ဆောင်းရာသီမှာ ကိုယ့်ရဲ့အိမ်ဂေဟာလေး သန့်ရှင်းပြီး ရောဂါပိုးမွှား ကင်းစင်နေစေဖို့

ဆောင်းရာသီမှာ ကိုယ့်ရဲ့အိမ်ဂေဟာလေး သန့်ရှင်းပြီး ရောဂါပိုးမွှား ကင်းစင်နေစေဖို့

 

ယမန်နေ့မှအဆက်

အိပ်ရာခင်းများကို ပုံမှန်လျှော်ဖွပ်ပါ

    မိမိတို့ရဲ့ ခန္ဓာကိုယ်အရေပြားမှာရှိတဲ့ ဆဲ(လ်)အသေတွေဟာ    ပုံမှန်အားဖြင့် အမြဲတစေကွာကျနေတာပါ။    ဒါ့အပြင် ချွေးတွေဆိုရင်လည်း ခန္ဓာကိုယ် အရေပြားကနေပဲ စွန့်ထုတ်တာဖြစ်ပါတယ်။

ဘယ်လိုအချိန်တွေမှာ   ဒီလိုမျိုးတွေ ဖြစ်တတ်လဲလို့မမေးပါနဲ့။ ကိုယ်ကအပြင်ကိုပဲထွက်ထွက်၊ အိမ်ထဲမှာပဲနေနေ၊ အိပ်ရာပေါ်မှာ    အိပ်မက်လှလှလေးပဲမက်မက် ဘယ်လိုအခြေအနေမျိုးမှာမဆို  ဖြစ်လေ့ရှိပါတယ်။

    အဲဒီလိုခန္ဓာကိုယ်ကနေ ထွက်တဲ့ အညစ်အကြေးမှန်သမျှဟာ ကိုယ့်ရဲ့နေအိမ်မှာ ရှိတဲ့ အိပ်ရာခင်း၊ ခေါင်းအုံး၊ စောင် အစရှိတာတွေအပါအဝင် နူးညံ့တဲ့မျက်နှာပြင်တွေပေါ်မှာ    ကပ်ငြိတွယ်နေလေ့ရှိပြီး အချိန်ကြာလာတာနဲ့အမျှ အဲဒီမျက်နှာပြင်တွေမှာ ချေးအထပ်ထပ်ဖြစ်လာပါတော့တယ်။

    ဒါကြောင့် ညစ်ပတ်မှုနဲ့ အညစ်အကြေးတွေ စုဝေးရာနေရာကနေ ဗက်တီးရီးယားတွေ ပေါက်ပွားရာနေရာမဖြစ်စေဖို့အတွက် အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ စောင်တွေကို တစ်ပတ်တစ်ကြိမ်ဆိုသလို ပုံမှန်လျှော်ဖွပ်ပေးဖို့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

ဒီလိုမျိုး အိပ်ရာခင်းတွေကို တစ်ပတ်တစ်ကြိမ် လျှော်ဖွပ်ပေးခြင်းဟာ အဲဒီအရာတွေမှာ ကပ်ပြီးတွယ်ငြိနေတတ်တဲ့ ဓာတ်မတည့်စေသောအရာများ၊ ရောဂါပိုးမွှားများကို ကင်းရှင်းစေတာကြောင့် ဓာတ်မတည့်မှု ဖြစ်ပွားခြင်းကိုလည်း လျော့ကျစေမှာပါ။

ဒီတော့ အဲဒါတွေကို   အကောင်းဆုံး လျှော်ဖွပ်နိုင်စေဖို့ ဘယ်လိုမျိုးတွေ လုပ်လို့ရလဲဆိုတာကို   အနည်းကျဉ်းဖော်ပြပေး ပါဦးမယ်။

အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို လျှော်ဖွပ်မယ်ဆိုရင် ရေနွေးကို အသုံးပြုရပါမယ်။ လျှော်ဖွပ်ပြီးတဲ့ အိပ်ရာခင်းတွေ ကိုလည်း    သူ့မှာပါဝင်တဲ့ ထိန်းသိမ်းမှု လမ်းညွှန်ချက်အပေါ်မူတည်ပြီး    လေပူပြင်းပြင်းနဲ့ မှုတ်တာမျိုး၊ မီးပူတိုက်တာမျိုး တွေလုပ်သင့်ပါတယ်။

အိမ်အဝင်ဝကိုမွမ်းမံပါ

    တစ်နေ့တာလုံးကို သန့်ရှင်းရေးလုပ်ရင်းနဲ့ ကုန်ဆုံးသွားပြီဆိုပေမယ့်လည်း မိမိတို့အနေနဲ့ နောက်ဆုံးတွေးရမယ့် အရာတစ်ခု ကျန်ပါသေးတယ်။ အဲဒါကတော့ အညစ်အကြေးများနဲ့ ရောဂါပိုးမွှားများ  မိမိတို့ရဲ့ အိမ်အတွင်းကို ဝင်ရောက်နိုင်တဲ့နေရာပါပဲ။

ဟုတ်ပါတယ်။ အိမ်အဝင်ဝမှာရှိတဲ့ ဖိနပ်ချွတ်လိုမျိုးနေရာပါ။   ဒီနေရာဟာ မိမိတို့ရဲ့အိမ်ထဲကို   ရောဂါပိုးမွှားများ အများဆုံး ဝင်ရောက်ရာနေရာဖြစ်ပါတယ်။

ဒီတော့ ပစ္စည်းပစ္စယတွေကို သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်နဲ့ အစီအရီ ထားလိုက်မယ်ဆိုရင် မိမိတို့ရဲ့အိမ်ထဲကို ရောဂါပိုးမွှားတွေ ဝင်ရောက်နိုင်ခြေမြင့်မားမှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်။

မိမိတို့ရဲ့အိမ်အဝင်ဝကို သပ်သပ်ရပ်ရပ်နဲ့ စီစီရီရီရှိစေဖို့အတွက် နည်းလမ်းတချို့ကို ဖော်ပြပေးလိုပါတယ်။ ပထမဆုံးတစ်ခုက မိမိတို့အနေနဲ့ အိမ်ထဲကိုဝင်ဝင်ချင်းမှာပဲ ဖိနပ်တွေကိုချွတ်ပါ။

ဖိနပ်စင်လိုမျိုး၊ ဖိနပ်ဗီရိုလိုမျိုး ကိုယ့်ရဲ့ဖိနပ်တွေကို အိမ်အပြင်ဘက်မှာ သပ်သပ်ရပ်ရပ်နဲ့ထားနိုင်မယ့် သီးသန့်နေရာတစ်ခုကို သတ်မှတ်ထားပါ။

အိမ်အဝင်ဝမှာ မလိုအပ်တဲ့ပစ္စည်းတွေကို ပြန့်ကျဲမနေစေဖို့အတွက် ခြင်းတစ်ခု ဒါမှမဟုတ်    ထည့်စရာ တစ်ခုခုထားရှိပါ။

ပြီးရင်တော့ အဲဒီခြင်း ဒါမှမဟုတ် ထည့်စရာ တစ်ခုခုကို     အလွတ်ဖြစ်နေအောင်ထားပါ။

အိမ်အဝင်ဝမှာ အလင်းရောင်ကောင်းကောင်း ရရှိအောင်ထားပါ။     ဒါမှသာ ညစ်ပတ်နေတဲ့ နေရာတွေကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

အိမ်အဝင်ဝအတွက် အသုံးပြုလေ့ရှိတဲ့ ပိုးသတ်စပရေးဘူးများ၊ အဝတ်များကဲ့သို့ သန့်ရှင်းရေးသုံး ပစ္စည်းများကို   ဖိနပ်စင်အပေါ်နား ဒါမှမဟုတ် ခြင်းတောင်းထဲမှာ ထည့်ထားတာမျိုးကိုလည်း လုပ်ဆောင်သင့်ပါတယ်။

