လှပမြိုင်ဆိုင် တောင်ကြီး တန်ဆောင်တိုင်

လှပမြိုင်ဆိုင် တောင်ကြီး တန်ဆောင်တိုင်

 

သီတင်းကျွတ် ပွဲတော်ကြီးပြီးတော့..

တန်ဆောင်မုန်း...တန်ဆောင်တိုင်

ဆီမီးကမြိုင် .....

တေးပြုစာဆို တက္ကသိုလ်စိုး ရေးသားပြီး တေးသံရှင် ကိုမြကြီးသီဆိုခဲ့သော မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် တေးသီချင်း အစပိုင်းလေးကိုသီဆိုရင်း  ယခုကဲ့သို့  တန်ဆောင်မုန်းလ၌ ပါဝင်ဆင်နွှဲခွင့်ရခဲ့သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် အကြောင်းက ခေါင်းထဲ ရောက်လာပါသည်။ အတွေးနောက်မှာ အရေးပါမှဖြစ်မယ်ဟု ဆင့်ပွားတွေးမိရင်း စာရေးစားပွဲဆီသို့သွားကာ စာရွက်ပေါ်တွင် အတွေးစများကို ရေးချနေမိတော့သည်။

စာရေးသူသည် ၂၀၁၃ ခုနှစ်မှသည် ၂၀၁၈ ခုနှစ်အထိ  တောင်ကြီးတန်ဆောင်တိုင်  မီးပုံးပျံပွဲတော်ကြီးကို နှစ်စဉ်ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ပါသည်။  တချို့သောနှစ်များတွင်  ဖွင့်ပွဲနေ့မှသည် ပိတ်ပွဲနေ့အထိပင် နေ့စဉ်ကြည့်ရှု အားပေးခွင့်ရရှိခဲ့ပါသည်။  ထို့ကြောင့်ပင်   တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အကြောင်း ရေးစရာ အကြောင်းအရာများ ခေါင်းထဲရောက်လာရခြင်းဖြစ်ပါသည်။

ယခုကဲ့သို့  တန်ဆောင်မုန်းလရောက်ချိန်တွင် ရှမ်းပြည်နယ်၏မြို့တော်ဖြစ်သော တောင်ကြီးမြို့သို့ အနယ်နယ်အရပ်ရပ်မှပြည်တွင်း၊ ပြည်ပ ခရီးသွားများသည် မီးပုံးပျံပွဲတော်တွင်  ပါဝင်ဆင်နွှဲနိုင်ရန် နည်းလမ်းမျိုးစုံဖြင့်     အပြိုင်အဆိုင် ရောက်ရှိလာကြပါသည်။  ရှမ်းပြည်နယ် တောင်ပိုင်းတစ်ခွင်ကို   ရောက်ရှိလာပြီဆိုလျှင်ဖြင့်   ထင်းရှူးရနံ့သင်းနေသော ရှုမျှော်ခင်းများ၊ လေလာတိုင်းတွင် နေကြာရိုင်းပင်တို့၏  လမ်းဘေးတစ်လျှောက် သဘာဝအလျောက်  ပေါက်ရောက်ကာ

ယိမ်းကနေကြသော ရှုမျှော်ခင်းအလှအပြင် မှိုင်းပျပျ တောင်တန်းအလှများနှင့် လျှိုမြောင်စိမ့်စမ်း အလှအပတို့မှာ မြင်ရသူများကို ဘဝင်ဆူ၍ နောက်တစ်ကြိမ်တွင် လာလည်ချင်စိတ်ဖြစ်အောင် ဖိတ်ခေါ်နေသည့်အလား စိတ်ကိုနိုးကြား တက်ကြွနေစေပါသည်။

