၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂၂

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌   ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြသည့်ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်းများမှ   အုပ်ချုပ်သူ/ နည်းပြများ၊  အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့်  ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်/မယ်များသည်  မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့်  တိုင်းဒေသကြီးအသင်း အောင်မြင်မှုရရှိရေးအတွက်  မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း  တိုက်တွန်းမှာကြားရင်း ပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစား အသင်းများမှ  အားကစား သမားများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမျိုးသား ပိုက်ကျော်ခြင်း နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ  နေပြည်တော်ကောင်စီနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး  အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို  ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  လာရောက်ယှဉ်ပြိုင်ကြသည့် ပိုက်ကျော်ခြင်း  အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊  မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့်  နိုင်ငံကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး အတွက် ရည်ရွယ် ကျင်းပပေးခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို  နိုဝင်ဘာလ ၂၂  ရက်မှ ၂၄  ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌  ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်  တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း အားကစား သမား စုစုပေါင်း ၂၆၂  ဦး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများ အနေဖြင့် အခမဲ့ လာရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။