိုအပိုင်းအခြားနှစ်ရပ်အား ဆက်စပ်ကြည့်သော် မွေးစမှ အသက် ၁၈ နှစ်မပြည့်သေးသူအားလုံးသည်    ကလေးသူငယ်များဖြစ်ကြသည်။

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဆိုသည်မှာ ကလေးမမွေးဖွားမီ မိခင်၏ ကျန်းမာရေး၊ အာဟာရပြည့်ဝရေးကို သေချာစွာ  ဂရုစိုက်ခြင်း၊ မွေးဖွားလာသည့် ကလေးကို  ကောင်းစွာပြုစု စောင့်ရှောက်ထိန်းသိမ်းခြင်းဖြစ်သည်။

ကလေးကိုကိုယ်ဝန်ဆောင်စဉ် ကာလအပါအဝင် ကလေးအသက်နှစ်နှစ်အထိ ကာလအပိုင်းအခြားတွင် မိခင်များ   အာဟာရပြည့်ဝစွာ စားသောက်ရေး၊ အစားမရှောင်ရေး၊ မွေးစမှခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ    တိုက်ကျွေးရေး၊ အသက်ခြောက်လကျော်မှစ၍ မိခင်နို့အပြင် ဖြည့်စွက်စာကိုပါ မှန်မှန်ကန်ကန် အာဟာရပြည့်ဝစွာ ကျွေးမွေးတတ်ရေး လိုအပ်သည်။ အသက်ခြောက်လမှ တစ်နှစ်အရွယ်

ကလေးများသည် ကိုယ်၊စိတ် ဖွံ့ဖြိုးတိုးတက်မှုအပြင် ဘာသာစကားဖွံ့ဖြိုးမှု ပါရှိလာသည်။မပီမသ စကားပြောအသံ ထွက်လာပြီး တစ်နှစ်ပြည့်ခါနီးတွင် စကားသံပို၍ ပီပြင်လာသည်။ စကားတတ်မြန်ရန် နှုတ်တိုက်ပြောဆို သင်ကြားပေးသင့်သည်။

အသက်တစ်နှစ်မှ နှစ်နှစ်အရွယ် ကလေးငယ်များသည် ရှာဖွေလေ့လာ စူးစမ်းမှုပြုလာကြသည်။ စဉ်းစားတတ်လာပြီး နားထောင်ခြင်း၊ ပြန်ပြောခြင်းများပြုကြသည်။ တွေးခေါ်မှု ပိုမိုရင့်သန်လာ၍ ထိုကာလတွင် ထိရောက်စွာ သင်ကြားစောင့်ရှောက်တတ်လေ ကလေး၏ သင်ယူနိုင်စွမ်းအား မြင့်မားလေဖြစ်လာတတ်သည်။ကလေးမွေးဖွားပြီးနောက် အသက်ငါးနှစ်အတွင်းသည် ကလေး၏ ဦးနှောက်ဆဲလ်များ အမြန်ဆုံးနှင့် အထိရောက်ဆုံး တုံ့ပြန်ဆက်သွယ်သော ကာလဖြစ်သည်။ ကလေးသူငယ်များ အာရုံခံစားမှုပြုလုပ်တိုင်း ဦးနှောက်နှင့် ဆက်သွယ်မှုပြုသဖြင့် ထိုငါးနှစ်အရွယ်၌    မှန်ကန်စွာပြုစု စောင့်ရှောက်ပေးခြင်းဖြင့်   ကလေးဖွံ့ဖြိုးမှုကို အားကောင်းစေသည်။

ကလေးသူငယ်များ၏ ပထမငါးနှစ်ကာလသည် ဘာသာစကားသင်ယူမှု အပါအဝင်   သင်ယူမှုတိုင်းအတွက် အကောင်းဆုံးအချိန်ဟု ပညာရှင်တို့ သတ်မှတ်ထားရာ ရှေးဦးအရွယ် ကလေးသူငယ် ကာလအတွင်း မူလတန်းကြိုထားရှိခြင်းဖြင့် ဖွံ့ဖြိုးမှုပိုမိုပြည့်ဝလာစေသည်။ မွေးစမှအသက်ငါးနှစ်အတွင်း သတ်မှတ်ထားသော ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးမှုများ မပျက်မကွက် ပြုလုပ်ကြရေးလည်း လိုအပ်သည်။

ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း ကျောင်းသို့ ရောက်ရှိရေးမှာ မိသားစုအတွက်သာမက မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ပညာကို အခြေခံမှသာ  ဖွံ့ဖြိုးတိုးတက်မှု အရပ်ရပ်ကိုဖြည့်ဆည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်  ကလေးသူငယ်တိုင်း အခြေခံပညာ တတ်မြောက်အောင် သင်ကြားရေးအထူးလိုအပ်သည်။ စာသင်ကျောင်းများသည် စာပေပညာကိုသာ သင်ကြားပေးသည်မဟုတ်ဘဲ ဗလငါးတန်ပြည့်ဝရေး အပါအဝင်   ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်   သင်ကြားပေးရာ ဗဟိုဌာနများဖြစ်သည်။

စာပေပညာသင်ယူရာတွင်လည်း ယနေ့နိုင်ငံတော် အစိုးရချမှတ်ထားသော ပန်းတိုင်ဖြစ်သည့်အနည်းဆုံး Kg+9 (အလယ်တန်းအဆင့်) ပြီးဆုံးအောင်မြင်သည်အထိ သင်ကြားပြီး ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်း၊ အဆင့်မြင့်တန်းအထိ   သင်ကြား

တတ်မြောက်စေပါက အကောင်းဆုံးဖြစ်သည်။ ပညာသင်ကြားပေးခြင်းသည်   ကလေးသူငယ်များဘ၀ တစ်လျှောက်လုံးအတွက် ကောင်းစွာ စောင့်ရှောက်ပေးခြင်းပင်ဖြစ်ရာ ရင်သွေးငယ်တိုင်း ပညာရည်ပြည့်ဝအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရေး လိုအပ်သည်။

ကလေးသူငယ်ဖွံ့ဖြိုးရေး အတွက် ရင်းနှီးမြှုပ်နှံမှုသည် အခြားသော ရင်းနှီးမြှုပ်နှံမှု အရပ်ရပ်အနက် အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်သည်။ ကလေးများဘဝ၏ အစောဆုံးနှစ်များသည် ဘဝအတွက် အရေးကြီးဆုံးဖြစ်သော ကိုယ်ရည်ကိုယ်သွေးစံနှုန်းကောင်းမွန်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရမည့် အချိန်အခါကောင်းပင်ဖြစ်သည်။ ထိုနည်းတူစွာ မိမိကိုယ်မိမိယုံကြည်မှုရှိစေရန်၊  ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှုရှိစေရန်၊     အများအကျိုးကို သယ်ပိုးလိုစိတ် ပြည့်ဝစေရန်၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်စေရန်၊ တွေးခေါ်မြော်မြင်တတ်စေရန် အတွက်သင်ကြားလေ့ကျင့်ပေးရန် အကောင်းဆုံး အရွယ်လည်းဖြစ်သည်။ ဖော့ဖယောင်းပမာ ပျော့ပျောင်းနူးညံ့သည့် အရွယ်ဖြစ်၍ လိုအပ်သလို ပုံစံသွင်းယူနိုင်သည်ဖြစ်ရာ ကလေးများ၏ ရေရှည်အကျိုးကိုကြည့်၍ ကောင်းစွာ သင်ကြားပြသ စောင့်ရှောက်တတ်ရေး လိုအပ်သည်။

ကလေးမွေးဖွားနှုန်းမြင့်မားခြင်းသည် ဆင်းရဲမှုနှင့် ဆက်စပ်လျက်ရှိသည်။     ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမှုကြောင့် မိသားစုစီမံကိန်းနှင့် လက်လှမ်းမမီဘဲ ထိုသို့ လက်လှမ်းမမီခြင်းကပင် ကလေးမွေးဖွားနှုန်း မြင့်မားပြီး ဘူးလေးရာဖရုံဆင့်ကာ ကလေးသူငယ်များကို ကောင်းစွာစောင့်ရှောက်နိုင်မှု ပျက်ယွင်းလာကြသည်။ မိသားစုတစ်စု၏ သားသမီးဦးရေ များပြားမှုကို လျှော့ချနိုင်သည့် မိသားစုစီမံကိန်းကို အကောင်အထည်ဖော်နိုင်မှသာ  ဆင်းရဲမှုကိုလျှော့ချနိုင်ပြီး ကျန်းမာရေး၊ ပညာရေး၊ ကျား/ မ တန်းတူညီမျှရေး၊ အိမ်ထောင်သာယာရေးနှင့် သားသမီးကလေးသူငယ်များကို ထိရောက်စွာ မြေတောင်မြှောက်ပေးနိုင်ရေးတို့ ကောင်းမွန်လာမည်ဖြစ်သည်။ မိသားစုစီမံကိန်းတွင် ပါဝင်သော ခေတ်မီသားဆက်ခြားခြင်း နည်းလမ်းများသည် မိသားစုရှိ ကလေးသူငယ်များစွာတို့၏ ဘဝများကိုကောင်းစွာ တိုးတက်ထွန်းကားစေသည်။

၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက “ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကွန်ဗင်းရှင်း” ကိုအတည်ပြုပေးပြီး ထိုသို့ အတည်ပြုသည့် နိုဝင်ဘာလ ၂၀ ရက်ကို “ကမ္ဘာ့ကလေးများနေ့”    အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုကွန်ဗင်းရှင်းတွင် ၁၉၉၁ ခုနှစ်ဇူလိုင်လ ၁၆ ရက်က ပါဝင်လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၁၅ ရက်၌ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ထို့အတူ နိုဝင်ဘာလ ၂၀ ရက်နေ့ ကျရောက်တိုင်း  ကမ္ဘာ့ကလေးများနေ့   အခမ်းအနားများ ကျင်းပကာ ကလေးသူငယ် အခွင့်အရေးမြှင့်တင်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည်။

အလားတူစွာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်တွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို လည်းကောင်း အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်   ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေတွင် ရည်ရွယ်ချက် (၄) ရပ်၊ အခန်း (၁၂) ခန်းနှင့် ပုဒ်မ (၄၀)ပါဝင်ပြီး   ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် ရည်ရွယ်ချက် (၆)ရပ်၊ အခန်း (၃၀) နှင့် ပုဒ်မ(၁၂၁) ခုပါဝင်သည်။    ထုတ်ပြန်ထားသော ဥပဒေများအတိုင်း ထိရောက်စွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကောင်းစွာဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ကလေးသူငယ်အရွယ်၏ အလိုအပ်ဆုံးအရာမှာ သနားညှာတာမှု၊ ချစ်ခင်မြတ်နိုးမှု၊ အကြင်နာတရား ထားရှိမှု၊ နွေးထွေးစွာ ဆက်ဆံမှုတို့ပင်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပစ်ပယ်ထားခြင်း၊ လျစ်လျူရှုထားရှိခြင်း၊ ဂရုမစိုက်ခြင်းများ ပြုမည်ဆိုလျှင် ထိုကလေးများ၏ အနာဂတ်အတွက် အလားအလာမကောင်းနိုင်ပေ။

ထိုထက်ပိုမိုသော   စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုများ၊ ကြောက်ရွံ့ထိတ်လန့်မှုများ၊ အမြတ်ထုတ်မှုများ၊ ကလေး၏ဆန္ဒကို မျက်ကွယ်ပြုမှုများ၊ ခွဲခြားဆက်ဆံ မျက်နှာသာမပေးမှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ အနိုင်ကျင့်စော်ကားမှုများ၊ ဖြားယောင်းသွေးဆောင်မှုများ ဖြစ်ပေါ်လာပါက ထိခိုက်နစ်နာ ဆုံးရှုံးမှုများကိုသာ ရရှိစေသည်။

အထူးသဖြင့် ကလေးသူငယ်များကို ရောင်းချခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ ညစ်ညမ်းပုံဖြန့်ဖြူးခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ အဆိုးရွားဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ မဖြစ်စေဘဲ နိုင်ငံသားတစ်ဦး ရရှိအပ်သော အခွင့်အရေးများကို ရရှိစေပြီး ကောင်းစွာထိန်းသိမ်း စောင့်ရှောက်မှသာ ကလေးသူငယ်များ၏ အနာဂတ်ဘဝများ သာယာလှပလာမည်ဖြစ်သည်။

နိုင်ငံတော်က ကလေးသူငယ်များအတွက် စွမ်းဆောင်ပေးမှု၊   လူကြီးမိဘ အုပ်ထိန်းသူများက ထိရောက်စွာစောင့်ရှောက်ပေးမှု၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများက ကလေးသူငယ်များ အပေါ် ကူညီဆောင်ရွက်ပေးမှုတို့သည် ကလေးသူငယ်ဘဝ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအတွက်     များစွာအထောက်အကူ ပြုလျက်ရှိရာ ကလေးသူငယ်များ ဘဝသာယာရေး    ကောင်းစွာ ဖြည့်ဆည်းစောင့်ရှောက်ပေးကြပါစို့ဟု   ဆန္ဒပြုလျက် နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်သော “ကမ္ဘာ့ကလေးများနေ့”ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။      ။

လင်းအာရုဏ်ဦး