ဆောင်းရာသီမှာ ကိုယ့်ရဲ့အိမ်ဂေဟာလေး သန့်ရှင်းပြီး ရောဂါပိုးမွှား ကင်းစင်နေစေဖို့

ဆောင်းရာသီမှာ ကိုယ့်ရဲ့အိမ်ဂေဟာလေး သန့်ရှင်းပြီး ရောဂါပိုးမွှား ကင်းစင်နေစေဖို့

 

    ဆောင်းရာသီဆိုတာ မြောက်ပြန်လေရဲ့ အေးမြမှုနဲ့အတူ နေရောင်ခြည်ရဲ့ နွေးထွေးမှုတို့ကြောင့် နေလို့ထိုင်လို့ကောင်းတဲ့ ရာသီဥတုဖြစ်လို့ စာရေးသူကတော့ ကြိုက်လှပါတယ်။

ဒါပေမဲ့   သူ့မှာအားနည်းချက် တချို့လည်းရှိနေပြန်ပါသေးတယ်။ အဲဒါကတော့ အခန်းထဲမှာပဲအနေများခြင်း၊ အခန်းထဲမှာရှိတဲ့   ခြောက်သွေ့တဲ့ လေထုတို့ကြောင့် နာမကျန်းဖြစ်နိုင်ခြေများခြင်းပါပဲ။

ဒါကြောင့် ဆောင်းရာသီရောက်လာပြီ ဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိတာက ရာသီဥတု အကူးအပြောင်းကြောင့် နေမကောင်း ဖြစ်တော့မှာပဲလို့ တွေးမိကြမှာပါ။

တကယ်တမ်းကျတော့   ရာသီဥတု အကူးအပြောင်းကြောင့် နေမကောင်းဖြစ်ရခြင်းမဟုတ်ဘဲ နေမကောင်းခြင်းကိုဖြစ်စေတဲ့ ဗိုင်းရပ်တချို့က အေးမြတဲ့ အခြေအနေ၊ လေထုခြောက်သွေ့တဲ့ အနေအထားတို့မှာ ကောင်းစွာရှင်သန်နိုင်စွမ်း ရှိခြင်းကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်  အခုလိုမျိုးဆောင်းရာသီ ရောက်လာချိန်မှာ   နေမကောင်းတာ၊ နာမကျန်းဖြစ်တာတွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်မယ့် နည်းလမ်း ခြောက်မျိုးကို အခု ဆောင်းပါးလေးနဲ့အတူ  မျှဝေပေးလိုက်ရပါတယ်။

ပိုးသတ်ခြင်းကိုပုံမှန်လုပ်ပါ

    အရင်ဆုံးပြောပြပေးမှာကတော့ သန့်ရှင်းရေးလုပ်ခြင်း (Cleansing)၊ သန့်စင်အောင် လုပ်ခြင်း (Sanitizing) နဲ့ ပိုးသတ်ခြင်း (Disinfecting) တို့ကြားက ကွဲပြားခြားနားချက်လေး အကြောင်းပါပဲ။

သန့်ရှင်းရေးလုပ်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်ထဲမှာ မျက်နှာပြင်တစ်ခုကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး   ပွတ်တိုက်မှုပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ မျက်နှာပြင်ပေါ်မှာရှိနေတဲ့ ရောဂါပိုးမွှားများ၊ အညစ်အကြေးများကို ကင်းစင်စေပါတယ်။ ဒါပေမဲ့ အားလုံးတော့ ကင်းစင်သွားတာမျိုး မဟုတ်ပါဘူး။

သန့်စင်အောင်လုပ်ခြင်း ဆိုတဲ့လုပ်ငန်းစဉ် ထဲမှာကျတော့ အပျော့စားချွတ်ဆေးအရည် ဒါမှမဟုတ် သန့်စင်ဆေးရည်တို့ကို အသုံးပြုပြီး မျက်နှာပြင်ကို စပရေးဖျန်းခြင်းလိုမျိုး လုပ်ဆောင်မှု ပါဝင်ပါတယ်။ အရေးအကြီးဆုံး တစ်ချက်က မျက်နှာပြင်တစ်ခုကို သန့်စင်အောင်မလုပ်ခင်   သန့်ရှင်းရေးလုပ်ပေးရမှာပါ။

ပိုးသတ်ခြင်းဆိုတဲ့  လုပ်ငန်းစဉ်ထဲမှာ အပြင်းစားချွတ်ဆေးအရည် ဒါမှမဟုတ် ဓာတုပစ္စည်းများကို အသုံးပြုမှုပါဝင်ပါတယ်။

ဒီလိုပိုးသတ်ခြင်းဟာ  မျက်နှာပြင် ဒါမှမဟုတ် အရာဝတ္ထုတစ်ခုပေါ်မှာ တင်ကျန်နေတဲ့ ရောဂါပိုးမွှား အများစုကို သန့်ရှင်းပြီးသား ဖြစ်သွားစေပါတယ်။ အကြံပေးလိုတာက ပိုးသတ်ခြင်း မလုပ်ခင် သန့်ရှင်းရေးကို အရင်လုပ်ပါ။

