အမေရိကန်ရဲ့အသံတိတ် စစ်ရေယာဉ်စုများကို ခြိမ်းခြောက်လာနေတဲ့ တရုတ်ရဲ့ရေငုပ်သင်္ဘော အသစ်များနဲ့ ဆိုနာများ

အမေရိကန်ရဲ့အသံတိတ် စစ်ရေယာဉ်စုများကို ခြိမ်းခြောက်လာနေတဲ့ တရုတ်ရဲ့ရေငုပ်သင်္ဘော အသစ်များနဲ့ ဆိုနာများ

 

    ၂၀၂၁ ခုနှစ်  နှောင်းပိုင်းကာလမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဟာ   စစ်သင်္ဘောပိုင်ဆိုင်မှုမှာ အမေရိကန်ရေတပ်ထက် အရေအတွက်အားဖြင့် ကျော်လွန်သွားပါပြီ။

နည်းပညာပိုင်းအရဆိုရင်လည်း တရုတ်နိုင်ငံဟာ သိသာထင်ရှားလှတဲ့ တိုးတက်မှုများစွာကို ရရှိထားတာတွေ့ရမှာပါ။ အဲဒီလို တိုးတက်မှုတွေထဲမှာ   ရေငုပ်သင်္ဘော တည်ဆောက်ရေးနဲ့ ထောက်လှမ်းရေး စွမ်းရည်များလည်း ပါဝင်ပါတယ်။

တရုတ်ရဲ့အခုလို တိုးတက်မှုတွေကြောင့် လေ့လာသူတွေဆီကနေ စိုးရိမ်စကားတွေ ထွက်ပေါ်လာစေပါတယ်။ အဲဒါကတော့ အမေရိကန်ရဲ့  တိုက်စွမ်းအား ပြင်းထန်လှပါတယ်ဆိုတဲ့ စစ်ရေယာဉ်စုများဟာ အရေးအခင်းဖြစ်တဲ့အခါ  ရေထဲမှာပဲငြိမ်သက်စွာ  ကျန်နေခဲ့နိုင်တယ်ဆိုတဲ့ အကြောင်းပါပဲ။

ရေငုပ်သင်္ဘော တည်ဆောက်ရေးနဲ့ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးနယ်ပယ်တွေမှာ  တရုတ်ရေတပ်ရဲ့စစ်အင်အားနဲ့ နည်းပညာအင်အားဟာ အမေရိကန်ရေတပ်ရဲ့ တိုးတက်မှုကို အလှမ်းမီအောင် ခြေလှမ်းကျယ်များနဲ့   လိုက်လာခဲ့တာပါ။

အခုဆိုရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပေါ်  အမေရိကန်ရဲ့ ရေငုပ်သင်္ဘောနဲ့  လွှမ်းမိုးမှုခေတ်ဟာ  အဆုံးသတ် ဇာတ်သိမ်းခန်းကို  ရောက်လာပါပြီလို့ အမေရိကန်ရဲ့  ထိပ်တန်းစီးပွားရေး သတင်းစာဖြစ်တဲ့ The Wallstreet Jour-nal ကဖော်ပြထားတာပါ။

အဲဒီသတင်းစာက တရုတ်နိုင်ငံအနေနဲ့ ရေတပ်စစ်ဆင်ရေး အတွက် နည်းပညာပိုင်းနဲ့ ထုတ်လုပ်မှုပိုင်းမှာ တိုးတက်လာမှုတွေကို ဦးစားပေး ဖော်ပြထားတာ တွေ့ရပါတယ်။

ဘယ်လိုဖော်ပြထားလဲ ဆိုတော့ တရုတ်နိုင်ငံဟာ  ခက်ခဲရှုပ်ထွေးလှတဲ့ ရေငုပ်သင်္ဘော နည်းပညာနဲ့ ရေအောက်ရှာဖွေ ထောက်လှမ်းရေး နည်းပညာပိုင်းတွေမှာ သူကိုယ်တိုင်အပြင် အမေရိကန်နဲ့ကြားက ကွာဟချက်ကို နည်းသည်ထက်နည်းအောင်လျှောက်လှမ်းလာနေနိုင်ပါပြီ ဆိုပြီးဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အခုလိုမျိုးတိုးတက်မှုတွေဟာ  တရုတ်ရေတပ် သင်္ဘောတွေကို မိခင်ဆိပ်ကမ်းများမှာသာ ရပ်တန့်ထားစေဖို့အတွက် လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ ဒေသတွင်းမဟာဗျူဟာကို ခြိမ်းခြောက်နေရုံသာမကဘဲ ရေရှည်မှာလည်း အမေရိကန်ရဲ့ ရေတပ်အင်အား သာလွန်မှုအတွက် စိန်ခေါ်မှုတွေဖြစ်လာစေပါတယ်။

