ကစားသမားရောင်းချရာတွင် တရားမဝင် အေးဂျင့်နှင့် ဆက်သွယ်ခဲ့သည့်အတွက် စပါးအသင်း ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေ
စပါးအသင်းအနေဖြင့် ကစားသမား ရောင်းချရာတွင် တရားမဝင်အေးဂျင့်နှင့် ဆက်သွယ်ခဲ့သည့်အတွက် ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်း သိရသည်။
စပါးအသင်းသည် ၂၀၀၈ ခုနှစ်က ဒီဖိုးကို ပို့စ်မောက်အသင်းထံ တစ်ရာသီ အငှားစာချုပ်ဖြင့် စေလွှတ်ရာတွင် တရားမဝင် အေးဂျင့်နှင့်ဆက်သွယ်ပြီး အပြောင်းအရွှေ့ပြုလုပ်ခဲ့သည်ဟု သတင်းထွက်ပေါ်ပြီးနောက် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က စွဲချက်တင်ပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
အသက် ၄၂ နှစ်အရွယ်ရှိ ဒီဖိုးသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝက စပါးအသင်းနှင့်အတူ ဘောလုံးရာသီ ၁၀ ရာသီအထိ ကစားပြီး အသင်းနှင့် ပြိုင်ပွဲစုံ ၃၆၃ ပွဲအထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၁၄၂ ဂိုးအထိ သွင်းယူထားပြီး အသင်းဂန္ထဝင် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်သည် နောက်ပိုင်းနှစ်များတွင် တင်းကျပ်သည့် စည်းကမ်းများဖြင့် ငွေကြေးသုံးစွဲမှုအပိုင်း၊ တရားမဝင် အပြောင်းအရွှေ့များကိုပါ အသေးစိတ် စုံစမ်းမှုများပြုလုပ်နေပြီး အဲဗာတန်အသင်းကို ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ကာ ယခုအခါတွင်လည်း စပါးအသင်းကို တရားမဝင် အေးဂျင့်ဖြစ်သူနှင့် ဆက်သွယ်ခဲ့သည်ဟု စွဲချက်တင်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်သည် စပါးအသင်းက ဒီဖိုးအား ပို့စ်မောက်အသင်းထံ အငှားစာချုပ်ဖြင့် စေလွှတ်ခဲ့သည့်ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက ရမှတ်လျှော့ပြစ်ဒဏ် ချမှတ် ခံရဖွယ်ရှိနေသည်။
စပါးအသင်းဖြစ်စဉ်ကဲ့သို့ ၂၀၀၈ ခုနှစ်ကပင် လူတန်တောင်း အသင်းသည် ကစားသမား အပြောင်းအရွှေ့ ပြုလုပ်ရာတွင် တရားမဝင်အေးဂျင့်နှင့် ဆက်သွယ် ခဲ့သည့်အတွက် ရမှတ် ၁၀ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရဖူးကြောင်း သိရသည်။