ပညာရှေ့ဆောင် အလင်းရောင် ထွန်းပြောင်နိုင်ငံတည်
နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေးသည် ကဏ္ဍတစ်ခုအနေဖြင့် ထိပ်ဆုံးမှ ရပ်တည်နေလေ့ရှိသည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အောင်မြင်ရေး၊ အဆောက်အအုံနှင့် လမ်းတံတား တည်ဆောက်ရေး၊ အိုင်တီနည်းပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး အစရှိသောအရေးပါသည့် နယ်ပယ်အသီးသီးတွင် ပညာ၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိရသည်။ ပညာသင်ကြားခြင်းသည် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်သည်။ ပညာအရင်းအနှီးဖြင့်ပင် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်နိုင်ခွင့် ရှိခြင်းကြောင့် ပညာကို ကြိုးစားသင်ယူကြရမည်ဖြစ်သည်။
ဘဝအုတ်မြစ်ခိုင်ခံ့အောင် တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။ ကျောင်းတွင်း ပညာသင်ယူခြင်းကို အစပြု၍ ဘဝကိုပိုမိုတောက်ပအောင် ဆောင်ရွက်ကြရပေသည်။ ပညာအရင်းအနှီး ကြီးမားလှသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသည်။
ဖြတ်ထိုးဉာဏ်နှင့် ဗဟုသုတ အထွေထွေ တိုးပွားရရှိစေရန် များစွာ အထောက်အကူပြုပေသည်။ ပညာလို အိုသည့်တိုင်သင်ယူ နိုင်စွမ်းရှိသဖြင့် ပညာ၏ အရေးပါမှုကို သိရှိကြရသည်။ ပညာရေးကိုဗဟိုပြု၍ အကျင့်စာရိတ္တကို ပြုပြင်ပေးနိုင်သည်။ လောကအကျိုးသယ်ပိုးခြင်း၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်း၊ မျှဝေခြင်းကဲ့သို့ကောင်းမွန်သော စိတ်စေတနာများ တိုးပွားစေနိုင်သည်။
သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေး အလှမ်းမဝေးရအောင် အနာဂတ်လူငယ်များ အနေဖြင့် ပညာသင်ကြားရမည်ဖြစ်သည်။
အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများလာစေရေး ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာသင်ယူခွင့် အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန်ဖြစ်သည်။
နိုင်ငံတော်၏ အထူးပညာရေး မျှော်မှန်းချက် တစ်ရပ်လည်းဖြစ်သည်။ ပညာရေးတွင် ဆုံးခန်းတိုင်ပြီးမြောက်အောင် သင်ယူခြင်းဖြင့် ပိုမိုကောင်းမွန်သော ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ပေသည်။ ကျောင်းအပ်နှံနှုန်း တိုးပွား၍ ကျောင်းနေအရွယ် ကလေးတိုင်း KG+9 (အခြေခံပညာ အလယ်တန်း) အဆင့်သင်ကြား တတ်မြောက်၍ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆက်လက်သင်ကြား နိုင်ခွင့်ရှိပေသည်။
အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ယူတတ်မြောက်ပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ လမ်းပွင့်လျက်ရှိပေသည်။
နိုင်ငံတော်၏ မျှော်မှန်းချက်သည် ကျယ်ဝန်းသည်။ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စက်မှုပညာရပ်များကို လွယ်လင့်တကူ သင်ကြားခွင့်ရရှိမှု ဦးတည်ချက်ထက် သာလွန်သော အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ပန်းတိုင်အထိ ပေါက်ရောက်ပေသည်။ ပညာသင်ကြားသူတိုင်း အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိသည်။ ပညာနှင့်အလုပ်အကိုင် တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ကျောင်းသူ အားလုံးလိုက်ပါသင့်ပေသည်။ မိမိနှစ်သက်ရာ ဘာသာရပ်အလိုက်၊ ဝါသနာအလိုက် ရွေးချယ်ပြီး နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အခန်းကဏ္ဍ၊ စက်မှုနည်းပညာ ကဏ္ဍသစ်များကို ပီပီပြင်ပြင် ဖွင့်လှစ်နိုင်ပေသည်။
ပညာခေတ်တွင် ပညာဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့်အလျောက် မိဘများအနေဖြင့် မိမိရင်သွေးကလေးများကို ပညာအမွေပေး လက်မနှေးသင့်ပေ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိရေး နိုင်ငံတော်၏ ပညာရည်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေး မျှော်မှန်းဆောင်ရွက်မှုဖြစ်ပါသည်။
