တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်

 

    မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ ကျူးကျော်မှု၊ ကျွန်ပြုမှုကို ခံခဲ့ကြရပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးများ နိမ့်ကျခဲ့ကြရပါသည်။ နယ်ချဲ့တို့သည် မတတ်သာ၍ လက်လွှတ်ပေးလိုက်ရသော်လည်း မြန်မာတို့၏ စိတ်ထားနူးညံ့ပြီး ယုံကြည်လွယ်မှုကို အသုံးချကာ မြန်မာကိုမြန်မာအချင်းချင်း အထင်အမြင်သေးစေရန်၊ စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်  ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြပါသည်။ လွတ်လပ်ရေး ရပြီးနောက်တွင်လည်း ခေတ်သစ်နယ်ချဲ့ လက်ပါးစေများ၏ တိုက်ခိုက်အပုပ်ချမှုများဖြင့် နိုင်ငံသားအချင်းချင်း အမြင်မကြည်လင်မှုများ ဖြစ်လာအောင်လည်း ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်။

ကြမ်းတမ်းသော နိုင်ငံ၏ လွတ်လပ်ရေး ခရီးလမ်း ဖြတ်သန်းမှုများကို လေ့လာကြည့်လျှင် မြန်မာ့မျိုးချစ် တပ်မတော်၏ အခန်းကဏ္ဍကို လေးစားဦးညွှတ်ဖွယ်ရာ မြင်တွေ့ရပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အသက်ကို ပေးလှူမည်ဟူသော မဆုတ်မနစ်သည့် အဓိဋ္ဌာန်ဖြင့် လူငယ်လူရွယ်တိုင်း မြန်မာ့တပ်မတော်သို့ ဝင်ရောက်ခဲ့ကြသည်။ နယ်ချဲ့ကိုတိုက်ထုတ်ရာတွင် အသက်စွန့်ရနိုင်သည်ကို သိသည်။ ရာထူး၊ အာဏာနှင့် ငွေကြေးစသည်တို့ကို မျှော်လင့်ထားခြင်းလည်းမရှိ။ ကျွန်ဘဝတွင် နေရသည်ထက် လွတ်လပ်ရေးအတွက် လိုအပ်လျှင် အသက်စွန့်မည်ဟု ခိုင်မာသော သန္နိဋ္ဌာန်ကိုချ၍ တိုက်ပွဲဝင်ခဲ့ကြသည်။ တစ်မျိုးသားလုံး၏ ခိုင်မာညီညွတ်သော လွတ်လပ်ရေးရလိုသည့် စိတ်ထားနှင့် မြန်မာ့တပ်မတော်အပေါ် ထောက်ခံယုံကြည်မှုတို့ကြောင့် လုံးဝလွတ်လပ်ရေးကို ရရှိခဲ့ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားကာကွယ်ရေး စွမ်းအားမြှင့်တင်နိုင်မှ တိုင်းပြည်အင်အား ရှိမည်ဟူသော  မွန်မြတ်သည့် စိတ်ထားကို တိုင်းရင်းသားပြည်သူတိုင်း ခံယူသိရှိနေစေရန် ရည်ရွယ်ချက်ဖြင့် “ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်”  ဟူသော သီချင်းခေါင်းစဉ်ကို ကိုယ်တိုင်ရွေးချယ်ပြီး  သီချင်းတွင် ပါဝင်ရမည့် တေးစာသားများကို ရေးသား၍ မျိုးချစ်ဂီတစာဆိုဆရာရွှေတိုင်ညွန့်ထံ  ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)ကို စေလွှတ်ကာ ရေးစပ်စေခဲ့ပါသည်။

ထိုအချိန် ဆရာရွှေတိုင်ညွ့န်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့်ကြားကပင် ဗိုလ်ချုပ်လိုချင်သည့် တေးစာသားများကို ရေးစပ်ပြီး အသံထည့်လိုက်သောအခါ အမျိုးသား ကာကွယ်ရေးဆိုင်ရာ ဂန္ထဝင်တေးတစ်ပုဒ် အဖြစ် ယခုတိုင် ရှင်သန်ကျော်ကြားလျက် ရှိပါသည်။

နောင်တွင်လည်း ဆက်လက်ရှင်သန်နေမည်သာ ဖြစ်သည်။ ဗိုလ်ချုပ်သည် တိုင်းပြည်အင်အား တောင့်တင်းစေရန် တပ်မတော်အင်အားရှိဖို့ လိုအပ်ကြောင်း အမြော်အမြင်ကြီးစွာ မီးမောင်း ထိုးပြသခဲ့သူဖြစ်ပါသည်။

အရွယ်ရောက်သူတိုင်း   နိုင်ငံတော်အတွက် စစ်မှုထမ်းဆောင်ရေးနှင့် စပ်လျဉ်း၍ ၁၉၄၇ ခုနှစ် ဧပြီလ ၅ ရက်နေ့ ည ၆ နာရီ ၃၃ မိနစ်တွင် အသံလွှင့်မိန့်ခွန်း ပြောကြားခဲ့ရာတွင်လည်း ဗိုလ်ချုပ်က “ မြန်မာပြည်လွတ်လပ်ရေး ရတဲ့အခါမှာ မြန်မာပြည်ကို ကာကွယ်ဖို့ မြန်မာတွေရဲ့ အဓိကတာဝန်ဖြစ်လာတယ်။ ဟိုတုန်းကလို အေးအေးဆေးဆေး မဖြစ်တော့ဘူး။