ကိုယ့်ရဲ့အိမ်ဂေဟာကို သန့်စင်အောင် လုပ်မယ် ဒါမှမဟုတ် ပိုးသတ်ခြင်း လုပ်မယ်ဆိုရင် ကိုယ့်အိမ်ရဲ့ ဘယ်လိုနေရာတွေက ထိတွေ့မှုအများဆုံးသော နေရာတွေဖြစ်လဲဆိုတာကို မှတ်သားထားဖို့လိုပါမယ်။

ဥပမာအားဖြင့် တံခါးလက်ကိုင်များ၊ မီးခလုတ်များ၊ စားပွဲများနဲ့ အသုံးအဆောင် ပစ္စည်းများရဲ့လက်ကိုင်များဟာ ထိတွေ့မှုအများဆုံးသော နေရာတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် ဒီလိုနေရာတွေကို မကြာခဏ ဆိုသလို သန့်ရှင်းရေးလုပ်ပေးပါ။ ဒါ့အပြင် စားပွဲလိုမျိုးနေရာရှိ မျက်စိနဲ့မြင်တွေ့နိုင်တဲ့ အညစ်အကြေးတွေကို ပုံမှန်ဆေးပေးပါ။

တကယ်လို့များ ကိုယ့်အိမ်သူအိမ်သားတွေထဲမှာ နေထိုင်မကောင်းတဲ့သူ တစ်ယောက်ယောက် ရှိနေပြီဆိုရင် ဒါမှမဟုတ် နေမကောင်းတဲ့သူ တစ်ဦးဦးနဲ့ထိတွေ့မှုရှိထားတယ်ဆိုရင် သန့်စင်အောင်လုပ်ခြင်းနဲ့ ပိုးသတ်ခြင်းတို့ကိုပါ အပိုဆောင်း အနေနဲ့ လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

အိမ်တစ်အိမ်မှာ   ကိုယ်တွေနေ့စဉ် ထိတွေ့ရလေ့ရှိတဲ့ နေရာတွေဟာ အင်မတန်မှ များပြားနိုင်ပါတယ်။ ဦးနှောက်နဲ့မှတ်ထားမယ်ဆိုရင် တချို့နေရာတွေ ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်ပါတယ်။

ဒီအတွက်ကြောင့် နေ့စဉ်နဲ့အပတ်စဉ် လုပ်ရမယ့် သန့်ရှင်းရေး လုပ်ငန်းစဉ်တွေကို စာရွက်တစ်ရွက်မှာ ချရေးပြီးမှတ်ထားမယ်၊ ဒစ်ဂျစ်တယ်နည်းနဲ့ မှတ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်စေမှာ အမှန်ပါပဲ။

ပတ်ဝန်းကျင်စိုထိုင်းဆကို ထိန်းသိမ်းပါ မိမိတို့ရဲ့အိမ်ဂေဟာမှာဖြစ်ပေါ်နေတဲ့ ပတ်ဝန်းကျင် စိုထိုင်းဆပမာဏက မိမိအပါအဝင် မိမိတို့ရဲ့ အိမ်သူအိမ်သားတွေကို ရောဂါပိုးတွေ ကူးစက်စေနိုင်တယ်ဆိုတာ သိပါသလား။

၂၀၂၁ ခုနှစ်တုန်းကလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းကြား အသင့်အတင့်ရှိတဲ့ စိုထိုင်းဆပမာဏဟာ ဗိုင်းရပ်ကူးစက်ပျံ့နှံ့နိုင်ခြေကို လျော့နည်းစေပြီး တချို့ဗိုင်းရပ်တွေကို အသက်ရှင်သန်နိုင်စွမ်း ကျဆင်းစေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခန်းတွင်း လေထုခြောက်သွေ့နေခြင်းဟာလည်း အဲဒီအခန်းထဲမှာ နေထိုင်သူတွေကို ဓာတ်မတည့်မှုတွေ ဖြစ်စေတတ်ပြန်ပါတယ်။

ကိုယ့်ရဲ့အခန်းတွင်းလေထုစိုထိုင်းဆက ဘယ်လောက်ရှိလဲဆိုတာကို သိရှိနိုင်စေဖို့ အိမ်သုံးအပူချိန်ထိန်း ကိရိယာတွေကို အသုံးပြုနိုင်ပါတယ်။

အကယ်၍ ကိုယ့်အိမ်ရဲ့ လေထုစိုထိုင်းဆက ၃၀ ရာခိုင်နှုန်းအောက် ရောက်နေပြီဆိုရင် စိုထိုင်းမှုထိန်းစက် (Humidifier) တစ်လုံးလောက် ဝယ်တပ်ထားလိုက်ပါ။

ဒါတင်မကသေးပါဘူး။ တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ရောဂါပိုးတွေ ပေါက်ပွားလာနိုင်တဲ့ အချက်ကိုသတိမူပြီး လက်ကို မကြာခဏဆေးခြင်းနဲ့ မျက်နှာပြင်များကို ပိုးသတ်ခြင်းတို့ကိုလည်း လုပ်ဆောင်သင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်