ပညာပြည့်ဝနှလုံးလှသည့် ဆရာ၊ ဆရာမများ၏ ကြိုဆိုအပြုံးနှင့်အတူ သင်ကြားပြသမည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူလျက် အနာဂတ်ပညာခေတ်ကို မိဘ၊ ဆရာ၊ကျောင်းသား၊ ကျောင်းသူများ အားလုံး၏ ပူးပေါင်းစွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။
ပညာသည် အကောင်းဆုံး ဥစ္စာဖြစ်သည်။ မျက်မှောက်ဘဝ ကောင်းကျိုး စွမ်းဆောင်နိုင်သကဲ့သို့ သံသရာတစ်ဖက်ကမ်း တက်လှမ်းရာတွင် အထောက်အပံ့ကောင်း သဖွယ်ဖြစ်သည်။ ပညာအတိမ်အနက်ဖြင့် စိတ်ပိုင်းဖြတ်နိုင်သည့် အလုပ်များစွာရှိပေသည်။သို့ဖြစ်၍ပညာကို အပတ်တကုတ်လေ့လာ အားထုတ်ကြရမည်ဖြစ်သည်။ ပုံမှန်ကြိုးစား၍ တစ်နှစ်တစ်တန်း အောင်လိုသူများရှိကြသကဲ့သို့ ထူးချွန်စွာ အောင်မြင်လိုသူများရှိပေသည်။ ထူးချွန်စွာ အောင်မြင်လိုသူတိုင်း ကျောင်းစာဘက်တွင် အချိန်ပေးလေ့ရှိသည်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီး ဘာသာရပ်အလိုက် သင်ယူမှတ်သားလေ့ကျင့်ကြသည်။ စာကြိုးစားသူအတွက် အချိန်ပိုလေ့မရှိပေ။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုစကားအတိုင်း ကုန်ဆုံးသွားသောအချိန်သည် ပြန်လည်အစားထိုး၍မရနိုင်ပေ။
အသက်အရွယ်သည်လည်း တရွေ့ရွေ့ကြီးရင့်လာစမြဲဖြစ်သည်။ အသက်အရွယ်အလိုက် သင့်လျော်သော အတန်းကိုယ်စီဖြင့် ကျောင်းနေပျော်နေကြရမည်သာဖြစ်သည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း အခြေခံပညာရေးစနစ်မှ တစ်ဆင့် တက္ကသိုလ်ပညာရပ်များကို စနစ်တကျသင်ကြားရင်း အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်ပညာတတ်များဖြစ်လာမည်ဖြစ်သည်။အဖြူ၊အစိမ်းသည် ပညာရေး၏ သင်္ကေတ၊ မွန်မြတ်ဖြူစင်သည့် ကျောင်းဝတ်စုံဖြစ်ပါသည်။ တူညီဝတ်စုံဖြင့် စာအံသံကစာသင်ကျောင်း၏အလှ ဖြစ်သည်။
ကျောင်းတက်ခေါင်းလောင်းသံက ဂီတဖြစ်သည်။ ဝလုံးကလေးမှ အစပြုသင်ကြားပေး၍ အမှားကိုပြင် အမှန်ထင်အောင်လမ်းပြပို့ဆောင်သည့် ဆရာ့ဂုဏ်သတင်းက ပန်းတစ်ခင်းပမာ မွှေးကြိုင်လွန်းလှသည်။
၂၀၂၃ ခုနှစ် မေလ ၁၈ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ဖွင့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာတတ်မြောက်သည့် ပညာတတ်များပေါများရေးကိုဦးစားပေး မျှော်မှန်းချက်အဖြစ် ထားရှိပါကြောင်း၊တက္ကသိုလ်ဆိုသည်မှာ အသိပညာ၊ အတတ်ပညာများကို အသုံးချပြီး တွေးတောကြံစည်လုပ်ကိုင်နိုင်ရန် အဆင့်မြင့်ပညာရပ်များကို လေ့ကျင့်သင်ကြားပေးရာတွင် ဌာနကြီးများလည်း ဖြစ်ပါကြောင်းဖြင့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး အထူးအလေးထား မှာကြားခဲ့ပါသည်။
တက္ကသိုလ်များသည် ခံ့ညားထည်ဝါမှု၊ ဂုဏ်သိက္ခာ အဆင့်တစ်ခုရှိရန် လိုအပ်သည်နှင့်အညီ တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာလှပရေးကို တာဝန်ရှိသူအသီးသီးက အလေးထား ထိန်းသိမ်းစောင့်ရှောက်ပေးရမည်ဖြစ်သကဲ့သို့ တက္ကသိုလ်အင်္ဂါရပ်များ တတ်နိုင်သမျှပြည့်စုံအောင် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ခေတ်မီပြီး ထိရောက်သည့် သင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်အတွက် လိုအပ်သည့် သင်ကြားရေး အဆောက်အအုံများ၊ စာကြည့်တိုက်များ၊ သုတေသနစင်တာများ ပြည့်စုံစေရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပညာရေးအတွက် ထင်ရှားသည့်ချီးမြှင့်မှု၊ ပံ့ပိုးမှုအချို့ကို ဖော်ပြရမည်ဆိုပါက ၂၀၂၁ ခုနှစ် အောက်တိုဘာလကစတင်ပြီး သင်ကြားရေးဆရာ၊ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာတွင် ပါရဂူဘွဲ့အတွက် သုံးသောင်းကျပ်နှုန်း၊ မဟာဘွဲ့အတွက် နှစ်သောင်းငါးထောင်ကျပ်နှုန်းဖြင့် ဘွဲ့လွန်ဒီပလိုမာအတွက် တစ်သောင်းကျပ်နှုန်းဖြင့် လစဉ်ချီးမြှင့် ပေးအပ်လျက်ရှိသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ပြီး တိုင်းရင်းသားနေ့စား လပေး သင်ကြားရေး အထောက်အကူပြု ဆရာ (Teaching Assistant) များကို မူလက တစ်လလျှင် ကိုးသောင်းခြောက်ထောင်ကျပ်မှ တစ်သိန်းသုံးသောင်းကျပ်ကို လည်းကောင်း၊ တိုင်းရင်းသားဘာသာ စကားသင် ဆရာ (Language Teacher)များကို ပုတ်ပြတ်တစ်လလျှင် သုံးသောင်းကျပ်နှုန်းမှ ခြောက်သောင်းကျပ်ကို လည်းကောင်း တိုးမြှင့်ပြီး လစဉ်ချီးမြှင့် ပေးအပ်လျက်ရှိသည်။၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ပြီး အုပ်ချုပ်မှုစရိတ်အဖြစ် တက္ကသိုလ်ပါမောက္ခချုပ်၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများအား ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ်ထပ်ဆောင်း ချီးမြှင့်ပေးအပ်လျက်ရှိသည်။
၂၀၂၂ ခုနှစ် သြဂုတ်လကစတင်ပြီး အိမ်ငှားစရိတ်အဖြစ် လူပျို၊ အပျိုများအတွက် မူရင်းလစာ၏ ၄ ရာခိုင်နှုန်းနှင့် အိမ်ထောင်သည်များ အတွက် မူရင်းလစာ၏ ၈ ရာခိုင်နှုန်းကို လစဉ်ထောက်ပံ့လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဝတ်စုံစရိတ်အဖြစ် ဘဏ္ဍာရေး နှစ်တစ်နှစ်အတွက် တစ်ဦးလျှင် သုံးသောင်းကျပ် ထောက်ပံ့လျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ပထမနှစ်ဝင်ခွင့် ရရှိသူများနှင့် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ အားလုံးကို နိုဝင်ဘာလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ထို့ကြောင့် မိဘဆွေမျိုးနှင့် မိမိပတ်ဝန်းကျင်ကို အစဉ်အမြဲကိုယ်စားပြုနေမည့် ပညာသင်ကြားမှုဖြစ်စဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် အဓိကဇာတ်လိုက်များဖြစ်သည်။ ဇာတ်ကောင်စရိုက် ပီပြင်စွာ ကျောင်းတက်ရမည်။ စာကိုကြိုးစား သင်ကြားကြရမည်။ ကျောင်းနေပျော်၍ စာတော်သော ကျောင်းသားကလေးများ ဖြစ်ကြရမည်။ ပညာသင်ကြားရခြင်း၏ အနှစ်ချုပ်ကို လေ့လာမည်ဆိုပါက မိမိနောင်ရေး ကောင်းစားရေး အတွက်သာဖြစ်သည်။ ပညာရွှေအိုး လူမခိုးနိုင်ပေ။
မိမိသင်ကြားတတ်မြောက်သည့် ပညာဥစ္စာဖြင့် ရေရှည်အကျိုးစီးပွားကို ဖန်တီးနိုင်ပေသည်။ ပညာခေတ်တွင် ကျယ်ပြန့်သော အတွေးအမြင်များစွာဖြင့် ဝါသနာအလိုက် ကြိုးစားရယူနိုင်မည့် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာသည်။
အဆိုပါ အခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရ ဖမ်းဆုပ်သွားကြရမည်ဖြစ်သည်။
အသိပညာ၊ အတတ်ပညာဖြင့်သာ လူ့အရည်အချင်း ပြောင်လက်အောင် စွမ်းဆောင်နိုင်ပေသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ရေသောက်မြစ်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ် ပိုမိုကောင်းမွန်စေရေး ပညာရေးဖြင့် မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ပြောင်မြောက်သော ပညာရေး၏ အရေးပါမှုကို တွေ့ရှိရပေသည်။
ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်စွမ်း ရှိသည့် ပညာသင်ကြားမှုဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲ ဆက်လက်လျှောက်လှမ်းသွားကြရမည်ဖြစ်သည်။ မိဘအားလုံး “ ကလေးပညာရေး ကောင်းမွန်ရေး၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းပြင်ပမရောက်ရှိရေး၊ တက္ကသိုလ်တွင် အဆင့်မြင့်ပညာရပ်များကို လေ့ကျင့်သင်ကြားရေး”စသည့် အဓိက ရည်မှန်းချက်များဖြင့် အနာဂတ် ခေါင်းဆောင်လောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်ပါစေကြောင်း ဆန္ဒမွန်ဖြင့် ရေးသား လိုက်ရပါသည်။ ။
ထက်ဝေအောင်(စစ်ကိုင်း)