အသည်းအဆီဖုံးရောဂါ (Fatty Liver)

အသည်းအဆီဖုံးရောဂါ (Fatty Liver)

 

    အသည်းအဆီဖုံးရောဂါဖြစ်ရတဲ့ အကြောင်းရင်းက   အသည်းထဲမှာ ပမာဏများလှတဲ့ သကြားနဲ့ဂျုံတို့ ရှိနေတာကြောင့်ဖြစ်တယ်။ လူသားတို့ စားသုံးလိုက်တဲ့ သကြားတွေက  အသည်းထဲမှာ  အဆီအဖြစ်ပြောင်းလဲသွားတယ်။  သကြားက ပြုပြင်ပြီး အစားအစာတိုင်းမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ အချိုရည်တွေမှာ သကြားပါဝင်မှု ပိုပြီးများတယ်။ အသည်း အဆီဖုံးတာကို Ultrasound ရိုက်ကြည့်ရင်သိနိုင်တယ်။ သကြား၊ ဂျုံ စတာတွေ များများစားလေ့ရှိသူတွေမှာ   အသည်းအဆီဖုံး ရောဂါဖြစ်ပွား တာကို တွေ့ရပါတယ်။        

အသည်းအဆီဖုံးနေသူတွေမှာ  ခန္ဓာကိုယ် ရောင်ကိုင်းတတ်ပါတယ်။ ဆီးချိုရောဂါလည်း ရှိတတ်ပါတယ်။ အသည်းအဆီဖုံးတဲ့အခါ အသည်းမှာ သာမက တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း အဆီဖုံးလေ့ရှိပါတယ်။ အသည်းအဆီဖုံးတာကြောင့် ဗိုက်လည်း ပူလာတတ်ပါတယ်။ အခုခေတ်မှာ  ကလေးအများစုက  အချိုရည်အသောက်များလို့ အသည်းအဆီဖုံး ရောဂါဖြစ်ပွားမှုက  အသည်းအစားထိုးရတဲ့ အဆင့်ထိ  ဆိုးရွား လေ့ရှိပါတယ်။ ဒါကြောင့် ကလေးတွေကို အချိုရည်သောက်သုံးဖို့ ခွင့်ပြု ပေးထားတဲ့ မိဘတွေအနေနဲ့ သတိပြုဆင်ခြင်သင့်ပါတယ်။

အသည်းပြန်လည် ကျန်းမာလာဖို့ လိုက်နာရမယ့် အချက်တွေရှိပါတယ်။ပြောင်းဖူးဆီကို လုံးဝဖြတ်ပစ်ရပါမယ်။ ပြုပြင်ပြီး အစားအသောက်တွေနဲ့ အသင့်အမြန်စား အစာအစားတွေကိုရှောင်ကြဉ်ရပါမယ်။    ကစီဓာတ် လျှော့နိုင်သမျှလျှော့ချရပါမယ်။ ဟင်းသီးဟင်းရွက် များများစားရပါမယ်။

အစေ့အဆန်ဖြစ်တဲ့ သစ်ကြားသီး စားသင့်ပါတယ်။ ကြက်သား၊ ငါးစားသင့်ပါတယ်။ ငါးကြီးဆီ၊ ထောပတ်သီး၊ အုန်းသီး၊ ထောပတ်စားသင့်ပါတယ်။  အဲဒီအစားအသောက်တွေက  ခန္ဓာကိုယ် ရောင်ကိုင်းခြင်းကိုကျစေပြီး အသည်းကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ နေ့စဉ် နာရီဝက်ကနေ  တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးသင့်ပါတယ်။ အချိုရည်ရှောင်ရပါမယ်။ တချို့ဖြည့်စွက်စာတွေ  မှီဝဲပေး သင့်ပါတယ်။  ဗီတာမင်ဘီ၊ မဂ္ဂနီစီယမ်၊  အယ်ဖာလစ်ပိုလစ်အက်စစ်၊  အင်အေစီတို့ စားသင့်ပါတယ်။ ဘရိုကိုလီ၊ ကိုလက်ဂရင်း၊ ကလာ၊ ဘလူဆဲ၊ ဆလူး ခေါ် ဂေါ်ဖီထုပ်သေးတွေ၊ မုန်လာဥ၊ ကြက်သွန်ဖြူ၊   ကြက်သွန်နီ စားသင့်ပါတယ်။ အသည်းကျန်းမာမှ လူကျန်းမာမှာဖြစ်ပါတယ်။    

