တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၌ ဝင်းကုသိုလ်ဖြစ်ဆေးခန်း ဆောက်လုပ်ရန် ပန္နက်တင်ခြင်း မင်္ဂလာပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၂၃

   

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဗုဒ္ဓတက္ကသိုလ်၌ ဝင်းကုသိုလ်ဖြစ်ဆေးခန်း သစ်ဆောက်လုပ်ရန် ပန္နက်တင်ခြင်း မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာ အောက်စဖို့ဒ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာဓမ္မသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

   

ဦးစွာ တက်ရောက်လာကြသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဒုတိယပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိပါလ အမှူးပြုသော သံဃာတော်များက ကမ္မဝါစာ၊ ပရိတ်တရာတော်များ ရွတ်ဖတ် သရဇ္ဈယ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

   

၎င်းနောက် သံဃာတော်များက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာတော်အား ရွတ်ဖတ်သရဇ္ဈယ်ကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝင်းကုသိုလ်ဖြစ်ဆေးကုခန်း ဆောက်လုပ်ရန် မြေနေရာအား ပန္နက်ရိုက်ခြင်းနှင့် ရတနာအုတ်မြစ်တော်စီခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။