 ရိုးရာမီးပုံးပျံပွဲတော်ကြီးအကြောင်း ပြောကြမည်ဆိုလျှင် ပွဲတော်ကျင်းပရာ တောင်ကြီးမြို့အကြောင်းကို မပြောမဖြစ် ပြောကြရမည်ဖြစ်ပါသည်။ တောင်ကြီးမြို့သည် ခရစ်နှစ် ၁၈၃၈ ခုနှစ်(မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်) ခန့်က ပအိုဝ်းကျေးရွာလေး တစ်ရွာဖြစ်ခဲ့ကြောင်း၊ ပအိုဝ်းဘာသာဖြင့် ဒုံတောင်ကျည်  ဟုလည်းကောင်း၊ ရှမ်းဘာသာဖြင့် တောင်ကျည် ဟုလည်းကောင်း ခေါ်တွင်ကာ မြန်မာလို တည်ပင်တောဟူ၍ အဓိပ္ပာယ်ရကြောင်း၊ ကာလရွေ့လျောလာသောအခါ တောင်ကြီးမြို့ဟူ၍ ဖြစ်ပေါ်လာသည်ဟု မှတ်သားရပါသည်။

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၇၁၂ပေ၊ တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၅၆၀၀  ကျော်ရှိသည်ဟု မှတ်သားရပါသည်။  တောင်ပေါ်မြို့ကြီး တစ်မြို့ဖြစ်သောကြောင့် တစ်နှစ်တာလုံး အေးမြသော ရာသီဥတုကိုရရှိကာ နေထိုင်၍ကောင်းသောမြို့ဖြစ်ပါသည်။  မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်  (ခရစ်နှစ် ၁၈၉၄ ခုနှစ်)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်ဟု မှတ်တမ်းများတွင် မှတ်သားရပြီး မြို့၏သက်တမ်းမှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၃၀ နီးပါးရှိနေပြီဖြစ်ပါသည်။

တောင်ကြီးမြို့တွင်  ရှမ်း၊ ပအိုဝ်း၊ ဗမာ၊ ပလောင်၊ အင်းသား၊    ဓနု၊   တောင်ရိုး   စသည့် တိုင်းရင်းသားများ   ညီညွတ်ချစ်ကြည်စွာ  စုစည်းနေထိုင်ကြပါသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့် ပြည်နယ်၏ အချက်အချာမြို့ကြီးဖြစ်ပါသည်။တောင်ကြီးမြို့သူ၊ မြို့သားများသည် အေးချမ်းစွာစီးပွားရေး လုပ်ငန်းများကို ကြိုးစား လုပ်ကိုင်ကြသူများ ဖြစ်သည့်အပြင် အနေအထိုင် ရိုးသားပွင့်လင်းကာ မျက်နှာတွင် အပြုံးများဖြင့် ရိုးသားဖော်ရွေသူများ ဖြစ်ကြပါသည်။

ယခု ၂၀၂၃ ခုနှစ်တွင် တောင်ကြီးမြို့၏ မြို့သက်တမ်းမှာ (၁၂၉) နှစ်ပြည့်ခဲ့ပြီ ဖြစ်သကဲ့သို့    မြို့၏သမိုင်းနှင့်ယှဉ်ကာ အစဉ်အလာကြီးမားခဲ့သော တောင်ကြီးမြို့၏   မီးပုံးပျံပြိုင်ပွဲ သမိုင်းကိုလည်း လေ့လာမှတ်သားမိသမျှ တင်ပြမည်ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကာလ  ၁၉၄၁ ခုနှစ်  တောင်ကြီးမြို့၏   သက်တမ်း(၄၇)နှစ်မြောက်ဖြစ်သည့် တန်ဆောင်မုန်းလတွင် ကုန်းသာ ဘုန်းတော်ကြီး(တဲ)ကျောင်း ဆရာတော်က ဦးစီး ပဓာနပြုကာ အဘိုး ဦးထား၊ ဦးချစ်၊ ဦးဖိုးရီ စသည့် မီးပုံးပျံ ဆရာကြီးများက ခေါင်အချင်းပေ ၅၀ ခန့် မီးပုံးပျံကြီးကို ပိတ်စဖြင့်ပြုလုပ်ကာ ကူညီကုန်း အောင်မြင်ဝပ်ရှော့ စာရေးကတော် ဒေါ်သင့်နှင့် အဖွဲ့က ချုပ်လုပ်ခဲ့ကြပြီးတစ်လ ကြာမြင့်ခဲ့ကြောင်း၊ မီးစာကို သံနှင့်ပြုလုပ်ကာ သင်္ကန်းစကိုကျစ်၍ ရေနံချေးကို အသုံးပြုပြီး မီးစာမှာ လုံးပတ်အချင်း ၂ ပေခန့်ရှိကြောင်း၊ မီးစာအမြင့်မှာ  ၁၀ ပေခန့်ရှိပြီး ယင်းမီးစာကို မြေဖြူတောင်ရပ်ကွက်မှ   ဦးလှဖေနှင့်အဖွဲ့က တာဝန်ယူပြုလုပ် ပေးခဲ့ကြကြောင်း၊  အဆိုပါ မီးပုံးပျံကြီးကို     ကုန်းသာကျောင်း ကုန်းပေါ်မှပင်    လွှတ်တင်ခဲ့ကြပြီး ယင်းမီးပုံးပျံ၏ အောက်တွင် ထီး၊ ဖိနပ်၊ လုံချည် စသည့်   လှူဒါန်းဖွယ် အစုံစုံကိုချည်ကာ လွှတ်တင်ခဲ့ခြင်းဖြစ်သည်ဟု သိရပြီး  ယင်းမီးပုံးပျံကြီးမှာ  အမြင့်ကိုက်  ၄၀၀ ကျော်ခန့်သာတက်၍ ပျက်ကျခဲ့သည်ဟု ဆိုသည်။