ဥပမာအားဖြင့်ဆိုရရင် ဒီနှစ်အစောပိုင်းတုန်းက အမေရိကန်ရေတပ် စစ်ကောလိပ်ရဲ့ တရုတ်ပင်လယ်ရေကြောင်း လေ့လာမှုဌာနက သုတေသနတစ်စောင် ထုတ်ပြန်ထားတာရှိပါတယ်။

အဲဒီထဲမှာ သူတို့ဖော်ပြထားတာကတော့ တရုတ်နိုင်ငံဟာ စွမ်းဆောင်ရည် ပြည့်ဝတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုများကို အဆင့်မြှင့်တင် ထုတ်လုပ်နိုင်နေပြီဖြစ်တဲ့အပြင် အသံလုံတဲ့တွန်းကန်အား စနစ်များနဲ့ အင်ဂျင်အတွင်းပိုင်းမှာ ဆိုရင်လည်း အသံလုံတဲ့ ပစ္စည်းများကို တီထွင်ဖန်တီး အသုံးပြုနေနိုင်ပြီလို့ ဆိုထားပါတယ်။

ဒီလိုမျိုးတွေ  တိုးတက်လာမှုကြောင့် နောင်တစ်ချိန်မှာ တရုတ်ရဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများကို အရင်ကထက်ပိုပြီး ထောက်လှမ်းရခက်လာတော့မယ်လို့ သူတို့က သုံးသပ်ထားကြပါတယ်။

နောက်တစ်ခုက လျောင်နင်ပြည်နယ်မှာ ရှိတဲ့  ဟူလူတောင် သင်္ဘောကျင်းကနေ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံများအရ အလွန်ကြီးမားလှတဲ့ ရေငုပ်သင်္ဘောကိုယ်ထည်တစ်ခု တည်ဆောက်နေမှုကို လေ့လာသူများက  တွေ့ရှိထားတာ ရှိပါတယ်။

အဲဒီရေငုပ်သင်္ဘောကိုယ်ထည်ဟာ အမေရိကန်သုတေသီတွေ မြင်ဖူးသမျှသော ရေငုပ်သင်္ဘောကိုယ်ထည်များထက်ပင် ကြီးမားနေပြီး   ထုတ်လုပ်မှု ပမာဏကိုလည်း တိုးမြှင့်နေတယ်လို့ ဓာတ်ပုံထဲမှာ တွေ့ရကြောင်း   သူတို့က ယူဆထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အမေရိကန်ရေတပ် ထောက်လှမ်းရေးဆီက ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကိုလည်း အမေရိကန်ရဲ့ စီးပွားရေး သတင်းစာမှာ ဖော်ပြထားပါသေးတယ်။

အဲဒါကတော့ တရုတ်နိုင်ငံရဲ့ သင်္ဘောတည်ဆောက်ရေး စွမ်းရည်တိုးတက်လာမှုပါ။ အမေရိကန်အနေနဲ့ တစ်နှစ်ကို သင်္ဘောတန်ချိန်  တစ်သိန်းအထိသာ ထုတ်လုပ်နိုင်ပေမယ့်  တရုတ်ကတော့ တန်ချိန် ၂၃ ဒသမ ၂ သန်းအထိ ထုတ်လုပ်နိုင်နေပြီလို့ ဆိုထားပါတယ်။   ဒါဟာ သင်္ဘောထုတ်လုပ်မှု အပိုင်းမှာကြည့်ရင် တရုတ်က   အမေရိကန်ထက်  အဆ ၂၀၀ ကျော်သာလွန်နေတာကို တွေ့ရပါတယ်။

