ဓာတ်ငွေ့ဈေးနှုန်း တည်ငြိမ်ရေးကိုခြိမ်းခြောက်နေတဲ့ ဆောင်းရာသီ၊ စစ်ပွဲနဲ့ ရောင်းလိုအား ကွင်းဆက်

ဓာတ်ငွေ့ဈေးနှုန်း တည်ငြိမ်ရေးကိုခြိမ်းခြောက်နေတဲ့ ဆောင်းရာသီ၊ စစ်ပွဲနဲ့ ရောင်းလိုအား ကွင်းဆက်

 

    ဥရောပဒေသမှာ နိုဝင်ဘာလဆိုတာ ပုံမှန်အားဖြင့်   အပူပေးတဲ့ ရာသီအစကို ရောက်ရှိလာပြီလို့ ဆိုနိုင်ပါတယ်။ တစ်နည်းဆိုရရင်   ဆောင်းရာသီ အအေးဓာတ်ကြောင့် အနွေးဓာတ်ရအောင် ဖန်တီးရတဲ့အချိန်ပေါ့။

ဒီနှစ်မှာဆိုရင် ရှည်လျားလှတဲ့နွေရာသီ ကာလလွန်မြောက်ပြီး     နိုဝင်ဘာလနှောင်းပိုင်းမှာ     ဆောင်းရာသီထဲကို တဖြည်းဖြည်း ချင်းနင်း ဝင်ရောက်လာနေပါပြီ။

ဒီအချိန်မှာ ဆောင်းရာသီရဲ့ အအေးဓာတ်နဲ့အတူ အပူချိန်များကလည်း ကျဆင်းလာသလို နေအိမ်တွေမှာရှိတဲ့ အပူပေးစနစ်တွေကိုလည်း ဖွင့်လာရပါပြီ။ တစ်ဆက်တည်းဆိုသလိုပဲ ဓာတ်ငွေ့ဈေးနှုန်းကလည်း အတက်ဘက်ကို စတင်ရောက်ရှိ လာပါပြီ။

ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် ဥရောပဒေသရဲ့ ဆောင်းရာသီဟာ ပုံမှန်ဆောင်းရာသီ အပူချိန်ထက် အနည်းငယ်လျော့ကျခဲ့တဲ့အတွက် ကံကောင်းခဲ့တယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒီနှစ်မှာတော့ အရာအားလုံးက  အပြောင်းလဲကြီး ပြောင်းလဲသွားတော့မှာပါ။

အခုလက်ရှိအချိန်အထိတော့ ဥရောပဒေသရဲ့ ဓာတ်ငွေ့သိုလှောင်ထားမှု ပမာဏဟာ အပြည့်အဝရှိနေပါတယ်။ ဒါဟာလည်း အမေရိကန်ဆီကနေ    သဘာဝဓာတ်ငွေ့ အရည်တွေ ပုံမှန်ဝင်ရောက်နေမှုကြောင့်ပါ။

ဒါပေမဲ့    အခုအချိန်ဟာ ဓာတ်ငွေ့ လိုအပ်မှု အများဆုံးကာလကို   စတင်တဲ့ အချိန်ဖြစ်လာပါပြီ။ ဒီအတွက် ဓာတ်ငွေ့ဝယ်လိုအားက အာရှဒေသရဲ့ ဝယ်လိုအား အတိုင်းပဲ မြင့်တက်လာပါမယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာ အနေနဲ့ ကြည့်ရင် သဘာဝဓာတ်ငွေ့ အရည်ရောင်းလိုအား ပမာဏက အလျှံပယ်ပါ။ သို့ပေမယ့် သူ့ရဲ့ဈေးနှုန်းကတော့ မြင့်တက်လာနိုင်ပါတယ်။ မြင့်တက်လာနိုင်တဲ့ပမာဏကလည်း အလွန်များတယ်လို့ ဆိုနိုင်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့   ရောင်းလိုအား ပမာဏအလျှံပယ်ရှိပြီး ဈေးနှုန်းကလည်း မတက်ဘူးဆိုတာက ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းကပါ။