တိုင်းပြည်ကာကွယ်ဖို့ စစ်သားတွေ လိုလာမယ်။ အဲဒီအခါ မြန်မာတိုင်း၊ အရွယ်ရောက်သူတိုင်း၊ ကျန်းမာရေးနှင့် ပြည့်စုံသူတိုင်း စစ်မှုထမ်းဖို့ လုပ်ရမယ်။  ခင်ဗျားတို့ တိုက်ချင်တိုက် မတိုက်ချင်လည်း တိုက်ရမယ်။ ဒါမှ လွတ်လပ်ရေး တာဝန်ကျေမယ်” ဟု  မိန့်ကြားခဲ့ပြီး ထိုမိန့်မှာချက်မှာ အမျိုးသား ကာကွယ်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန် တစ်ရပ်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။

အလားတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး(၅/၂၀၂၁)တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဉ်း၍ “တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်ကစ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေရေး အတွက် ဝင်ရောက်ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် မိမိတို့ထက် လူဦးရေများပြားသည့် နိုင်ငံများအကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တိုင်းပြည် တည်တည်ငြိမ်ငြိမ်ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည့် နိုင်ငံသားတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပုဒ်မ (၃၈၆) အရ စစ်ပညာသင်ကြားရန်နှင့်  စစ်မှုထမ်းရန် တာဝန်ရှိကြောင်း”  စသဖြင့် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈)၊ နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းကဏ္ဍ ပုဒ်မ (၃၈၆)တွင် - “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသော ပြဋ္ဌာန်းချက်မှာလည်း လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်း မွေးရာပါအမျိုးသား ကာကွယ်ရေး တာဝန်ရှိနေခြင်းကို ရည်ညွှန်းပြဋ္ဌာန်း ထားခြင်းပင်ဖြစ်ပါသည်။

မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံသားများအကြား ခေတ်သစ်နယ်ချဲ့တို့၏ ရည်ရွယ်ချက်ရှိရှိ သွေးခွဲသပ်လျှိုမှုများ လုပ်ဆောင်လာသည်ကို အကဲခတ်မိကြမည်ထင်ပါသည်။ လက်ရှိတွင် သဘာဝဘေးဒဏ်များဖြစ်သည့် ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ရလျှင် ချက်ချင်းအရောက်လာပြီး အင်တိုက်အားတိုက် ကူညီသူများမှာ တပ်မတော်သားများ ဖြစ်ပါသည်။ မူလတာဝန်များကို ကျေပွန်ရုံသာမက အများပြည်သူ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို မေတ္တာအပြည့်ဖြင့် ဆောင်ရွက်နေကြသည်ကိုလည်း အားတက်ဖွယ် မြင်တွေ့နေရပါသည်။

ရခိုင်ပြည်နယ် မိုခါမုန်တိုင်း အလွန်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အရောက်သွား၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်နိုင်စေရေး စီမံဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရပါသည်။ တစ်နိုင်ငံလုံးမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာတွင်လည်း တပ်မတော်သားများ၏ စွမ်းဆောင်မှုများက ထင်ရှားလှပါသည်။

ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ဝင် များ၏ မေတ္တာရှေ့ထား ဆောင်ရွက်နေမှုများကို နေ့စဉ် သတင်းတွင်ကြည့်ရှုမြင်တွေ့ရပါသည်။  နောက်ထပ် စေတနာ ဆရာဝန်ပေါင်းများစွာ တပ်မတော်တွင် ရှိနေသေးကြောင်းလည်း ပြောပြချင်မိပါသည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိပါသည်။နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှ ကမ္ဘာ့အလယ် ဝင့်ထည်နိုင်မည်ဖြစ်ပါသည်။  နိုင်ငံ့ရန်စွယ် ကာကွယ်ရေးတာဝန်ကို  ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နေကြသော မြန်မာ့တပ်မတော်ကြီး အင်အားတောင့်တင်းခိုင်မာနေစေရန်လည်း အထူးသဖြင့် အရေးကြီးပါသည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အားကြိုးမာန်တက် ထမ်းဆောင်နေကြသော မြန်မာ့တပ်မတော်သားများ စိတ်ဓာတ်ခွန်အား ရရှိစေရန် တိုင်းသူပြည်သားများ၏ ပံ့ပိုးလှူဒါန်းခြင်းသည် နှစ်ထောင်းအားရဖွယ်ရာ လုပ်ဆောင်မှုဖြစ်ပါသည်။ အသက်စွန့် တာဝန်ထမ်းဆောင်နေကြသူများ အတွက် “ငွေအားနဲ့လူအားနဲ့” လူအားနဲ့ငွေအားနဲ့ အရာရာမှာကူညီ”  ဟူသော သီချင်းစာသားကဲ့သို့ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသင့်ပါသည်။