လေစစ်များကို ပုံမှန်စစ်ဆေးပြီး လဲလှယ်ပါ

    တကယ်လို့ကိုယ့်အိမ်မှာ အပူပေးစနစ်၊ လေဝင်လေထွက်စနစ်၊ လေအေးပေးစနစ်တို့ကို တပ်ဆင်ထားတယ်ဆိုရင်  အရေးအကြီးဆုံး လုပ်ဆောင်ရမယ့်   အချက်တစ်ချက် ရှိပါတယ်။

အဲဒါကတော့ ကိုယ့်ရဲ့အိမ်ဂေဟာလေးဟာ လေကောင်းလေသန့်တွေနဲ့ပဲ ပြည့်နေစေဖို့အတွက် လေစစ်များကို ပုံမှန်စစ်ဆေးပြီး လဲလှယ်ပေးခြင်းပါပဲ။

ဒါနဲ့ပတ်သက်ပြီး ဘယ်လိုလေစစ်တွေကို ဘယ်လိုအချိန်မှာ လဲလှယ်သင့်တယ်ဆိုတာကို ကျွမ်းကျင်ပညာရှင်များက အခုလို သတ်မှတ်ထားပါတယ်။

၁ လက်မအထူရှိတဲ့ လေစစ်တွေဆိုရင် ရက်ပေါင်း ၃၀  ဒါမှမဟုတ် ရက်ပေါင်း ၆၀ တိုင်းမှာ အသစ်လဲလှယ်ပါ။ ၂ လက်မ အထူရှိတဲ့ လေစစ်တွေဆိုရင်တော့ ရက်ပေါင်း ၉၀ တိုင်းနဲ့ ၄ လက်မအထူရှိတဲ့ လေစစ်တွေကို ခြောက်လပြည့်တိုင်း  လဲလှယ်ရမှာဖြစ်ပါတယ်။

ဆိုလိုတာက   လေစစ်က ပိုပြီးထူလေ ရေရှည်ခံပြီး ရောဂါပိုးမွှားများကို ပိုမိုဖမ်းယူထိန်းချုပ် ထားနိုင်လေဆိုတာကို  တွေ့ရမှာပါ။

အကယ်၍များ ကိုယ်ကအပေါ်မှာ ပြောခဲ့တဲ့စနစ်တွေကို အသုံးမပြုဘူးဆိုရင်တော့ လေသန့်စက်လေး တစ်လုံးကိုတော့ မဖြစ်မနေ ဝယ်ထားသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့နေအိမ်အတွင်း    လေထုအရည်အသွေးက ကောင်းမွန်နေမှာပါ။

အိပ်ရာမဝင်ခင် ပစ္စည်းများ စနစ်တကျရှိပါစေ

    လူတချို့အတွက်တော့   ရှုပ်ပွနေတဲ့ အိမ်ထဲမှာ အိပ်ရာဝင်ခြင်းဟာ ပူပန်သောကတွေကို ဖြစ်စေတတ်သလို   မနက်ခင်း နိုးလာတဲ့အချိန်မှာလည်း   စိတ်ဖိစီးမှုက အမြင့်ဆုံးမှာ ရောက်ရှိနေတတ်ပါတယ်။

သပ်သပ်ရပ်ရပ်ရှိတဲ့ မီးဖိုချောင်၊ ဧည့်ခန်း၊ ရေချိုးခန်းတို့ရှိတဲ့ နေအိမ်မှာ အိပ်ရာနိုးထလာခြင်းဟာ ကိုယ်အိပ်ရာနိုးချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဖိစီးမှုတချို့ကို   သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အိပ်ရာမဝင်ခင် ပစ္စည်းများ စနစ်တကျရှိပါစေ ဆိုတာက သိပ်ကိုကြီးမား များပြားတဲ့လုပ်ငန်းကြီး တစ်ခုတော့မဟုတ်ပါဘူး။ အိပ်ရာမဝင်ခင်  တချို့သောပစ္စည်းလေးတွေကိုသာ သူ့နေရာနဲ့သူ နေရာချထား လိုက်မယ်ဆိုရင် စိတ်နှလုံးငြိမ်းအေးမှုကို ရရှိစေနိုင်ပါတယ်။