ယင်းမှ  ၁၉၄၅ ခုနှစ်တွင်  ဂတ်တဲပွဲအမည်ဖြင့် ကျင်းပခဲ့ရာ   ထိုအချိန်က အာဝါဒေးဟု   အသံထွက်ခေါ်ဝေါ်ခဲ့ကြကြောင်း မှတ်သားရပါသည်။   ယင်းပွဲသို့ နွားလှည်းများဖြင့်  လာရောက်ကြကာ အငြိမ့်များဖြင့် စည်ကားစွာ ကျင်းပခဲ့ကြသလို  ယမ်းမပါသည့် ရိုးရိုးမီးပုံးပျံများကို အပျော်သဘောဖြင့် လွှတ်တင်ခဲ့ကြသည်ဟု သိရှိရသည်။ ထိုမှ နောက်နှစ်ပွဲတော်များတွင် မီးကြာကလပ်၊ မီးပုံးငယ်များ ကိုင်ဆောင်လှည့်လည်ကာ ဓမ္မာရုံဘုရားကို မီးပူဇော်ခြင်း၊ သစ်ပင်သစ်ကိုင်းများတွင် မီးပုံးများချိတ်ဆွဲ အလှဆင်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တိုင်းရင်းသားအလိုက် ရှမ်း/ဓနု အိုးစည်များတီးကာ မီးပူဇော်ခဲ့ကြသည်။   ၁၉၅၃-၁၉၅၄ ခုနှစ်တွင် မီးပန်း၊ ဗြောက်အိုးများ ချိတ်ဆွဲကာ  အလှဆင်၍      လှပစွာပြန်လည် ကျဆင်းလာစေရန် ပြုလုပ်လာကြပြီး ရိုးရာမီးရှူးများ ထည့်သွင်း လွှတ်တင်လာကြသလို ၁၉၅၆-၁၉၅၇ ခုနှစ်တွင်  လေယာဉ်ကိုယ်ထည် သံများဖြင့်  မီးရှူးမီးပန်း အဖြူရောင်များဖြာထွက်စေရန် ပြုလုပ်လာကြပြီး ၁၉၅၇-၁၉၅၈ ခုနှစ်တွင် သိမ်တောင်ဆရာတော်၏ နည်းဖြင့် ယမ်းစိမ်း၊ ထုံး၊ ကန့်၊ ဒုတ္ထာ တို့ကိုစပ်ကာ အရောင်များ တီထွင်ဖန်တီး လာကြသည်ဟူ၍   ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ဝေသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်   ၁-၂- ၂၀၂၁ ရက်မှ ၃၀-၉-၂၀၂၂ ရက်ထိ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်ကို လေ့လာဖတ်ရှုရပါသည်။