အရက်သောက်တတ်တဲ့ သူတွေမှာ အသည်းအဆီဖုံးတာ တွေ့ရမြဲဖြစ်တယ်။ဒါပေမဲ့ အခုချိန်မှာ အရက်မသောက်ဘဲ အသည်းအဆီဖုံးတဲ့သူ တော်တော်များများကိုလည်း တွေ့မြင်ရပါတယ်။ ကိုယ်အလေးချိန် များနေသူတွေ၊ အသည်းမှာရှိသင့်တဲ့   အဆီပမာဏထက်  ပိုလွန်တဲ့အဆီရှိနေသူ တွေ၊  အသည်းအင်ဇိုင်းဓာတ် တက်နေတဲ့သူတွေမှာ  အသည်းအဆီဖုံး ရောဂါအဖြစ် များတာတွေ့ရပါတယ်။

အသည်းအဆီဖုံးတာက      ရောဂါလက္ခဏာတွေ မပြတတ်ပေမယ့် မောပန်းနွမ်းနယ်တာ၊  အသားဝါတာ၊  ခြေထောက်နဲ့ ဗိုက်ဖောရောင် တာ၊ စိတ်ရှုပ်ထွေးနေတတ်တာတို့ ဖြစ်တတ်ပါတယ်။ အရက်မသောက်ဘဲ အသည်းရောင်တာ၊ အသည်းအဆီဖုံးတာ ဖြစ်လာတတ်တယ်။ ဒီထက် ပိုဆိုးတာက အသည်းရောင်တာ၊ နာတာရှည် အသည်းရောင်တာ၊ အသည်းမှာ အမှတ်စွဲထင်တာ၊  အသည်းကြွပ်ဆတ်နာ၊  အသည်းကင်ဆာတို့ဖြစ် လာတတ်ပါတယ်။  အသည်းအဆီဖုံးတဲ့အခါ  အစားအသောက်အနေအထိုင် ပြုပြင်မယ်ဆိုရင်  ပြန်ကောင်းလာနိုင်ပါတယ်။ သတိနဲ့စားသောက် နေထိုင်တာကလည်း အသည်းအဆီဖုံးတာနဲ့ အသည်းရောင်တဲ့ အဆင့်ထိ မရောက်စေနိုင်ပါဘူး။

အရက်မသောက်ဘဲ အသည်းအဆီဖုံးရခြင်းရဲ့ အဓိကအကြောင်းရင်းက Fructoseသကြားကြောင့်ပါပဲ။ လူသားတို့အနေနဲ့  Fructose သကြားကို  တတ်နိုင်သမျှရှောင်ကြရမှာဖြစ်လို့ အဲဒီသကြားက ဘယ်လို အစားအစာတွေမှာ ပါဝင်တယ်ဆိုတာသိရှိပြီး သတိထားစားသုံးသင့်ပါတယ်။ အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊ ပျားရည်၊ စက်ရုံထုတ်မုန့်မျိုးစုံ၊ ကွတ်ကီးစတာတွေမှာ Fructose သကြားပါဝင်မှု များပါတယ်။ နောက်ပိုင်းမှာတော့ ရေခဲမုန့်တွေမှာ အသုံးများလာတာ တွေ့ရပါတယ်။   ရေခဲမုန့်တွေကိုစားကြည့်ရင် အလွန်အမင်း ချိုနေတာကို  သတိပြုမိပါတယ်။  Fructose  သကြားက ချိုလွန်းတယ်။ Fructose    သကြားနဲ့ Glucose  သကြားက  ခန္ဓာကိုယ်ထဲမှာ  ဇီဝဓာတုဗေဒ ဖြစ်စဉ်ချင်းမတူပါဘူး။