ငွေအားလူအားဖြင့် မကူညီနိုင်လျှင်လည်း နှုတ်အားဖြင့် ထောက်ခံအားပေးကြောင်း ပြသရပါမည်။ ပြစ်တင်ကဲ့ရဲ့စကားများက အားပျက်စေသော်လည်း အားပေးချစ်ခင် ဂုဏ်ပြုစကားများသည် တာဝန်ထမ်းဆောင်နေသူများကို တက်ကြွရွှင်လန်းစေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ “ဇမ္ဗူဒီပါတောင်ကျွန်း သြဘာနိမိတ်ထွန်း”ဟူသော စကားရှိပါသည်။ မကောင်းသော အပြုအမူများကို အမြဲတစေပြုလုပ်ပါက မကောင်းသောအရာများ ရလာမည်ဖြစ်ပါသည်။ သောင်းကျန်း သူကို တစ်ဖက်မှ မြှောက်ပေးနေခြင်းသည် နိုင်ငံပျက်စီးရန် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ မြို့ကြီးပြကြီးပေါ်မှာနေ၍ သောင်းကျန်းသူများ၏ လက်နက်အားကိုး ရက်စက်ယုတ်မာမှုကို မသိနားမလည်ဘဲ ထောက်ခံနေသူများ ကိုလည်း ရှုတ်ချပါသည်။

မြန်မာ့တပ်မတော်သားများသည် နိုင်ငံတော်လွတ်လပ်ရေးအတွက် အားထုတ်ကြိုးပမ်း ခဲ့သူများ၊ ကြုံတွေ့ခဲ့သမျှ နိုင်ငံ့ရန်စွယ်များကို ဖယ်ရှားခဲ့သူများ၊ လွတ်လပ်ရေး တည်တံ့အောင် ကာကွယ်စောင့်ရှောက်နေသူများ၊ ပြည်သူလူထု၏ ဆင်းရဲဒုက္ခမှန်သမျှကို မျှဝေခံစားခဲ့သူများ၊ အမျိုးသား အကျိုးစီးပွားကို ဆက်လက် စောင့်ရှောက်နေသူများဖြစ်သောကြောင့် ဆောင်ရွက်ချက် မှန်သမျှအတွက် လှိုက်လှဲဝမ်းသာ ဂုဏ်ယူလျက်ရှိပါကြောင်း ဤနေရာမှ တင်ပြအပ်ပါသည်။

နိုင်ငံ့အင်အားကြီးမားခိုင်မာ တောင့်တင်းစေရန် တပ်မတော်အင်အားရှိစေဖို့ အထူးလိုအပ်ပါသည်။

ပြည်သူတစ်ဦးအနေနှင့် မြန်မာမျိုးချစ်တပ်မတော်ကို ထာဝစဉ်အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားလိုပါသည်။ အမှန်စင်စစ် တပ်မတော်သားများသည် ပြည်သူကြားမှပေါက်ဖွားလာသော ပြည်သူ့သားများပင် ဖြစ်ပါသည်။ “ကြိုးကြိုးစားစား တို့အမျိုးသားစစ်သည် ဇွဲသတ္တိညီ ထူးထူးခြားခြား ခွန်အားစွမ်းပြမည် ရဲဘော်ဇာနည်” ဟူသော သီချင်း စာသားများကဲ့သို့ ဇွဲသတ္တိအပြည့်ဖြင့် ခွန်အားစွမ်းပကားများ ပြသ၍ တိုင်းပြည်ရန်စွယ်များကို ဖယ်ရှားပေးပါရန်လည်း အထူးမေတ္တာရပ်ခံလိုပါသည်။

“လာစမ်းဟဲ့ မေ့သား

အမယ်မင်းထွားလိုက်တာ

စစ်သားကြီးလုံးလုံးဗိုလ်မှူးကြီးရှုံးလောက်ရဲ့

ပခုံးနဲ့ လက်ပြင်၊ ကြောခြင်ကသံချောင်း

တစ်နှစ်အတွင်းမှာ၊ ချက်ချင်းပဲပြောင်းရော့

ကောင်းလိုက်ပေ့မေ့သား

ဤဇမ္ဗူ၊ တစ်လူရှားလောက်ရဲ့

မယ်ဘွားမှာလေ

ပန်းသပြေနှင့်၊ ညောင်ရေသွန်းလောင်း

ပြည်ကြီးရှင် အနိုင်ရလို့

ငါ့သားလှ ပြန်လာကြောင်းကို

နေ့တိုင်းပဲတောင်းရတယ်”ဟု ဖွဲ့ဆိုခဲ့သည့် ဆရာဇော်ဂျီရဲ့ ရှေးခေတ်ပုဂံပြည်ကဗျာကဲ့သို့ ပြည်ချစ်သားမွန်များကို ဆုတောင်းမေတ္တာ ပို့သလျက်ရှိပြီး အောင်ပွဲနှင့်ပြန်အလာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုလျက်ရှိပါကြောင်း    သားကောင်းစစ်သည် ဇာနည်ဘွား အပေါင်းတို့အား မေတ္တာစကား ပါးလိုက်ရပါသည်။   ။

သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)