သို့သော်လည်း ဒီသီတင်းပတ်ထဲမှာတော့ ကုန်ဈေးနှုန်းအပေါ်ကို သက်ရောက်စေနိုင်တဲ့ ဈေးကွက်ရဲ့ အားနည်းချက်တစ်ခု အထူးသဖြင့် ဥရောပဈေးကွက်ရဲ့ အားနည်းချက် တစ်ခုကတော့   ထင်ထင်ရှားရှားကြီးကို ပေါ်လာတာတွေ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ   ဥရောပမှာရှိတဲ့ စံပြုဈေးနှုန်းတွေကလည်း ချက်ချင်းဆိုသလို ခုန်တက်သွားပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းရင်းကတော့ ဟူသီတို့က ပင်လယ်နီအတွင်းမှာ ကုန်တင်သင်္ဘော တစ်စင်းကို စီးနင်းသိမ်းပိုက် လိုက်တယ်ဆိုတဲ့ သတင်းထွက်လာခြင်းကြောင့် ဖြစ်ပါတယ်။

အဲဒီကုန်တင်သင်္ဘောဟာ အစ္စရေးတို့နဲ့ ဆက်စပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် ဒီအချက်ဟာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲက တင်းမာမှုတွေပိုများသွားပြီလို့     အများရဲ့အမြင်မှာ ထင်ယောင်မိစေပါတယ်။

အစ္စရေးကတော့ ဒီလုပ်ရပ်ဟာ အီရန်တို့ရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး အပြစ်တင် စွပ်စွဲထားပေမယ့် အီရန်တို့ကတော့ ဒီကိစ္စမှာ သူတို့ရဲ့ပါဝင်ပတ်သက်မှု စိုးစဉ်းမျှမရှိဘူးလို့ဆိုထားပါတယ်။ ဒီတော့ နှစ်ဖက်စလုံးက ထုတ်ပြန်ချက်တွေ ထုတ်ပြန်တိုင်းမှာ လေသံမာမာတွေနဲ့ ပြောဆိုလာကြတဲ့အထိ ဖြစ်လာပါပြီ။

ဟူသီတို့က    အစ္စရေးတို့ရဲ့ကုန်တင်သင်္ဘောကို စီးနင်း သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းလည်းထွက်ပြီးရော ဥရောပဒေသမှာ ဓာတ်ငွေ့ဈေးနှုန်းက ၃ ရာခိုင်နှုန်းခုန်တက်သွားပါတယ်။

ဒါပေမဲ့ အမေရိကန်ဈေးကွက်မှာတော့ ဓာတ်ငွေ့ဈေးနှုန်းက အနည်းငယ် ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒါဟာ ဘာကိုဖော်ပြနေလဲဆိုရင် လူသုံးကုန်ပစ္စည်းတွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့ အခြေအနေနဲ့ ကိုယ်တိုင်မထုတ်နိုင်ဘဲ သွင်းကုန်အပေါ်မှာသာ မှီခိုနေရတဲ့ အခြေအနေနှစ်ရပ်ကြားက ကွာဟမှုကို သိသာထင်ရှားစေပါတယ်။

ဓာတ်ငွေ့လုပ်ငန်းကဏ္ဍမှာရှိတဲ့  တချို့လူတွေကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ပထဝီနိုင်ငံရေး အခြေအနေတင်းမာမှု မြင့်တက်လာပေမယ့်လည်း သဘာဝဓာတ်ငွေ့ အရည်ဈေးနှုန်းဟာ အများကြီးမတက်နိုင်ပါဘူးလို့ S&P Global  ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