ဆဲလ်ကလာပ်စည်းတွေရဲ့ စွမ်းအင်ထုတ်လုပ်ဖို့ Glucose သကြားကို အသုံးချပေမယ့်  Fructose    သကြားကတော့  အူလမ်းကြောင်းကနေ အသည်းဆီကို တိုက်ရိုက်သွားပါတယ်။  အဲဒီသကြားက  အရက်လိုပဲ အသည်းကို ဒုက္ခပေးတတ်ပါတယ်။   ရေရှည်ဆိုရင် အသည်းအတွက်  အဆိပ်တစ်ခုဖြစ်စေနိုင်ပါတယ်။ အသည်းထဲမှာ အဲဒီသကြားက  အဆီအဖြစ် ပြောင်းလဲသွားပါတယ်။ Protein ဓာတ်နဲ့လည်းပေါင်းပြီး ခန္ဓာ ကိုယ်ရောင်ကိုင်းစေတတ်တဲ့   ဖရီးရယ်ဒီကယ်ငါးမျိုး    ထွက်စေပါတယ်။

Fructose  သကြားအပြင် တခြားအကြောင်းတွေက ဓာတုပစ္စည်းမျိုးစုံကြောင့် အသည်းအဆီဖုံး ရောဂါဖြစ်စေပါတယ်။ ဥပမာ- အချိုရည်ဘူးတွေ၊ စည်သွတ်ဘူးတွေ၊ ပလတ်စတစ်ဘူးတွေ ပါဝင်ပါတယ်။          

ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ အစားအသောက်၊ ပတ်ဝန်းကျင် အခြေအနေတွေက ပြောင်းလဲနေလို့ ကျန်းမာရေး ဗဟုသုတနဲ့ပြည့်စုံကြမှသာ မိမိကျန်းမာရေးအတွက် အဆင်ပြေမှာပါ။ ကုန်တိုက်တွေမှာ ဈေးဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို အမြဲဖတ်သင့်တယ်။        

အသည်းအဆီဖုံးရင် ဆီးချိုဆေး Metformin 500 mg ပေးတတ်တယ်။ Metformin 500 mg က အသည်းကနေ Glucose  သကြား ထုတ်လုပ်ခြင်းကို လျော့ပါးစေတယ်။ အူကနေ Glucose သကြားစုပ်ယူတာကို လျော့ပါးစေတယ်။  အင်ဆူလင် ယဉ်ပါးတာကို လျော့စေတာက Glucose  သကြား အသုံးပြုရတာကို တွင်ကျယ်စေပါတယ်။ Metformin  ရဲ့လုပ်ငန်းက Glucose  သကြားနဲ့ ဆိုင်ပါတယ်။ အသည်းအဆီဖုံးတာက အဓိက Fructose သကြားကြောင့်ဖြစ်တယ်။ သကြားဆိုတာ ယေဘုယျ နာမည်တူပေမယ့်  ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေက  မတူပါဘူး။ Glucose သကြားကို ခန္ဓာကိုယ်စွမ်းအင်အတွက် အသုံးချတာဖြစ်တယ်။ Fructose  သကြားက စွမ်းအင်အတွက် အသုံးမချပါဘူး။ အူကနေစုပ်ယူပြီး အသည်းကို တိုက်ရိုက် ပို့ဆောင်တယ်။

လူနာက   အသည်းလည်း အဆီဖုံးတဲ့အပြင် သွေးထဲမှာ  Glucose Level  လည်း တက်နေမယ်ဆိုရင်  ဆီးချိုရောဂါ မဖြစ်ပေမယ့်  ဆီးချိုအကြိုခေါ်တဲ့ Glucose Level စတက်နေပြီဆိုရင်တော့ သောက်လို့ရပါတယ်။   အရေးကြီးဆုံးက  ဆီးချိုအကြိုဖြစ်နေတာကို  သိဖို့လိုအပ်ပါတယ်။ Metformin  ရဲ့ကောင်းကွက်က အင်ဆူလင် ယဉ်ပါးမှုကို သက်သာစေပါတယ်။ အင်ဆူလင်ယဉ်ပါးတာက ဆီးချိုရောဂါနဲ့ သူ့ရဲ့နောက်ဆက်တွဲကြောင့်ဖြစ်တယ်။အသည်းအဆီဖုံး ရောဂါကိုကုသနိုင်ဖို့ ဆေးတွေ ကို  သုတေသနပြုလုပ်နေပြီး  FDA  ထံ တင်ပြထားဆဲဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။   ။ 

ဒေါက်တာလွင်သန့်