ပင်လယ်ပျော်တို့ ဒေသသို့ ဖွံ့ဖြိုးရေးဖြင့် ပွေ့ဖက်ခြင်း

ပင်လယ်ပျော်တို့ ဒေသသို့ ဖွံ့ဖြိုးရေးဖြင့် ပွေ့ဖက်ခြင်း

 

လှလိုက်တဲ့ “တနင်္သာရီ”

    ဤလှပသောမြင်ကွင်းကိုငေးကြည့်ရင်း “အမိမြန်မာပြည်၏ တောတောင်များ အစဉ်စိမ်းလန်းပြီး   တောင်တန်းများ  အမြဲခိုင်ခံ့တည်တံ့ကာ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိပါသည်။ စာရေးသူတို့ စစ်ကြောင်းရောက်ရှိနေသောတောင်ထိပ်မှ  မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှား မြင်ရသည်က  တနင်္သာရီဒေသအတွင်း အမြင့်ဆုံး မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့် အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ်အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။

တောင်များကိုရစ်သိုင်းနေသည့် မြူနှင်းတိမ်စိုင်ကြားက တောင်တန်းများ၏ အလှက   အံ့ဖွယ်ပန်းချီကားတစ်ချပ်လိုပင်။ ကြီးထွားမင်းမူနေသည့် မြက်ရိုင်းပင်များက တောင်အောက်မှ  ဝှေ့ယမ်းပင့်တိုက်နေသည့် လေတဟူးဟူးနှင့်အတူ  ဘယ်ညာယိမ်းနွဲ့နေကြသည်။ တောင်ထိပ်မှနေ၍ နိမ့်ဆင်းသွားသော    တောင်စွယ်များကိုကျော်ကာ  အန်ဒမန်ပင်လယ်ပြင်ကြီး ကို ကြည့်ရသည်မှာလည်း အလွန်အရသာ ရှိလှပေသည်။ ပင်လယ်ပြင်တွင် ကျွန်းငယ်လေးများက ဟိုသည်အစုအစု ရှိနေကြ၏။  ထိုကျွန်းများကား  မြိတ်ကျွန်းစုများဖြစ်ကြပေသည်။ စိမ်းပြာသော ပင်လယ်နောက်ခံတွင် မျက်စိတစ်ဆုံး ထင်ရှားလှပစွာတွေ့မြင်နေရသည်။

မုတ္တမကိုဖြတ်သန်းလျက်

    တနင်္သာရီဒေသသို့ စာရေးသူ တပ်မတော်သားဘ၀ ၁၉၉၆-၁၉၉၇ ခုနှစ်လောက်က ရောက်ခဲ့ပါသည်။ ပြည်မြို့အခြေစိုက် ခြေမြန်တပ်မ၏ စစ်ကြောင်းများနှင့်အတူ ထားဝယ်၊ မြိတ်၊ ပုလော၊ ပလောက်၊ မေတ္တာ၊ ကျောက်လုံးကြီး၊ ဘန်းချောင်း၊ တနင်္သာရီ၊ ထီးထ၊ ကထောင်းနီ၊ ကွမ်းချောင်းလေး၊ ကွမ်းချောင်းကြီး၊ ကျောက်ထု၊ မြင့်မိုရ်လက်ခတ်တောင်၊ အောင်သာဝရဒေသ တို့တွင် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုး ရေးအတွက်  စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ချိန်ဖြစ်ပါသည်။

စာရေးသူအပါအဝင် တပ်မတော်သားများ ပြည်မှထားဝယ်သို့ ယာဉ်တန်းများဖြင့် ချီတက်ခဲ့ကြသည်။ထိုအချိန်က သံလွင်မြစ်ကူးတံတား (မော်လမြိုင်) မတည်ဆောက်ရသေးပေ။