တချို့ကုန်သည်တွေကကျတော့ သဘာဝဓာတ်ငွေ့ အရည်ဈေးနှုန်းအပေါ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုသတင်းတွေရဲ့ အကန့်အသတ်ရှိတဲ့ သက်ရောက်မှုကြောင့်သာ ရောင်းလိုအားအပေါ် ထိခိုက်စေနိုင်တယ်လို့ ထောက်ပြထားကြပါတယ်။

ဒါပေမဲ့ တခြားသူတွေ ထောက်ပြထားတာကျတော့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ သတင်းများက လူသုံးကုန်ပစ္စည်း အမျိုးမျိုးအတွက် တော်တော်လေး အရေးကြီးတယ်လို့ ဆိုပါတယ်။

အကြောင်းရင်းက ပနားမားတူးမြောင်းကနေ တစ်ဆင့်  ပယ်လယ်ရေကြောင်း ကုန်သွယ်မှုဟာ  အကန့်အသတ်များစွာ ရှိသလို စူးအက်တူးမြောင်းကနေ တစ်ဆင့် သွားလာမှုကလည်း အစ္စရေး-ဟားမတ် စစ်ပွဲကြောင့် အရင်ကထက်ပိုပြီး အန္တရာယ်များလွန်းနေတဲ့ အတွက်ပါပဲ။

ပနားမားတူးမြောင်း အခြေအနေကိုကြည့်ရင် ကာလရှည်ကြာ မိုးခေါင်ရေရှားမှုကြောင့်   လိုအပ်တဲ့ ရေစူးမရှိတော့ဘဲ ရေလျော့နည်းလာပြီ ဖြစ်တဲ့အတွက် အဲဒီကနေဖြတ်သန်း သွားချင်တဲ့    ကုန်တင်သင်္ဘောများ အားလုံးက ဖြတ်သန်းခကို ပိုမိုပေးဆောင်နေရတာကို တွေ့ရမှာဖြစ်ပါတယ်။

အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့အရည်တင် သင်္ဘောများအားလုံးက  အဲဒီလမ်းကြောင်းကနေ မဖြတ်ပေမယ့် အာရှဒေသကိုသွားမယ့် သင်္ဘောများကတော့   အဲဒီတူးမြောင်းကနေ  မဖြစ်မနေ ဖြတ်ကြရပါတယ်။

တချို့ကုန်သည်များကျတော့လည်း ပနားမားတူးမြောင်းကနေ သင်္ဘောများကို မဖြတ်သန်းလိုတော့ဘဲ စူးအက်တူးမြောင်းကနေ ဖြတ်သန်းလိုကြပါတယ်။

ဒါပေမဲ့   အထက်မှာပြောခဲ့တဲ့အတိုင်း ဟူသီသူပုန်များက ကုန်တင်သင်္ဘော တစ်စင်းကို စီးနင်းသိမ်းပိုက်မှုဟာ     စူးအက်တူးမြောင်းကနေ ဖြတ်သန်းလိုတဲ့ ကုန်သည်များကို ထိတ်လန့်သွားစေပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ အာရှဒေသမှာရှိတဲ့ သဘာဝဓာတ်ငွေ့အရည် ဝယ်ယူသူများက အမေရိကန်မှ ဓာတ်ငွေ့များကို သယ်ဆောင်ဖို့အတွက် တခြားလမ်းကြောင်းတစ်ခုကို ရှာဖွေနေကြပါတယ်။

ဒီနေရာမှာ မြောက်အမေရိကနဲ့ တောင်အမေရိကကြားမှာရှိတဲ့ ရေလမ်းကြောင်းအတွင်း သွားလာမှု အကန့်အသတ်ရှိနေတဲ့ အခြေအနေက အချိန်တိုအတွင်း ဖြေရှင်းလို့ ပြီးနိုင်ဖွယ်မရှိတာကို တွေ့ရပါတယ်။

ဒါကြောင့်ပဲ သဘာဝဓာတ်ငွေ့အရည်က သဘာဝအားဖြင့်  အလျှံပယ်ရှိသော်ငြားလည်း ကုန်တင်ခတွေကတော့ အင်မတန်မှကို ကြီးမြင့်လာရတာပါ။