၂၀၂၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို   ၂၁-၁၁-၂၀၂၃ မှ ၂၇-၁၁-၂၀၂၃ ရက်နေ့အထိ ခုနစ်ရက်တိုင် အဝေရာ မီးပုံးပျံကွင်း၌  စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။    ၂၀၂၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာလ ၂၁ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ စူဋ္ဌာမုနိလောက ချမ်းသာ စေတီတော်ရင်ပြင်၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က တန်ဆောင်တိုင် ပွဲတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခြင်းနှင့်အတူ စိန်နားပန်မီးပုံးပျံကြီး နှစ်လုံး၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများက မီးပုံးပျံအသေးများအား တစ်ပြိုင်တည်း လွှတ်တင်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုနှစ်တွင် နေ့လွှတ်   အရုပ်မီးပုံးပျံပြိုင်ပွဲနှင့် ညလွှတ်မီးပုံးပျံ လွှတ်တင်ပွဲဟူ၍ နှစ်မျိုးကျင်းပသွားမည်ဖြစ်ရာ နေ့လွှတ်အရုပ် မီးပုံးပျံများ အနေဖြင့်-

၁။ နေ့လွှတ်အရုပ်ခြေ (၂) ချောင်း

 ၂။ နေ့လွှတ်အရုပ်ခြေ (၄) ချောင်း

 ၃။ အရုပ်အုပ်စုများ

ဟူ၍ယှဉ်ပြိုင်ရန် သတ်မှတ်ထားပြီး ညလွှတ်မီးပုံးပျံများ အနေဖြင့်-

၁။ ညမီးကြီးမီးပုံးပျံ ၂၅ ပေ - ၁၅လုံး

၂။ ညမီးကြီးမီးပုံးပျံ ၂၂ ပေ - ၂၃လုံး

၃။ စိန်နားပန်မီးပုံးပျံ ၁၈ ပေ -၂၅လုံး

ညလွှတ်မီးပုံးပျံ အလုံးရေ စုစုပေါင်း ၆၃ လုံးလွှတ်တင်သွားပါမည်  ဟုမီးပုံးပျံပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဤနေရာတွင် မီးပုံးအမျိုးအစားများအား စာဖတ်သူများမြင်လွယ်စေရန် လေ့လာမိသမျှ တင်ပြပါမည်။

 နေ့လွှတ်မီးပုံးပျံများကို မျိုးဆက်သစ် လူငယ်လေးများက ဖန်တီးပြုလုပ် ယှဉ်ပြိုင် လေ့ရှိကြပြီး   နေ့လွှတ်အရုပ်များတွင် ခြေ ၄ ချောင်း၊ ခြေ ၂ ချောင်းနှင့် အုပ်စုဟူ၍ရှိရာ ခြေ ၄ ချောင်း၊ ခြေ  ၂ ချောင်းတို့မှာ တစ်ကောင်ချင်းပြိုင်ရပြီး အုပ်စုဆိုသည်ကတော့ ၃  ကောင်အထက်တွင် ပြိုင်ရသည့်  ပြိုင်ပွဲအမျိုးအစားဖြစ်၍ အနည်းဆုံး ၃ ကောင်လုံးတက်ရန် လိုအပ်ပါသည်။

စိန်နားပန်မီးပုံးပျံများမှာ စိန်ကို နားမှာပန်ထားသကဲ့သို့ မီးပုံးပျံကြီးကို မီးပုံးငယ်များဖြင့် အလှဆင်ကာ ဗုဒ္ဓဘုရားရှင်၏ ပုံတော်များ၊ တောထွက်ခန်း၊ ဇာတ်ကြီးဆယ်ဘွဲ့ပါ သရုပ်ဖော်ပုံများနှင့် အလှဆင်ကာ အောက်ဆွဲမီးပုံးလေးများဖြင့်လည်း အလှဆင်ထားသော မီးပုံးပျံ အမျိုးအစား ဖြစ်ပါသည်။ စိန်နားပန် မီးပုံးပျံပြုလုပ်ရာတွင် ဝါး၊ မိုင်းကိုင်စက္ကူ၊ ကော်၊ ပိတ်ဖြူ၊ ကြိုးတို့ဖြင့် စနစ်တကျပြုလုပ်ကြရပြီး မီးပုံးအလှဆင်ရန်အတွက်  ရောင်စုံစက္ကူ၊ ဖယောင်းတိုင်၊ မီးပုံးအသေးများနှင့် ရေဆေးတို့ကို အသုံးပြုကြရပြီး အောက်ဆွဲအဖြစ် ဝါးကပ်၊ သွပ်နန်းကြိုး၊ မီးပုံးအသေးနှင့် ဆီစိမ်စက္ကူတို့ကို အသုံးပြုကာ စနစ်တကျပြုလုပ်၍ အလှဆင်ကြရပါသည်။