ဒါ့အပြင်   ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူ  သိမ်းဆည်းလိုက်ခြင်းဟာလည်း  ကိုယ့်အိမ်ရဲ့ မျက်နှာပြင်တွေကို ပိုးသတ်ခြင်းနဲ့   သန့်ရှင်းရေးလုပ်ရာမှာ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

ဒါကြောင့် အိပ်ရာမဝင်ခင်လုပ်ရမယ့် အရာက   ရှုပ်ပွနေလေ့ရှိတဲ့နေရာက ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ စားပွဲ၊ အိမ် ဒါမှမဟုတ် အခန်းအဝင်ဝ၊ ရေချိုးခန်းရှိ လက်ဆေးကန်တို့မှာ ပြန့်ကျဲနေတတ်တဲ့ ပစ္စည်းတွေကို သူ့နေရာနဲ့သူထားလိုက်ပါ။

ဒီလိုမျိုး   ရှုပ်ပွနေတဲ့ပစ္စည်းတွေကို သူ့နေရာနဲ့သူပြန်ထားဖို့ဆိုတာ အချိန်တော့ ပေးရပါလိမ့်မယ်။ ဒီအတွက် ဘယ်ကနေ စလုပ်မလဲဆိုရင် ကိုယ်အိပ်ရာမဝင်ခင်မှာ ပစ္စည်းတစ်ခု၊ နှစ်ခုလောက်ကို သူ့နေရာနဲ့သူ ထားပေးခြင်းနဲ့ စတင်နိုင်ပါတယ်။

ဒီတော့    အခုလိုမျိုးအေးမြလှတဲ့ ဆောင်းရာသီမှာ ကိုယ့်ရဲ့အိမ်ဂေဟာလေး သန့်ရှင်းပြီး ရောဂါပိုးမွှားတွေ ကင်းစင်နေစေဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို ပြန်ပြောပြပေးပါမယ်။

အရင်ဆုံး မျက်နှာပြင်များ ပိုးသတ်ခြင်းကို ပုံမှန်လုပ်ပါ။ ပတ်ဝန်းကျင်စိုထိုင်းဆကို ထိန်းသိမ်းပါ။ အိပ်ရာခင်းများကို ပုံမှန်လျှော်ဖွပ်ပါ။   အိမ်အဝင်ဝကိုမွမ်းမံပါ။ လေစစ်များကို ပုံမှန်စစ်ဆေးပြီးလဲလှယ်ပါ။ အိပ်ရာမဝင်ခင် ပြန့်ကျဲနေတဲ့ပစ္စည်းများ သူ့နေရာနဲ့သူ စနစ်တကျရှိပါစေ။

ကိုယ်နေတဲ့နေရာကို သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်းဖြစ်နေအောင် လုပ်ထားခြင်းဟာ စိန်ခေါ်မှုတစ်ခုဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်လည်း ကိုယ့်ရဲ့အားလပ်ချိန် အားလုံးကိုပေးလိုက်ရအောင်အထိ အချိန်မပေးရပါဘူး။

ကြိုတင်ပြင်ဆင်မှု အနည်းငယ်နဲ့ မှန်ကန်တဲ့ ကိရိယာတွေကို အသုံးပြုမယ်ဆိုရင် ကိုယ့်ရဲ့နေအိမ် ပတ်ဝန်းကျင်လေးဟာ သန့်ရှင်းပြီး ရောဂါပိုးမွှားတွေ ကင်းစင်ကာ ရောဂါပိုးမွှားတွေ ပေါက်ပွားမှု ကိုလျော့နည်းစေမယ့်အပြင် ကိုယ့်ရဲ့အားလပ်ရက်များကိုလည်း ကျန်းမာရွှင်လန်းစွာ ဖြတ်သန်းနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

သီရိချို