ရောင်းလိုအားအနေနဲ့ ပြောရမယ်ဆိုရင် လက်ထဲမှာ ရောင်းချပေးနိုင်တဲ့ ဓာတ်ငွေ့ပမာဏ အမြောက်အမြားရှိနေပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တုန်းက  Freeport ကုမ္ပဏီရဲ့ ဓာတ်ငွေ့ပြတ်လပ်မှု   ဥပမာကိုကြည့်ရင် သင်ခန်းစာယူနိုင်မှာပါ။

အဲဒီအချိန်တုန်းက Freeport  ကုမ္ပဏီမှာ ဓာတ်ငွေ့အမြောက်အမြား ရှိနေပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေအရပ်ရပ်နဲ့ အတူ   ဈေးတွေပါ တက်ကုန်တဲ့အတွက် ပစ္စည်းပြတ်လပ်တဲ့ အထိကို ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက  Freeport LNG ကုမ္ပဏီမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ကျန်တဲ့ တစ်နှစ်လုံးကို ကုမ္ပဏီပိတ်ထားခဲ့ရတာဟာ အခုဒီနှစ် ဖေဖော်ဝါရီလမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ပေါက်ကွဲမှု မဖြစ်ခင်တုန်းက  Freeport LNG ကုမ္ပဏီဟာ ဥရောပရဲ့ ဓာတ်ငွေ့တင်ပို့မှု စုစုပေါင်းအနက်  ၁၀ ပုံ ၁ ပုံကို ပိုင်ဆိုင်ခဲ့တာပါ။

အဲဒီလို  ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ ဥရောပမှာ နွေရာသီကာလမှာတောင်မှ ဓာတ်ငွေ့ဈေးနှုန်းတွေက   မြင့်တက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဆောင်းရာသီကြောင့် အပူချိန်တွေ ကျဆင်းလာပြီဖြစ်သလို ဥရောပမှာလည်း ဓာတ်ငွေ့ဈေးနှုန်းများက များစွာမြင့်တက်လာနိုင်ပါတယ်။

အထက်မှာပြောခဲ့သလိုပဲ ဥရောပက ဓာတ်ငွေ့ပမာဏကို လုံလောက်စွာ သိုလှောင်ထားနိုင်ပေမယ့်  အခုအချိန်မှာ အဲဒီ သိုလှောင်ကန်တွေထဲကနေ  ဓာတ်ငွေ့တွေ စတင်ထုတ်ယူနေပြီဖြစ်သလို ဝယ်လိုအားကလည်း မြင့်တက်လာနေပါပြီ။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ကြည့်ရင် ဓာတ်ငွေ့ဈေးနှုန်းများဟာ ဆိုးဆိုးဝါးဝါးကြီး တက်သွားနိုင်တယ်လို့ မယူဆနိုင်ပေမယ့်လည်း ပင်လယ်ရေလမ်းကြောင်း ကုန်သွယ်မှုမှာရှိတဲ့ စိန်ခေါ်မှုများနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှု အခြေအနေများကြောင့် ဓာတ်ငွေ့ဈေးကွက် အခြေအနေဟာ ကျွမ်းထိုးမှောက်ခုံဖြစ်သွားနိုင်တယ် ဆိုတာကိုတော့ မဖြစ်မနေထည့်တွက် ထားရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြောရမယ်ဆိုရင် ဥရောပဒေသအတွက်က ဓာတ်ငွေ့ဈေးနှုန်းများဟာ အခုလိုဆောင်းတွင်း ကာလမှာ မဖြစ်မနေ တက်လာနိုင်ပြီး အာရှဒေသနဲ့ တခြားဒေသတွေ အနေနဲ့ကလည်း မမျှော်လင့်ထားတဲ့ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက် လာနိုင်ခြေကို ကြိုတင်မြော်တွေး ထားသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။     ။