နောက်တစ်ချက်က တရုတ်တို့အနေနဲ့ အမေရိကန်တို့ထက်  ကျော်လွန်လာတဲ့ နည်းပညာအကြောင်းပါ။ တရုတ်နိုင်ငံက ရေအောက် မဟာတံတိုင်းလို့   ခေါ်တဲ့ ကမ်းရိုးတန်းမှသည်  ပင်လယ်ပြင်အထိ ပါဝင်သော ရေအောက်ထောက်လှမ်းရေး ဆင်ဆာကွန်ရက်ကို   လျင်မြန်စွာ တည်ဆောက်လာနေပါတယ်။

အထူးသဖြင့်  အဲဒီစနစ်က  ရေငုပ်သင်္ဘောများ၊ ရေပေါ်သွားသင်္ဘောများ၊ ဝေဟင်အတွင်း လှုပ်ရှားမှုများကို ရှာဖွေစောင့်ကြည့်မှုများ လုပ်ဆောင်နိုင်စေဖို့ဖြစ်တာကြောင့် အမေရိကန်တို့အနေနဲ့ သူတို့ရဲ့စစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်များကို တရုတ်နိုင်ငံအနီးအနားမှာ တရုတ်မသိအောင် ဖြန့်ကြက်အသုံးပြုနိုင်ဖို့အတွက် နေရာရှားပါးလာမှာ ဖြစ်ပါတယ်။

အခုဆိုရင် တရုတ်ရဲ့ရေအောက်မဟာ တံတိုင်းစီမံကိန်းက ပြီးစီးလုနီးပါးဖြစ်နေပါပြီ။ အဲဒီစနစ်ထဲမှာ ရေအောက်ကင်း ထောက်မှုအတွက် ဆိုနာအမျိုးမျိုး၊ အဝေးထိန်းရေအောက်နဲ့  ရေပေါ်သွားဒရုန်း အမျိုးမျိုးလည်း ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ ပင်လယ်ပြင်မှာ တိတ်ဆိတ်စွာသွားလာနေတဲ့ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများနဲ့ အနိမ့်ပျံဒုံးကျည်တင် ရေငုပ်သင်္ဘောများကို ရှာဖွေရာမှာလည်း ကောင်းမွန်တဲ့ တိုးတက်မှုတွေ ပိုမိုရရှိလာနေတယ်လို့ သတင်းစာက ရေးသားထားပါသေးတယ်။

ဘယ်လိုနည်းလမ်းနဲ့ ရရှိတာလဲဆိုတော့ ပင်လယ်ပြင်အတွင်းမှာ ဖြန့်ကြက်ချထားတဲ့ ဗော်ယာများ၊  ဒရုန်းယာဉ်များရဲ့ စောင့်ကြည့်မှုစနစ်၊ ကင်းလှည့်လေယာဉ်များ၊  ရဟတ်ယာဉ်များရဲ့ ကင်းထောက်စွမ်းရည်တို့ကို  ပေါင်းစပ်အသုံးပြုခြင်း အားဖြင့်ရရှိတာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင်  အမေရိကန်အနေနဲ့ တရုတ်ရဲ့ ပင်လယ်ကမ်းရိုးတန်းအနားထိ တိုးကပ်လာနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီလိုလုပ်ဖို့ မလွယ်လောက်တော့ပါဘူး။

ဥပမာအားဖြင့်ပြောရရင်   တရုတ်(တိုင်ပေ)အရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားတယ် ဆိုပါစို့။   အမေရိကန် စစ်သင်္ဘောများအနေနဲ့ တရုတ်(တိုင်ပေ)ကို မရောက်နိုင်ခင်မှာပဲ တရုတ်ရဲ့နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး   ရေငုပ်သင်္ဘောများရဲ့  ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။

အမေရိကန်ဘက်က  စိုးရိမ်နေရတဲ့ တရုတ်ရဲ့ မဟာဗျူဟာတွေထဲမှာ အမေရိကန်ပြည်မကြီးအထိ ရောက်ရှိပစ်ခတ်နိုင် စွမ်းရှိတဲ့ ရေငုပ်သင်္ဘော အခြေပြုအမြင့်ပျံ ဒုံးကျည်ရဲ့ အန္တရာယ်ကလည်း ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

တရုတ်နိုင်ငံရဲ့ရေငုပ်သင်္ဘော ရေယာဉ်စုမှာ ရေငုပ်သင်္ဘောအစင်းရေ ၇၉ စင်းရှိပါတယ်။ အမေရိကန်မှာတော့ ၆၈ စင်းသာရှိပါတယ်။   တရုတ်ရဲ့ ရေငုပ်သင်္ဘော ၇၉ စင်းအနက် အနည်းဆုံး ၁၆ စင်းဟာ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးနဲ့ ပဲ့ထိန်းဒုံးကျည်တင် သင်္ဘောများဖြစ်ပါတယ်။

