ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ် ပေါင်ကြွက်သား ဒဏ်ရာကြောင့် အနည်းဆုံး နှစ်လခန့် အနားယူရမည်
ဘရာဇီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ်သည် ဘရာဇီးအသင်းနှင့် ကိုလံဘီယာအသင်းတို့ ကစားသည့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ခြေစစ်ပွဲ(တောင်အမေရိကဇုန်) အုပ်စုပွဲစဉ်၌ရရှိခဲ့သည့် ပေါင်ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး နှစ်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ကိုလံဘီယာအသင်းကို ဘရာဇီးအသင်းက ၂ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်၌ ဗင်နီစီးယက်စ်သည် ပွဲချိန် ၂၇ မိနစ်တွင် ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့သည့် အတွက် ဆက်လက်ကစားနိုင်ခြင်း မရှိတော့သဖြင့် လူစားလဲထွက်ခွာခဲ့ရပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝရန် အနည်းဆုံး နှစ်လခန့် အနားယူရမည် ဖြစ်သောကြောင့် ယခုရာသီ အတွင်းကစားမည့် ရီးယဲလ်မက်ဒရစ်အသင်း၏ ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ပြန်လည်ပါဝင် ကစားနိုင်မည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း၌ အဓိက ကစားသမား အများစု ဒဏ်ရာပြဿနာများကြောင့် အနားယူနေခဲ့ရပြီး ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာပွဲစဉ်များ အတွက် လက်ရွေးစင် အသင်းများနှင့် ပူးပေါင်းစဉ် အဓိကကွင်းလယ် ကစားသမားတစ်ဦးဖြစ်သည့် ကာမာဗင်ဂါသည်လည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် နှစ်လခန့် အနားယူရမည်ဖြစ်သည့်အပြင် တခြား အဓိက ကစားသမားများဖြစ်သော ဂိုးသမား ကော့တွိုက်စ်၊ ခံစစ်ကစားသမား မီလီတာအိုတို့အနေဖြင့် လည်း ရာသီကုန်အထိ အနားယူရမည်ဖြစ်ကာ ကွင်းလယ်ကစားသမား ချူအာမန်ဒီနှင့် ဂိုးသမား ပီနီရာရိုတို့က တစ်လခန့်အထိ လည်းကောင်း၊ ဂိုးသမားကီပါက ရက်သတ္တနှစ်ပတ်ခန့်အထိ လည်းကောင်း၊ ဘယ်လင်ဟမ်ကလည်း ရက်သတ္တတစ်ပတ် ခန့်အထိ လည်းကောင်း အသီးသီး အနားယူရမည်ဖြစ်ကြောင်း သိရသည်။