၁၆ ရာစု၊ ၁၇ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ အရေးကြီးဒေသ တစ်ခုဖြစ်ခဲ့ဖူးသည့်  “မုတ္တမမြို့” ဆိပ်ကမ်းတွင် စစ်ကြောင်းကားများ ရပ်ကြရသည်။ ထိုမှမော်တော်ယာဉ်များကို  “ဇက်သင်္ဘော”များဖြင့် သံလွင်မြစ်ကိုဖြတ်၍ မော်လမြိုင်

ဘက်ကမ်းသို့ ကူးကြရသည်။ ထိုမှကားပေါ်ပြန်တက်၍ မုဒုံ၊ သံဖြူဇရပ်၊ လမိုင်း၊ ရေး ၊ မလွဲတောင်၊ ကလိန်အောင်၊ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ ဝင်းဝ၊ ပလောက်၊ ပုလော၊ ပလတို့ကိုဖြတ်ကာ မြိတ်ဒေသသို့ ခရီးဆက်ခဲ့ရသည်။ တောတောင်လမ်းများ ဖြစ်သဖြင့် လမ်းတစ်လျှောက် တောအုပ်စိမ်းစိမ်း၊    တောင်တန်းညို့ညို့တို့က မြင်ကွင်း၌ ကပ်ပါလာကြသည်။

ကားလမ်းများရှိသော်လည်း  တောက်လျှောက်သွား၍မရသေး။ ချောင်းကူး၊ မြစ်ကူး တံတားများ မတည်ဆောက်ရသေး။ မိုးများသောဒေသ၊ မြစ်ချောင်းများပေါများသော ဒေသဖြစ်သည်နှင့်အညီ မြစ်များ၊ ချောင်းများ ပေါများလှသည်။ ဝင်းဝရွာ၊ ပလောက်ရွာ၊ ပုလောအဝင်၊ သမုတ်၊ လော့လော့ချောင်း၊ ကျွဲကူး၊ ကျောက်ဖျာရွာတို့တွင် ကားများကို ဇက်များ၊ ဖောင်များဖြင့်တင်၍ ဖြတ်ကူးခဲ့ရသည့် အချိန်ဖြစ်ပါသည်။ အချို့နေရာများ  ကျောက်ကြမ်းလမ်းဖြစ်ပြီး မြို့များနှင့်အနီးတစ်ဝိုက်တွင်မူ ကတ္တရာလမ်းများကို ဖြတ်သန်းရသည်။ ကျောက်ကြမ်းလမ်း၊ သဲကြမ်းလမ်း၊  ရွှံ့တန်း၊ ဗွက်တန်း၊ လှည်းလမ်းအနေအထား မျိုးစုံကို ဖြတ်သန်းသွားရခြင်းဖြစ်ပါသည်။ ခရီးသည်ကားများ သွားလာနိုင်မှု အနည်းငယ်သာရှိသော ကာလဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့်  အချိန်ကြာခဲ့သည်။

တည်ငြိမ်အေးချမ်းရေးကို အခြေခံ၍ နယ်စပ်ဒေသများ   ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးသည်   အရေးကြီးဆုံးဖြစ်ပါသည်။

တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာလည်း တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးကို အခြေခံ၍  ဆောင်ရွက်ရန် လိုပေသည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည်  အပြန်အလှန် ဆက်စပ်နေပါသည်။ အလားတူ    တိုင်းရင်းသား အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးသည့်  အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။

နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  သက်ဆိုင်သည့် ကဏ္ဍအသီးသီးသည်လည်း  အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပေသည်။ အဆိုပါ လုပ်ငန်းစဉ်များအားလုံးကို ဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် သက်ဆိုင်သည့် ဌာနအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

