၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအဆင့် အုပ်စုပွဲစဉ်တွင် မြန်မာအသင်းက မြောက်ကိုရီးယား အသင်းကို အရေးနိမ့်
ရန်ကုန် နိုဝင်ဘာ ၂၁
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအဆင့် အုပ်စုပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ မြန်မာအသင်းနှင့် မြောက်ကိုရီးယားအသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၆ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် မြန်မာအသင်းက ရဲမင်းသူ၊ စိုးမိုးကျော်၊ ကျော်မင်းဦး၊ နေမိုးနိုင်၊ အောင်သူ၊ မောင်မောင်လွင်၊ ဇွဲခန့်မင်း၊ ဟိန်းဇေယျာလင်း၊ ကျော်ဇင်ဖြိုး၊ ဆွမ်လမန်နှင့် ဇော်ဝင်းသိန်းအစရှိသည့် အဓိကကစားသမား အစုံအလင်ပွဲဖြင့် ပွဲထွက်လာခဲ့သည်။
ပွဲစကတည်းက မြောက်ကိုရီးယား အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် မြန်မာအသင်းကို ဖိအားပေးကစား နိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀တွင် ဂွမ်ဂျောင်က လည်းကောင်း၊ ပွဲချိန် ၃၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ဂျူဆောင်ရှိုက လည်းကောင်း၊ ပွဲချိန် ၃၈ မိနစ်တွင် ကွမ်ဆောင်ဟန်က လည်းကောင်း မြောက်ကိုရီးယားအသင်း အတွက် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် မြောက်ကိုရီးယား အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း မြောက်ကိုရီးယားအသင်းကပင် ဆက်လက်ဖိအား ပေးကစားနိုင်ခဲ့ပြီး မြန်မာအသင်းခံစစ်ပိုင်းက ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရကာ ပွဲချိန် ၅၄မိနစ် နှင့် ၅၆မိနစ် တို့တွင် ဂွမ်ဂျောင်က လည်းကောင်း၊ ပွဲချိန် မိနစ် ၇၀တွင် ဟွမ်ဂျင်ရီကလည်းကောင်း မြောက်ကိုရီးယားအသင်း အတွက် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၇၇ မိနစ်တွင် လူစာဝင်ကစားသမား ဝင်းနိုင်ထွန်းက သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် မြေက်ကိုရီးယားအသင်းက မြန်မာအသင်းကို ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ(အာရှဇုန်) ဒုတိယအဆင့် အုပ်စုပွဲစဉ်များအဖြစ် မြန်မာအသင်းက နှစ်ပွဲကစားခဲ့ရာတွင် ဂျပန်အသင်းကို ငါးဂိုး ဂိုးမရှိ၊ မြောက်ကိုရီးယားအသင်းကို ခြောက်ဂိုး တစ်ဂိုးဖြင့် အသီးသီး ရှုံးနိမ့်ခဲ့ပြီး လက်ကျန်ခြေစစ် ပွဲစဉ်များကို လာမည့် ၂၀၂၄ခုနှစ် မတ်လမှသာ ပြန်လည်ကစားသွား ရမည်ဖြစ်ကြောင်း သိရသည်။