မီးပုံးပျံကိုယ်ထည်ကို  ကျောက်ဖရုံသီးပုံနှင့်     သင်္ဘောသီးပုံသဏ္ဌာန်များ ပြုလုပ်လေ့ရှိကြပြီး မီးပုံးပျံခေါင်အမြင့်မှာ ၁၈ ပေမှပေ ၂၀ အတွင်း ပြုလုပ်ဖန်တီးလေ့ ရှိကြပါသည်။ စိန်နားပန်မီးပုံးပျံများမှာ မီးပုံးပျံကိုယ်ထည်နှင့် အောက်ဆွဲတို့တွင် မီးပုံးအသေးများ ချိတ်ဆွဲ၍ အလှသရုပ်ဖော်အဖြစ် အဓိကထား ယှဉ်ပြိုင်လွှတ်တင်ရသော မီးပုံးပျံအမျိုးအစားဖြစ်ပါသည်။

ညမီးကြီး(ညမီးကျည်)မီးပုံးပျံများမှာ ခေါင်အမြင့် ၂၃ ပေမှ ၂၅ ပေအတွင်း ပြုလုပ်ဖန်တီးကြရပြီး ယမ်းပိဿာချိန် ၄၀ ဝန်းကျင်အထိ နိုင်အောင် ဖန်တီးကြရပါသည်။ ညမီးကြီး (ညမီးကျည်)မီးပုံးပျံမှာ ယမ်းဖြင့်ဖန်တီးပြုလုပ်ထားသော မီးရှူးမီးပန်းအလှနှင့်  မည်မျှစုံလင်လှပကြောင်းကို  အဓိကဖော်ညွှန်းယှဉ်ပြိုင်ရသော မီးပုံးပျံ အမျိုးအစားပင်ဖြစ်ပါသည်။ စိန်နားပန် မီးပုံးပျံ၏  အသက်မှာ အောက်တွဲဖြစ်၍ ညမီးကြီး(ညမီးကျည်) မီးပုံးပျံ၏ အသက်မှာ ယမ်းခွေပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း မီးပုံးပျံပညာရှင်များက စိန်နားပန်အသက် အောက်တွဲက ညမီးကြီးအသက် ယမ်းခွေက ဟူ၍ ပြောစမှတ်ပြုကြခြင်းဖြစ်ပါသည်။

စိန်နားပန်နှင့် ညမီးကြီးမီးပုံးပျံများ ကောင်းကင်သို့ကောင်းစွာ လွှတ်တင်နိုင်ရန်အတွက် အဓိကကျသော  အထောက်အကူပြု အစိတ်အပိုင်းဖြစ်သည့်  မီးစာတိုင်ကိုလည်း စနစ်တကျဖန်တီး ပြုလုပ်ကြရပါသည်။ မီးစာတိုင်ကို ဖန်တီးရာတွင်  သံ သို့မဟုတ် စတီး ကို အသုံးပြုလေ့ရှိကြပါသည်။

မီးစာကို  အမြင့်အနေဖြင့်  ၈  ပေ၊ အကျယ် အနေဖြင့် ၆ လက်မခန့် ဖန်တီးပြုလုပ်ကြပါသည်။ မီးစာတိုင်ပြုလုပ်ရာမှာ  စတီးချောင်းပေါ်တွင် ရေနံစိမ်ထားသော စောင်ကိုပတ်၍ ဖယောင်းကို အရည်ကျိုကာ လောင်းလေ့ရှိကြပါသည်။ ထို့ပြင် ရေနံချေးနဲ့ ဖယောင်း(၅း၁) ရောထားသော စောင်တစ်ထပ်နှင့် တစ်ခါရေနံချေးနဲ့ ရေနံစိမ်း(၁း၁) ရောစိမ်ထားသော စောင်နှစ်ထပ်ပတ်၍   အပေါ်တွင်ပိတ်ဖြူပတ်ကာ စနစ်တကျ ဖန်တီးပြုလုပ်ကြရပါသည်။ မှိုင်းထိုးရန် မီးဆော်တုတ် ၆ ချောင်းခန့်ကိုလည်း ကြိုတင်စီမံပြုလုပ်ထားရပါသည်။ စိန်နားပန်နှင့်ညမီးကြီးမှာ ဖန်တီးပြုလုပ်ပုံတူသော်လည်း အရွယ်အစားအနည်းငယ်သာ ကွာခြားပါသည်။