ယခုအခါ  “နယ်စပ်ဒေသများအပါအဝင် နယ်မြေအားလုံး အကြားအလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီးတစ်ခုလုံး တစည်းတလုံးတည်း မကွဲမပြား ညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည်”  ဆိုသည့် မွန်မြတ်သော ရည်မှန်းချက်ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကဏ္ဍအသီးသီး၌ အောင်မြင်မှု၊ တိုးတက်မှုရရှိနေသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ယခုအချိန်တွင်  စာရေးသူရောက်ခဲ့၊ ခြေချခဲ့ဖူးသည့် ဤတနင်္သာရီဒေသသည် ကား နှစ်ပေါင်း  ၂၅  နှစ်ကျော်ကာလအတွင်း များစွာဖွံ့ဖြိုး တိုးတက်ခဲ့လေပြီ။

နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ၁၈၈၉-၁၉၉၀  ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ပါသည်။   ဤဒေသအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ လမ်းတံတား လုပ်ငန်းကဏ္ဍတွင် မြေလမ်း ၄၆၂ မိုင်  ၅  ဖာလုံ၊  ကျောက်ခင်းလမ်း ၃၃၁ မိုင် ၆ ဖာလုံ၊ ကျောက်ရောမြေလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၃၈ မိုင် ၅ ဖာလုံ၊  ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၄ မိုင်၊ ကွန်ကရစ်လမ်း ၄ မိုင် ၁ ဖာလုံ၊ လမ်းတာချဲ့ခြင်း  ၂၂  မိုင်၊  လမ်းပြုပြင် ထိန်းသိမ်းခြင်း၂၄၇ မိုင် ၃ ဖာလုံ၊ တံတားပြုပြင်ထိန်းသိမ်းခြင်း ၅ စင်း၊ မြေထိန်းနံရံနှင့် လှိုင်းကာနံရံ တည်ဆောက်ပေးခြင်းပေ ၁၈၇၀၊  ကျောက်စီ၊   အုတ်စီနှင့် ကွန်ကရစ်ရေမြောင်း ပေ ၁၃၂၀၊ တံတားကြီး ၃၃ စင်း၊ တံတားငယ် ၂၀၁ စင်း၊ Box Culvert  ၄၀၈ စင်း၊ ရေပြွန် ၂၄၈ ခု ဖြစ်ပါသည်။ ထို့ကြောင့် ဒေသ၏ လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များ ပိုမိုကောင်းမွန်လာခဲ့ပေပြီ။

ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ ၂ ရုံ၊ ဆေးပေးခန်း ၃ ခန်း၊ ကျေးလက်ကျန်းမာရေး ဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁၃ ခု တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း ၇ ကျောင်း၊  အလယ်တန်းကျောင်း ၇ ကျောင်း၊ မူလတန်းကျောင်း ၅၀ ကျောင်း တည်ဆောက်ပေးခဲ့ပါသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေးစခန်း ၁ ခု၊ စိုက်ပျိုးမြေ ဖော်ထုတ်ခြင်း ဧက၂၀၀၊ စိုက်ပျိုးရေသွယ်ယူခြင်း လုပ်ငန်း ၁၂ မိုင်၊  မီးလင်းရေးကဏ္ဍတွင်  မီးရရှိရေး ဆောင်ရွက်ပေးခဲ့သည့် မြို့ ၂  မြို့၊ ဆိုလာနှင့်  ဆက်စပ်ပစ္စည်းများ  ပံ့ပိုးပေးခြင်း ၃၁၇၂ စုံဖြစ်ပါသည်။

ပြည်သူ့ဆက်ဆံရေး ကဏ္ဍတွင် ရုပ်မြင်သံကြား ထပ်ဆင့်ထုတ်လွှင့်စက်ရုံ ၁၀ ရုံ၊ စာကြည့်တိုက် ၂ လုံး၊ တည်ဆောက်ရေးကဏ္ဍတွင် မြို့တည်ဆောက်ရေး ၆ မြို့၊ သောက်သုံးရေ ရရှိရေး လုပ်ငန်း ၇၁ ခု၊ တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး၊ ဝန်ထမ်းအိမ်ရာလုံးချင်း  ၁  လုံး၊  နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂၂ လုံး၊ ၆ ခန်းတွဲဝန်ထမ်းအိမ်ရာ ၁ လုံးနှင့် သာသနာရေး ကဏ္ဍတွင် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်းဆောက်လုပ်ခြင်း၊ အခြားသာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း  ၅  ခုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