အဲဒီ ၁၆ စင်းထဲမှာမှ  Type 093 အမျိုးအစား    တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ခြောက်စင်းနဲ့ Type 094 အမျိုးအစား အမြင့်ပျံဒုံးကျည်တင်  ရေငုပ်သင်္ဘော ခြောက်စင်း ပါဝင်နေပါတယ်။ ဒီသင်္ဘောတွေဟာ   တောင်တရုတ်ပင်လယ်နဲ့ ဟိုင်နန်ကျွန်းကြားမှာ ကင်းလှည့်မှုတွေကို အဆက်မပြတ် နီးပါး လုပ်ဆောင်နေတာပါ။

လက်ရှိအချိန်မှာ အမေရိကန်ရေတပ်ရဲ့ ရေငုပ်သင်္ဘော တည်ဆောက်နိုင်မှု နှုန်းထားက တစ်နှစ်ကို တစ်စင်းမျှသာဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့  တည်ဆောက်နိုင်စွမ်းကတော့ တစ်နှစ်ကို သုံးစင်းမျှ တည်ဆောက်နိုင်နေတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ အခုလိုမျိုး ရေငုပ်သင်္ဘော တည်ဆောက်မှုမှာ နောက်ကျကျန်ခဲ့ရခြင်း အကြောင်းရင်းက စစ်အေး ကာလပြီးနောက် သူ့မှာရှိတဲ့လက်ကျန်ရေငုပ် သင်္ဘောများနဲ့သာ ကျေနပ်နေတော့မယ် ဆိုတဲ့   ဆုံးဖြတ် ချက်ကြောင့်ဖြစ်ပါတယ်။

အမေရိကန်ဟာ   ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ် အများဆုံးသုံးစွဲတဲ့နိုင်ငံပါ။ ဒါပေမဲ့လည်း သူ့ရဲ့စစ်အသုံးစရိတ်များကို အင်မတန်ကြီးမားတဲ့ စီမံကိန်းများအတွက် အသုံးပြုနေပေမယ့် ရလဒ်နဲ့ကုန်ကျစရိတ် ညီမျှမှုမရှိတဲ့စီမံကိန်းများ အတွက်သာ သုံးစွဲနေဖွယ်ရှိပါတယ်။

အခုဆိုရင် တရုတ်နိုင်ငံဟာ စစ်ရေယာဉ် ပိုင်ဆိုင်မှုမှာ အမေရိကန်ထက် သာလွန်နေတဲ့အပြင် ရေငုပ်သင်္ဘောပိုင်ဆိုင်မှုမှာလည်း  အမေရိကန်ထက် သာလွန်နေပါတယ်။

ဒါပေမဲ့ တရုတ်ရေတပ်ရဲ့ ရေငုပ်သင်္ဘော ရေယာဉ်စုများမှာ  ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများစွာပါ   ရှိနေပါသေးတယ်။ ဒီအတွက် တရုတ်အနေနဲ့ နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောများစွာကို ထပ်မံ ထုတ်လုပ်လာနိုင်ခြေရှိပါတယ်။

နောက်တစ်ချက်က တရုတ်ရဲ့အဆင့်မြင့် ရေငုပ်သင်္ဘောများဟာ ဒုတိယမျိုးဆက်အဖြစ် တည်ရှိနေတဲ့အတွက်  သူတို့ရဲ့ နည်းပညာ သာလွန်မှုကို   အသုံးချကာ တတိယမျိုးဆက် ရေငုပ်သင်္ဘောများကို တိုးတက်ထုတ်လုပ် လာနိုင်ဖွယ်ရှိတယ်လို့ မျှော်မှန်းရပါတယ်။

ဒါကြောင့် တရုတ်ရဲ့ရေငုပ်သင်္ဘော အသစ်များနဲ့ အာရုံခံထောက်လှမ်းနိုင်မယ့် ဆိုနာစနစ်များဟာ အမေရိကန်ရဲ့ အသံတိတ် ရေယာဉ်စုများကိုပါ ခြိမ်းခြောက်နိုင်တော့မှာ အမှန်ပဲဖြစ်ပါတယ်။   ။