စိန်နားပန်နှင့် ညမီးကြီးမီးပုံးပျံများကို ပြိုင်ပွဲမကျင်းပမီ ၄ လ၊ ၅ လခန့်ကပင် ကြိုတင်ဖန်တီးကြရပြီး တာဝန်အသီးသီး ခွဲဝေကာ မီးပုံးပျံပညာရှင်များ၏ ကြီးကြပ်မှုဖြင့် အဖွဲ့အစည်းအလိုက် စနစ်တကျ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီ ဖန်တီးကြရပါသည်။

မီးပုံးပျံကြီးများ လွှတ်တင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲနေ့ ညဦးပိုင်းအချိန်မှစ၍ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းကြီးထဲတွင်  ယှဉ်ပြိုင်ကြသည့် ညလွှတ်မီးပုံးပျံကြီးများ ကောင်းကင်သို့ တက်သွားသောအခါ ပရိသတ်များ၏ သြဘာလက်ခုပ်သံများ ကွင်းလုံးလျှံ၍ ညံထွက်သွားပါသည်။  ညမီးကြီးများလွှတ်တင်လျှင်   မီးပုံးပျံကြီးများ၊  မီးရှူးမီးပန်းများ တဖွားဖွားနှင့်   ကောင်းကင်သို့ တက်သွားသည်ကို  ရင်သပ်ရှုမောဖွယ် တွေ့မြင်ကြရပါသည်။ ထို့ပြင် စိန်နားပန်မီးပုံးပျံကြီးများ ကောင်းကင်သို့ တက်သွားသောအခါ အောက်ဆွဲ အလှမီးပုံများဖြင့် အလှဆင်ထားသော သရုပ်ဖော်ပုံမျိုးစုံကို ပွဲတော်လာရောက် လည်ပတ်သူများအားလုံး တွေ့မြင်ရှုစားကြရပါသည်။ ထိုသို့ တွေ့မြင်ရှုစားကြရသောအခါ   ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များသည် ခရီးစဉ်တစ်လျှောက်တွင် ခရီးပန်းခဲ့သမျှ ရွှင်လန်းတက်ကြွစွာ မီးပုံးပျံပွဲတော်ကို လာရောက်ဆင်နွှဲရကျိုးနပ်လေစွဟု အားလုံးနှုတ်မှ ဖွဖွကျေနပ် ချီးကျူးမကုန်ဖြစ်ကြရပေသည်။

ဤသို့ခမ်းနားထည်ဝါလှပသော တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကြီးသည် တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု တစ်ခုပင်ဖြစ်ပါသည်။  တောင်ကြီးမြို့၏   ရိုးရာမီးပုံးပျံ ပွဲတော်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်   ကြိုးပမ်းနေဆဲဖြစ်သည်ဟု သိရပါသည်။ အခြားသောနိုင်ငံများတွင် ယင်းတို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုများ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေချိန်တွင် မိမိတို့တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်စေရန် ကြိုးပမ်းပါက မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်သာမက တိုင်းပြည်၏ခရီးသွား လုပ်ငန်းအတွက်ပါ အကျိုးရှိမည်ဖြစ်ပါသည်။ ဒေသခံတိုင်းရင်းသား လူမျိုးများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းလာနိုင်မည်ဖြစ်ပါသည်။

 အချုပ်အားဖြင့်ဆိုရသော်  တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သော  တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးကို  မြန်မာနိုင်ငံတစ်ဝန်းမှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေဖြင့် ချစ်ကြည်ရင်းနှီးနွေးထွေးစွာ ပါဝင်ဆင်နွှဲရင်း အေးချမ်းပျော်ရွှင်မှုကို ရရှိနိုင်ပါစေကြောင်း ဆန္ဒပြုကာ ရေးသား တင်ပြလိုက်ရပါတော့သည်။    ။