နိုင်ငံတော်မှ    ခွင့်ပြုရန်ပုံငွေအားဖြင့် ငွေကျပ်သန်းပေါင်း  ၄၆၆၁၄   ဒသမ ၅၆  သန်းကျခံသုံးစွဲပေးခဲ့ပြီး ဖြစ်သည်။  ဆက်လက် ဆောင်ရွက်ပေးရန် ကဏ္ဍများလည်း များစွာကျန်ရှိနေပေသေးသည်။

ဆလုံကျေးရွာများ

ဤဒေသ၏ထူးခြားမှုတစ်ခု၌ “ ပင်လယ်ပျော်ဆလုံ တိုင်းရင်းသား” တို့ ပါဝင်ပါသည်။ 

မြိတ်ကျွန်းစုများတွင်  ဆလုံတိုင်းရင်းသားများ နေထိုင်သည်ဆိုသော အသိအမြင်ကို   ကလေးအရွယ်ကပင်  ကျောင်းစာအုပ်ထဲ၌ ဖတ်ခဲ့မှတ်ခဲ့ရသည်။ မြန်မာတိုင်းရင်းသားအစ “ ပျူ၊ မွန်၊ မြန်မာ၊ သက်”  ဟူသော လူမျိုးကြီး လေးစုအနက် ဆလုံတိုင်းရင်းသားတို့မှာ “သက်” လူမျိုးတို့မှတစ်ဆင့်    ဆင်းသက်လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။  ဆလုံတိုင်းရင်းသားတို့ကို “ မော်ကင်း” ဟုလည်း ခေါ်ကြသည်။ 

ပင်လယ်နှင့် အနီးအနားတွင်နေ၍လားမသိ။ 

ပင်လယ်ပျော်တို့၏   အသားအရောင်မှာ အညိုရောင်သန်းနေကြသည်။ သစ်ထွင်းလှေတွေထဲ၌  သူတို့မိသားစုများက  အိမ်အဖြစ်နေထိုင်ကြသည်။ လွတ်လပ်မှုကို မြတ်နိုးကြ၏။  တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြသည်။  အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံပေ။  လူကြီးလူငယ်မရွေး မအားမနေဘဲ အမြဲအလုပ်လုပ်နေသော တိုင်းရင်းသားများပင်။ အားလုံး စုပေါင်းဝိုင်းဝန်း၍ ညီညွတ်စွာ လုပ်ဆောင်လေ့ရှိကြသည်။ သို့သော်   စာတတ်မြောက်မှုတော့ နည်းပါးနေပါသေးသည်။

ဆလုံလူမျိုးတို့သည်ကား  မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဂ်တစ်ခုပင်။ သူတို့၏ဓလေ့စရိုက်၊ ရိုးသားဖြောင့်မတ်မှုကို တုနှိုင်းရန်အရာမရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာလူသိများ ထင်ရှားနေခြင်းဖြစ်ပါသည်။ ဆလုံလူမျိုးတို့သည်   နေရာအတည်တကျမရှိ။

ပင်လယ်ပြင်တစ်ခွင် ဝမ်းစာအတွက် လှည့်လည်ကျက်စားကြသည်။  ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ပင်လယ်ခရု၊   ကမာ(မုတ်)ကောင်များ၊ ငါးကြီးအန်ဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို   ရှာဖွေစုဆောင်းရောင်းချလေ့ရှိသည်။ ထို့ကြောင့် Men   of  the  Sea ဟုပင် ခေါ်ဆိုနိုင်ပါသည်။

ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီးရှိ ကျွန်းစုများတွင်လည်း မြင်တွေ့နိုင်ပါသည်။

ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်ရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်တို့ရှိ ကတန်ကျွန်း၊ ဒုံးကျွန်း၊ တနင်္သာရီကျွန်း၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းစု၊ ဇာဒက်ကြီး၊ ဇာဒက်လေး၊ ဂျလန်းကျွန်း၊ မကြုံဂလက်ကျေးရွာတို့တွင်    ဆလုံတို့ စုစုခဲခဲ နေထိုင်လျက်ရှိကြသည်။

ပင်လယ်ပျော်တို့ဒေသဖွံ့ဖြိုးရေး

    ထိုဆလုံကျေးရွာများ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုလည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနက  ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဇာဒက်ကြီးကျွန်းရှိ ဆလုံတိုင်းရင်းသားများအတွက် အခြေခံပညာ မူလတန်းကျောင်းနှင့် ကျောင်းဆောင်များ ဆောက်လုပ်ပေးခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆလုံကျေးရွာရှိ  အိမ်ခြေ ၂၂၀ မီးလင်းရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ဇာဒက်ကြီးကျွန်းရှိ   ဆလုံကျေးရွာရေ ရရှိရေးအတွက် ရေသွယ်တန်းပေးခြင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မကြုံဂလက်ရွာနှင့်   ညောင်ဝိရွာတို့အတွက်ဆိုလာ ၁၄၁ စုံနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆလုံကျေးရွာများဖြစ်သည့် မကြုံဂလက်၊ ညောင်ဝိ၊ ဇာဒက်ကြီးနှင့် ဂျလန်း စသည့်ကျေးရွာများတွင် တန်ဖိုးနည်းအိမ်ရာ ၈၀ လုံးတည်ဆောက်ပေးခြင်းနှင့် Aluzinc သွပ်၊ ရိုးရိုးသွပ်များ ပံ့ပိုးလှူဒါန်းခြင်းတို့အပြင် ဇာဒက်ကြီးကျွန်းပေါ်ရှိ  ဆလုံကျေးရွာများ  ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် စမ်းကြီးချောင်းအားပိတ်ပြီး   ရေတားတမံ တည်ဆောက်ကာ  ၄  မိုင် ရေသွယ်ယူခြင်း လုပ်ငန်းတု့ိအား တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ဆလုံတိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သန်းပေါင်း ၄၁၆ ဒသမ ၃၆၉ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအပြင်     ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးရေးကိုလည်း  ဆောင်ရွက်ပေးခဲ့ပါသည်။   ပြည်ထောင်စုဝန်ကြီး၏ တိုင်းဒေသကြီးအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း စစ်ဆေးခဲ့သည့် ခရီးစဉ်များတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ   ဆလုံတိုင်းရင်းသားကျောင်းသား၊ ကျောင်းသူကလေးများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ပံ့ပိုးလှူဒါန်းပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့    ဆလုံတိုင်းရင်းသား ၃ ဦး၊ တိုင်းရင်းသူ ၄ ဦး စုစုပေါင်း ၇ ဦး တက်ရောက်ပညာ သင်ယူခဲ့ပြီး ဘွဲ့များအသီးသီးရရှိကာ ဝန်ကြီးဌာန အသီးသီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြလေပြီ။

ယခင်က    စာတတ်မြောက်မှု နည်းပါးခဲ့သော်လည်း လက်ရှိကာလတွင် နိုင်ငံတော်အစိုးရ၏ စီစဉ်ပေးမှုဖြင့်  ယခုအခါ  ဆလုံတိုင်းရင်းသား ပညာတတ်များ  ပေါ်ပေါက်ခဲ့လေပြီ။

အကောင်းဆုံးခရီးသွားလုပ်ငန်း တနင်္သာရီကမ်းရိုးတန်း၌  ထူးခြားထင်ရှားသော ကျွန်းကြီး၊ ကျွန်းငယ်များ အမြောက်အမြားရှိနေသည်။ အချို့ကျွန်းများမှာ  မူလသဘာဝအတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ကျွန်းစုများ   သဘာဝအတိုင်း တည်ရှိနေကြသည်။

သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေကြသည်။ သဘာဝမျိုးကွဲ၊ မျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာ တည်ရှိနေကြသည်။

ထိုကဲ့သို့  တနင်္သာရီကမ်းရိုးတန်းရှိ ကျွန်းများ သဘာဝအတိုင်း တည်ရှိနေခြင်းသည်ပင် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီးသေးသော သဘာဝအမွေအနှစ်များ ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တနင်္သာရီတိုင်း ဒေသကြီးသည်  မြန်မာနိုင်ငံ၏  ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံး ခရီးစဉ်တစ်ခုဖြစ်လျက်ရှိနေပါသည်။

သဘာဝအတိုင်းတည်ရှိသော တနင်္သာရီကမ်းရိုးတန်းခရီးစဉ်  ဖွံ့ဖြိုးတိုးတက်လာရေးတွင် လမ်းပန်းဆက်သွယ်ရေး   လွယ်ကူချောမွေ့ ကောင်းမွန်မှုနှင့် ပြည်တွင်းပြည်ပ ခရီးသွားများ ဆက်သွယ်သွားလာရာ၌ လမ်းပိုင်းများ အဆင့်မြင့်မြင့်ဖြင့် ဖြောင့်ဖြူးကောင်းမွန်ရန် လိုအပ်ပါသည်။

စိမ်းလန်းခိုင်ခံ့ရှင်သန်စေရန်

    ထိုသို့ဖြစ်စေရန်   နယ်မြေတည်ငြိမ် အေးချမ်းရန်တော့   အထူးလိုအပ်လှပါသည်။

အဘယ့်ကြောင့်နည်း။ ဆိုရသော် ငြိမ်းချမ်းသော ရပ်ရွာများ၌သာ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ခွင့်ရရှိနိုင်ပါလိမ့်မည်။   ဒေသတွင်း နယ်မြေဝန်းကျင်မှာ ညီညွတ်ခြင်းတေးသံများ ပျံ့နှံ့နေရန်လိုသည်။ သို့မှသာ ညီညွတ်ခြင်း၏  အသီးအပွင့်ကို ဒေသခံများ ခံစားခွင့်ရကြပါလိမ့်မည်။ အချင်းချင်းမညီညွတ်၊ မငြိမ်းချမ်းသရွေ့ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်၍မရ၊ ဖွံ့ဖြိုးရေးကို ဖော်ဆောင်၍မရပေ။

အချင်းချင်း   မေတ္တာတရားရှိမှသာလျှင် သဘာဝ အလှတရားများကို ခံစားနိုင်ပါလိမ့်မည်။  

ငြိမ်းချမ်းနိုင်ပါလိမ့်မည်။ အမုန်းတရားတို့သည် အလုံးစုံပျက်စီးခြင်းသို့သာ ဦးတည်စေပါသည်။

အမှောင်တံတိုင်းထဲက လွတ်မြောက်၍ အလင်းရောင်အောက်ရောက်ပြီးမှ  အမှောင်တံတိုင်းနောက်သို့ ပြန်ရောက်သွားသည့် ဒေသများစွာလည်း ရှိနေပါသည်။  အတိတ်ဖြစ်စဉ်တို့ကို  သင်ခန်းစာရယူ၍    ပစ္စုပ္ပန်တွင် သိရှိနားလည်ပြုပြင်မှသာ နောင်အနာဂတ်ကာလ သားစဉ်မြေးဆက် သာယာအေးချမ်း ဖွံ့ဖြိုးသည့် အကျိုးကို ခံစားရပေမည်။

လှပသော   တနင်္သာရီတိုင်းဒေသကြီး၏  ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ “ အမိမြန်မာပြည်

၏  သစ်ပင်သစ်တောများ  အစဉ်စိမ်းလန်းပြီး တောင်တန်းကြီးများ  အမြဲခိုင်ခံ့တည်တံ့ကာ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ။   ။      

ဝ ထ က  လ သ (န တ လ)